Home သတင်း ကော်သူးလေ ဥပဒေကျောင်း အပတ်စဉ် ၁ တွင် သင်တန်းသား ၂၇ ဦးကို ပထမဦးဆုံး မွေးထုတ်

ကော်သူးလေ ဥပဒေကျောင်း အပတ်စဉ် ၁ တွင် သင်တန်းသား ၂၇ ဦးကို ပထမဦးဆုံး မွေးထုတ်

906

မေ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ တရားဥပဒေရေးရာကို အထောက်အကူပြုနိုင်ရန် ကော်သူးလေ ဥပဒေကျောင်းကို ဖွင့်လှစ်ကာ ဥပဒေကျောင်းသား ၂၇ ဦးကို ပထမဦးဆုံး မွေးထုတ်ပေးနိုင်လိုက်သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ပြောသည်။

ကေအဲန်ယူ ၏ ဗဟို တရားရေးဌာန နှင့် ကရင်ဥပဒေ အထောက်အကူပြု အဖွဲ့(KLAC)တို့ဦးဆောင်ပြီး ကော်သူးလေ ဥပဒေကျောင်းအပတ်စဉ်(၁)ကို ပထမဦးဆုံအကြိမ်ဖွင့်လှစ်ကာ ကော်သူးလေး ဒေသတွင်း ဥပဒေရေးရာဝန်ဆောင်မှုပေးနိုင်မည့် ဥပဒေကျောင်းသားများကို ၄ လတာ သင်တန်းပေးကာ ယခု မေလ ၂၀ ရက်နေ့က သင်တန်းဆင်းပွဲ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

ကော်သူးလေး ဒေသအတွင်း တရားရေးရာဆိုင်ရာ သတင်းအချက်အလက်များ၊ အရင်းအမြစ်များကို လက်လှမ်းမီရန်နှင့် ဒေသတွင်း တရားရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဝန်ဆောင်မှု ပေးနိုင်ရန်၊ ပြည်သူများ တရားမျှတမှု ပိုမိုရရှိစေပြီး အားကောင်းသည့် တရားရေး စနစ်တစ်ခု ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက် အဆိုပါ သင်တန်းကျောင်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းကျောင်း တာဝန်ရှိသူ အတွင်းရေးမှူးဖြစ်သည့် ဆရာစောဖလိုဝါးက အခုလို ပြောသည်။

“ ဒီသက်ဆိုင်ရာ ဒေသတွေမှာ ပြည်သူလူထုတွေအတွက် ဥပဒေဆိုင်ရာ အချက်အလက်တွေ ဥပဒေရေးရာ အကြံ ပေးမှုတွေကို တက်ကြွစွာ ပံ့ပိုးကူညီမှုတွေ အားကောင်းလာ ဖြစ်ပါတယ်။ KNU တရားရေးစနစ် ဒေသတွင်း ပြောင်းလဲ နေတဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေအရ ဖြစ်ပေါ်လာတဲ့ ပြည်သူလူထုတွေရဲ့ တရားရေးစနစ် ဆိုင်ရာ လိုအပ်ချက်တွေ သူတို့ ဦးစားပေးမှုနဲ့ အညီ ပြင်ဆင်ဖြည့်စွက်မှုတွေကို အပြုသ‌ဘောနဲ့ လုပ်‌ဆောင်နိုင်ဖို့ ကို ပံ့ပိုးသူအနေနဲ့ လူထုတွေကို တရားမျှတမှု လက်လှမ်းမီရန် ကော်သူလေရဲ့ ဥပဒေ နဲ့ တရားရေးရာစနစ်တွေရဲ့ ဥပ‌ဒေအသိပညာ၊ အကြံဥာဏ် ပေးတာတွေကိုလည်း သိရှိနားလည်ပြီး အထောက်အပံ့ဖြစ်စေဖို့ ဖြစ်ပါတတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ဇန်နဝါရီလမှစ၍ ၄ လတာ ဖွင့်လှစ်ပေးခဲ့သည့် အဆိုပါကျောင်းတွင် KNU ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေနှင့် လမ်းစဉ် လုပ်ငန်းများ၊ နိုင်ငံတကာတရားရေးစနစ်၊ ကော်သူး‌လေ တရားဥပ‌ဒေ ကျင့်ထုံးဥပ‌ဒေ၊ စိတ်ပိုင်းဆိုင်ရာ နှင့် လူ့အခွင့် အရေးဆိုင်ရာ စသည့် ဘာသာရပ်များကို စာတွေ့ ၃ လ နှင့် လက်တွေ ၁ လ သင်ကြားပေးခဲ့ပြီကေအဲန်ယူ ထိန်းချုပ်နယ်မြေ ခရိုင် (၇) ခုလုံး၏ ကိုယ်စားပြု အမျိုးသမီး(၁၅) ဦးနှင့် အမျိုးသား ၁၂ ဦး စုစုပေါင်း ၂၇ ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

မေလ ၂၀ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည့် ကျောင်းဆင်းပွဲကို ကေအဲန်ယူ၏ ဗဟိုတရားရေး ဌာနမှ တရား သူကြီးချုပ် ပဒို နော်မြိုင်ဖိုးအပါအဝင် တရားရေးဌာနမှ တာဝန်ရှိသူများ၊ ကရင်ဥပဒေ အထောက်အကူပြု အဖွဲ့(KLAC)တာဝန်ရှိသူများ၊ ကေအဲန်ယူ ဗဟို၏ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေသင်တန်းကျောင်း ဆရာများ၊ သင်တန်းသားများစုစုပေါင်း လူဦးရေ (၁၀၀) နီးပါး ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါ သင်တန်းကျောင်းဆင်းပွဲတွင် တက်ရောက်လာသော တာဝန်ရှိ လူကြီးများမှ ဂုဏ်ပြုအမှာစကား ပြော ကြားခြင်း၊ တေးသီချင်းများ သီဆိုဖျော်ဖြေခြင်း၊ ဆရာ၊ ဆရာမများအား ဂုဏ်ပြုပေးခြင်၊ သင်တန်းသူတစ်ဦးမှ ကျေးဇူတင်စကားပြောကြားခြင်းအပြင် သင်တန်းတက်ရောက်အောင်မြင်သူများကို အသိအမှတ်ပြု လက်မှတ် နှင့် ထူးချွန် ဥပဒေ ကျောင်းသူ ကျောင်းသားများကိုလည်း ဆုချီးမြင့်ပေးခဲ့သည်။ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးတွင် တရားရေးဌာန အပါအဝင် ဌာနဆိုင်ရာ (၁၂) ခုဖြင့် ဖွဲ့စည်း ထားကြောင်း သိရသည်။