Home သတင်း တနင်္သာရီတွင် စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ ၇ ဦးသေဆုံး

တနင်္သာရီတွင် စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ ၇ ဦးသေဆုံး

696
Photo: Myeik pdf

မေ၂၇၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီ မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၇)ဦးထက်မနည်း သေဆုံးသွား သည်ဟု မြိတ်ခရိုင်၊ တပ်ရင်း(၂)က မေ ၂၆ ရက်နေ့တွင် ထုတ်ပြန် ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ တမုတ်ချုံကျေးရွာအတွင်းသို့ ပြီးခဲ့သည့် မေ၂၃ ရက်နေ့တွင် အင်အား ၆၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် များမှ လေးကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု မြိတ်ခရိုင် အမှတ်(၂)တပ်ရင်း၊ ပြောခွင့် ရှိသူတစ်ဦးက ယခုလို ပြောသည်။

“အခုလက်ရှိမှာတော့ စစ်ကြောင်းက ရွာထဲကနေရာတွေမှာ တပ်စွဲပြီး ကင်းပုန်းဝပ် နေထိုင်နေတာတွေ ရှိတယ်။ ထိတွေ့တိုက်ပွဲတွေကတော့ မကြာခဏ ဖြစ်ပွားနေပါတယ်။ ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေပါတယ်” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။

ယခုလိုစစ်ကောင်စီမှ ကျေးရွာအတွင်း တပ်စွဲနေထိုင်နေပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲများကြောင့် လယ်တောင်ယာ ကျေးရွာနှင့် တမုတ်ချုံကျေးရွာတို့မှ ဒေသခံများ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင် ကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုလောလောဆယ်မှာ သူတို့က ဒီရွာရဲ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့အတွက် ရွာသားတော်တော်များများ ဘေးလွှတ် တဲ့ နေရာတွေကို ရှောင်နေရတာ ရှိတယ်။ ပြီးတော့ စစ်ရှောင်ရတဲ့နေရာတွေကို လက်လှမ်းမမှီတဲ့ အခြေနေတွေ လည်း ရှိနေတော့ အရေအတွက်ကိုသိဖို့တော့ အခက်အခဲရှိနေပါသေးတယ်” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း နှစ်ဖက်တိုက်ပွဲများတစ်လထက် တစ်လပြင်းထန်စွာ ဖြစ်ပွားလာသောကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ဒေသခံစုစုပေါင်း ခုနှစ်သောင်းနီးပါးအထိ ရှိနေပြီး စစ်ဘေးရှောင်အများစုမှာ နီးစပ်ရာခြံ၊ ဥယျာဉ်၊ တောတောင်များထဲတွင် တိမ်းရှောင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၈ ရက်နေ့တွင် တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာမှတစ်ဆင့် ချောင်းနှစ်ပေါက်ကျေးရွာသို့ ဝင်ရောက် လာသည့် စစ်ကောင်စီစစ်ကားကို ဒေသအခြေစိုက်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။