Home သတင်း ထားဝယ်အခြေစိုက် ခမရ ၄၀၁ တပ်ရင်းမှ တပ်သားတစ်ဦးလက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းခိုလှုံ

ထားဝယ်အခြေစိုက် ခမရ ၄၀၁ တပ်ရင်းမှ တပ်သားတစ်ဦးလက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းခိုလှုံ

854
Photo: LLPDF

မေလ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ-၄၀၁)တပ်ရင်းမှ စစ်ကောင်စီတပ်သား(၁)ဦး လက်နက်ခဲယမ်းများနှင့်အတူ ဘက်ပြောင်းခိုလှုံလာကြောင်း လောင်းလုံးမြို့နယ်ပြည် သူ့ကာကွယ်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် မေလ(၁)ရက်နေ့တွင် လက်နက်ခဲယမ်းများဖြင့် ဘက်ပြောင်းခိုလှုံလာသူ (ခမရ-၄၀၁)တပ်ရင်းမှ စစ်ကောင်စီတပ်သားအား အဖွဲ့မှ ကနဦး ငွေကျပ်သိန်း(၃၀) ချီးမြှင့်ပေးအပ်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုထားသည်။

အဆိုပါဖြစ်စဉ်နှင့်အလားတူ ပြီးခဲ့သည့်မေလ(၁၅)ရက်နေ့ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန် တပ်ရင်း(ခမရ-၄၃၁)တပ်ရင်းမှ တပ်သားချစ်ကိုဆိုသူသည် ရှေ့တန်းစစ်မျက် နှာပြင်မှ ဆက်သွယ်၍ ဘက်ပြောင်းခိုလှုံလာသေးကြောင်း မြိတ်ခရိုင်တပ်ရင်း(၃)မှ ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၉ ရက်ကလည်း သိန်းခွန်စစ်မျက်နှာပြင်တွင် ဘုတ်ပြင်းအခြေစိုက် ခမရ ၂၂၄ မှ စစ်မှုထမ်း သင်တန်းဆင်း တပ်သားနှစ်ဦး ကေအဲန်ယူ တပ်မဟာ ၄ တပ်ရင်း ၁၁ ထံ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံခဲ့ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ နှင့် မေလအတွင်း တနင်္သာရီတိုင်းစစ်ဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့များထံသို့ စစ်ကောင်စီဘက်မှ ဘက်ပြောင်းလာသူ ၁၄ ဦးရှိပြီဖြစ်ကြောင်း တနင်္သာရီတိုင်း စစ်ဌာနရုံး၏ ထုတ်ပြန်ထားချက်များအရ သိရသည်။