Home သတင်း စစ်ရေးကြောင့် လမ်းများပိတ်၍ ကျုံဒိုး ဒေသထွက်သီးနှံများ ရောင်းမထွက်မည်ကို စိုးရိမ်နေ

စစ်ရေးကြောင့် လမ်းများပိတ်၍ ကျုံဒိုး ဒေသထွက်သီးနှံများ ရောင်းမထွက်မည်ကို စိုးရိမ်နေ

613

မေ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်တွင် စစ်ရေးပြင်းထန်နေပြီး လမ်းများပိတ်၍ ဒေသထွက် ရာသီသီးနှံများ ရောင်းမထွက်မည်ကို စိုးရိမ်နေ သည်ဟု ဒေသခံများက ပြောသည်။

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်ပြီး လမ်းများ ပိတ်ထားသည့်အတွက် ဒေသထွက်သီးနှံများ ရောင်းမထွက်မည်ကို ယခုလို စိုးရိမ်နေခြင်း ဖြစ်သည်ဟု ဥယျာဉ်ခြံလုပ်ကိုင်နေသူ တစ်ဦးက ယခုလို ပြောသည်။

“ဒီဘက်မှာတော့ လာမယ့် လကျရင် အသီးတွေ လှိုင်လှိုင်ထွက်တော့မယ်။ အဓိကတော့ မင်းကွတ်သီး၊ ဒူးရင်းသီး တွေပေါ့၊ တိုက်ပွဲမဖြစ်ရင် ဖောက်သည်တွေက ဒီအထိလာဝယ်တယ်။ ရောင်းမထွက်မှာ မစိုးရိမ်ရဘူး။ အခုတော့ စိုးရိမ်နေရတယ်ပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲကြောင့် ဒေသအတွင်း ကုန်စျေးနှုန်းများလည်း အလွန်မြင့်တက်လာသည့်အချိန်တွင် ဒေသထွက် ရာသီ သီးနှံများ စျေးကောင်းမရမည်ကို စိုးရိမ်နေရသည်ဟု တခြားဥယျာဉ်ခြံ လုပ်ကိုင်သူ နော်မူးသိုင့်က ဆိုသည်။

“ကျမတို့က တစ်နှစ်လုံး ဒီရာသီ သီးနှံထွက်တဲ့အချိန်ပဲ ဝင်ငွေကောင်းတယ်။ သီးနှံတွေ စျေးကောင်းရမှ ကျမတို့ အတွက် တစ်နှစ်လုံးအတွက် အဆင်ပြေမှာ။ အခုဆိုရင် မီးဖိုးချောင်အတွက် ဝယ်ရတဲ့ဟာ အကုန်စျေးတက်တယ်။ တိုက်ပွဲတွေဖြစ် လမ်းတွေပိတ်တော့ စျေးနှိမ်ခံရမှာတော့ ကြောက်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လမ်းကြောင်းပိတ်သည့်အတွက် ဒေသထွက် သီးနှံအပြင် ဒေသအတွက် မီးသွေးရောင်းဝယ် သိုလှောင်ထား သူများ လည်း လက်ရှိအချိန်တွင် မီးသွေး အဝယ်ဒိုင်မလာသောကြောင့် ဂိုဒေါင်ထဲတွင် သိုလှောင်ထားနေရ ပြီး အခက်တွေ့ နေသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ ကျုံဒိုးမြို့နယ်ထဲကို လက်နက်ကြီးပစ်ခတ်မှု လေကြောင်းပစ်ခတ်မှု နေ့စဉ် ရှိသည့်အတွက် ဒေသအတွင်းရှိ ပြည်သူများ ကျေးရွာတချို့ ရွာလုံးကျွတ် စစ်ရှောင်နေရသည်။ တချို့ကျေးရွာ များ သည် စစ်ရှောင်မနေရသော်လည်း ညအချိန်တွင် နေအိမ်၌ မအိပ်ရဲဘဲ လုံခြုံမည့် နေရာသို့ တိမ်းရှောင် နေကြရ ကြောင်းသိရသည်။