မေ ၂၃ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက် ဝေါ်လေဒေသ အတွင်းရှိ စစ်ကောင်စီ စခန်း ၅ ခုကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA၊ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီက လေကြောင်းမှ ဗုံးဆက်တိုက်ကြဲချပြီး လက်နက်ကြီးပစ် ခုခံနေသည်ဟု စစ်မြေပြင် သတင်းရင်းမြစ်က ပြောသည်။
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ-၆ နယ်မြေ(ထိုင်း-မြန်မာ နယ်စပ်) မြဝတီမြို့တောင်ဘက် ဝေါလေဒေသအတွင်းရှိ ဝေါ်လေ၊ မော်ခီး၊ ကနဲလေး၊ ဘလယ်ဒို နှင့် သေဘောဘိုး စစ်ကောင်စီ စခန်းများကို မေ ၂၁ ရက်နေ့မှစ၍ တိုက်ခိုက်နေခြင်း ဖြစ်ပြီး ယနေ့ မေ ၂၃ ရက်ထိ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။
စစ်မြေပြင် သတင်းရင်းမြစ်က “၂၁ ရက် စဖြစ်တာက မော်ခီးစခန်းပေါ့နော်၊ အဲ့ဒီတင်မကဘူး သေ့ဘောဘိုး၊ ဘလယ်ဒို၊ ကနဲလေး၊ ဝေါလေဗျူဟာ ကုန်းအထိ စကစ စခန်းတွေကို ဖြတ်တိုက်နေတာ။ အခု ၂၂ ရက်ညက ဘလယ်ဒိုက တော့တစ်ညလုံး သူပစ် ကိုယ်ပစ် သူလည်း လေယာဉ်ကြဲ၊ ဒရုန်းကြဲ ဒီမနက်အထိ တိုက်နေတယ်၊ ကျန်တဲ့နေရာ တွေကတော့ ထောက်ထား၊ ဖြတ်ထားတာရှိတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ မွန်းလွဲပိုင်းအချိန်ထိ နောက်ဆုံးရရှိသည့် သတင်းများအရ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် အတွဲ လိုက်ဗုံးများ သေ့ဘောဘိုး၊ ဘလယ်ဒိုဒေသတဝိုက်ကြဲချခုခံနေပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များလည်း စခန်းသိမ်းတိုက်ပွဲ ဆက်လက် လုပ်ဆောင်နေသည်ဟု ပူးပေါင်းတပ် သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ တိုက်ပွဲများကြောင့် မြဝတီ၊ ဝေါလေ လမ်းပိုင်းအား အရပ်သား ပြည်သူ အသွားအလာ ပိတ်ပင်ထားပြီး ဆုံဆည်းမြိုင်၊ ကျောက်ခက် DKBA ထိန်းချုပ်နယ်မြေအတွင်းတွင်လည်း DKBA တပ်ဖွဲ့ ဝင်များ စစ်ရေးအသင့် အနေအထားရှိနေသလို ဒေသခံရွာသားများ အနေဖြင့် လေကြောင်းရန်ကို သတိရှိကြရန် KNLA မဟာမိတ်တပ်များ ဘက်က သတိပေးထားကြောင်း သိရသည်။
“ကျနော်တို့ ဈေးကားတွေ ဝေါလေဘက် တက်လို့မရတော့ဘူး။ လမ်းပိတ် ထားတယ်။ မနေ့က စကစ က ပေါင် ၅၀၀ ဗုံး ကြဲတယ်။ ဒရုန်းနဲ့လည်း ကြဲတယ်၊ ဆိုတော့ ကျောက်ခက် DKBA တွေလည်း အသင့်ပြင်ထားပြီးဆုံ ဆည်းမြိုင်အထိ နေရာယူထားတာ ရှိနေတယ်။ သူ့ ရှေ့ မှာဆို စကစရဲ့ ဥကရစ်ထ၊ ဝါးမီးထ စစ်စခန်းတွေ ရှိနေ တယ်” ဟု မြဝတီမှ ဝေါလေအထိ စားသာက်ကုန်ကားဖြင့် လှည့်လည်ရောင်းချသူ တစ်ဦးက ပြောသည်။
ထိုသို့ တပ်မဟာ- ၆ နယ်မြေ အတွင်းရှိ စစ်ကောင်စီစခန်း များကို KNLA မဟာမိတ်တပ်များ ထိုးစစ်ဆင်တိုက်ခိုက် နေသည့်အတွက် ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းနယ်ခြားစောင့်စစ်တပ်က စစ်ရေးအသင့် အနေအထားဖြင့် အားတိုးမြှင့်ချထားပြီး ထိုင်းနယ်စပ်ပတ်လမ်းတစ်လျှောက် စစ်ယာဉ်တန်းဖြင့် ကင်းပတ်စောင့်ကြည့်နေကြောင်း နယ်စပ် သတင်းရင်းမြစ်များက ပြောသည်။



















