Home သတင်း ကော့ကရိတ် စကခ-၁၂ နှင့် တပ်ရင်းများသို့ စစ်ကောင်စီ လေထီးဖြင့် ရိက္ခာ၊ လက်နက်ပို့

ကော့ကရိတ် စကခ-၁၂ နှင့် တပ်ရင်းများသို့ စစ်ကောင်စီ လေထီးဖြင့် ရိက္ခာ၊ လက်နက်ပို့

615
Photo: CJ

မေ ၂၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကောကရိတ်မြို့နယ်ရှိ စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၂)နှင့် ခြေလျင်တပ်ရင်း (ခလရ-၁၂)၊ အမြောက်တပ် တို့ကို လေကြောင်းမှ လေထီးဖြင့် ရိက္ခာ၊ လက်နက်ခဲယမ်းထုပ်များ မေ ၂၆ ရက်၊ နေ့လည်ပိုင်းတွင် ပို့ဆောင်ပေးနေသည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ ရိက္ခာပို့လေယာဉ်ဖြင့် မေ ၂၆ ရက်နေ့လည်ပိုင်းတွင် ၂ နာရီခန့် ဝဲပျံပြီးနောက် ယခုလို လေထီးဖြင့် ရိက္ခာ၊ လက်နက်၊ ခဲယမ်းထုတ်များ ချပေးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ယခုလို ပြောသည်။

“မနက် ပိုင်းကတည်းက စကခ ၁၂ က ရွာတွေ ကို လက်နက်ကြီးပစ်တယ်။ နောက်ပြီး လေယာဉ်နဲ့ နေ့လည် ၁၂ နာရီကျော်ချိန်မှာ Y12 ဗုံးကြဲ လေယာဉ်ထက် ကြီးတယ် စကခ- ၁၂ တပ်ဝင်းဘက်၊ ခလရ-၂၃၀ တပ်၊ အမြောက် တပ်ဘက်ကို လေထီးထုပ်တွေ ချတာအများကြီးပဲ။ ပတ်ပျံ လိုက်ချ လိုက်ပဲ နှစ် နာရီနီးပါး ကြာတယ်” ဟု ၎င်းက ပြောသည်။

ယခုလို ရိက္ခာနှင့် လက်နက်၊ ခဲယမ်းများ လေထီးဖြင့် ပို့ဆောင်ပြီးနောက် အဆိုပါလေယာဉ်သည် မော်လမြိုင်မြို့ ဘက်သို့ ပျံသန်းသွားသည်ဟု ၎င်းက ဆက်ပြောသည်။

Photo: CJ

ထို့အပြင် ကော့ကရိတ်တွင် စစ်ကောင်စီ တပ်ရင်းများက ငါးတိုင်၊ ကိုးတိုင်၊ နွားခြံကုန်းလမ်း၊ ကော့ကရိတ် အောက် ဘိုတဲ၊ နောက်တမံ၊ မြပတိုင်၊ မိဖာလဲ ကျေးရွာများဘက်သို့ လက်နက်ကြီးများ ပစ်ခတ်နေပြီး ရွာအတွင်းရှိ နေအိမ်၊ ခြံဝန်းများ ထိခိုက်ပျက်စီးမှု ရှိသည်ဟု ရွာသားများက ပြောသည်။

“စကစက နေ့တိုင်းလက်နက်ကြီး ပစ်ထုတ်တယ်၊ ရွာ တွေဘက်ကို ကျုံဒိုးရော၊ ကော့ကရိတ် ရောရွာတွေပျက် နေပြီး။ လူထိတာလည်း မနည်းတော့ဘူး။ အကုန်လုံး ရှောင်နေရတယ်။ ကျနော်တို့ အင်းကြီး၊ ကော့ဝါလဲ ဆို ဂျိုင်းဘက် သွားပြောင်းနေရတယ်” ဟု ကော့ဝါလဲရွာသားတစ်ဦးက ပြောသည်။

ယခုလတ်တလော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ် တို့ ကျုံဒိုး၊ ကောကရိတ်၊ မြဝတီ အာရှလမ်းပိုင်းတွင် လက်နက်ကြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးသိးချ တိုက်ခိုက်မှုများ ဆက်ရှိနေသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။