Home သတင်း တပ်မဟာ ၇ ခလယ်ဒေး စခန်းတဝိုက် စစ်ကောင်စီ ဗုံး ၄ လုံး လာကြဲချတိုက်ခိုက်

တပ်မဟာ ၇ ခလယ်ဒေး စခန်းတဝိုက် စစ်ကောင်စီ ဗုံး ၄ လုံး လာကြဲချတိုက်ခိုက်

638

မတ် ၂၄ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၇ နယ်မြေ၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ခလယ်ဒေး စခန်း တဝိုက်သို့ စစ်ကောင်စီက ယနေ့ မတ်လ ၂၄ ရက်၊ နေ့လည် ၁၂ နာရီ အချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

အဆိုပါ စခန်းကို ကေအဲန်ယူ၊ လက်အောက်ခံ ကရင်အမျိုးသားတော်လှန်ရေးတပ်ဖွဲ့-KNLA ပူးပေါင်းတပ်များက ယခု ရက်ပိုင်းအတွင်း ဝိုင်းရံ ပိတ်ဆို့ထားသည့်အတွက် ယခုလို စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းဖြစ်သည်ဟု စစ်မြေပြင်သတင်းအရ သိရသည်။

“ နေ့လည် ၁၂ နာရီလောက်မှ တိုက်လေယာဉ်လာတယ်။ အသံကြားတော့ အများစုက ဗုံးခိုကျင်းတွေထဲ ဝင်နေ ကြတယ်။ အဲ့အချိန်မှာ ၁၂ နာရီလောက်က စပြီး ဗုံး ၂ လုံးစကြဲတယ်။ နောက်တစ်ကြိမ် လေယာဉ် ပျံဝဲပြီး ဗုံး ၂ လုံး ထပ်ကြဲချတယ်။ နေ့လည်ပိုင်းမှာ စုစုပေါင်း ဗုံး ၄ လုံးကြဲသွားတယ်” ဟု တပ်မဟာ-၇ နယ်မြေအတွင်းရှိ ကျေးရွာ သားတစ်ဦးက ပြောသည်။

ယခုလို စစ်ကောင်စီ ခလယ်ဒေးစခန်းကို KNLA ပူးပေါင်းတပ်များဝန်းရံ ပိတ်ဆို့ထားချိန်တွင် ယနေ့ညပိုင်းနှင့် နံ နက်ပိုင်းတွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရသည်ဟု အဆိုပါ စခန်းအနီးရှိ ကေအိုင်စီ သတင်းထောက် က သတင်းပို့ ပြောဆိုသည်။

စစ်ကောင်စီ ခလယ်ဒေးစခန်းသည် ထိုင်း-မြန်မာ နယ်စပ် မလှမ်းမကမ်းတွင် တည်ရှိပြီး KNLA ပူးပေါင်းတပ်များ ဝိုင်းရံ ပိတ်ဆို့မှု ပြုလုပ်ခဲ့သည့် မတ် ၂၂ ရက်နေ့ကတည်း အနီးတစ်ဝိုက်ရှိ ကျေးရွာသားများ နီးစပ်ရာ ကျေးရွာ များနှင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

ခလယ်ဒေးစခန်းသည် ကေအဲန်ယူ- ဗဟိုဌာနချုပ်နှင့် အနီးဆုံး စစ်ကောင်စီ တပ်စခန်း ဖြစ်သလို ယခုရက် ပိုင်းတွင် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲမည်ဟု ဒေသတွင်း၌ သတင်းထွက်ပေါ်နေလျက်ရှိသည်။

၎င်းအပြင် ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်အနီးရှိ ပူလူတူစခန်းကို ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့နောက် စစ်ကောင်စီက မတ် ၁၈ ရက်နေ့ နံနက် ၃ နာရီ ဝန်းကျင်တွင် ကေအဲန်ယူ-တပ်မဟာ ၇ ဌာနချုပ်အနီး တစ်ဝိုက်သို့ ဒရုန်းဖြင့် ဗုံး -၃ လုံးကြဲချတိုက်ခိုက်ခဲ့သည်။ ထို့နောက်ပိုင်း တပ်မဟာ-၇ နယ်မြေတွင် စစ်ရေး ပြင်းထန်လာနိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုထားသည်။