အောက်တိုဘာ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ရှိ ဂျိုင်းတံတား(ဂျပန်တံတား)တွင် အခြေစိုက်ထားသည့် စစ်အုပ်စုတပ်က ယမန်နေ့၊ အောက်တိုဘာ(၁၂) ရက်၊ ည ၉ နာရီကျော်အချိန်တွင် လက်နက်ကြီး(၃)ကြိမ် ပစ်ခတ်ခဲ့ရာ သရက်တောရွာ အရှေ့ပိုင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံ မြေးအဘွား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရပ်ရွာသတင်းအရင်းအမြစ်မှ သိရသည်။
အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ စစ်အုပ်စုက ဂျိုင်းမြစ်နှင့် ဟောင်သရောမြစ် တစ်ဖက်ကမ်းရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှ သရက်တောရွာသို့ ကျရောက်ပေါက်ကွဲပြီး ရွာခံ အသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် သူမ၏အဘွားဖြစ်သူ အသက်(၆၀) ဝန်းကျင်ရှိ အမျိုးသမီးကြီးတစ်ဦးတို့ လက်နက်ကြီးအစ မှန်ဒဏ်ရာရရှိခဲ့ကြောင်း ရွာအုပ်ချုပ်ရေးတာဝန်ရှိသူက ပြောသည်။
“အိမ်အမိုးတွေပေါက်ကုန်ပြီး ကျလာတဲ့အစတွေ ထိကုန်တာပါ။ ပစ်တာကတော့ ဂျိုင်းတံတားနှစ်ခုကြားမှာရှိတဲ့ လက်နက်ကြီးတပ်က ပစ်တာလို့ သိရတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ထို့အပြင် ဂျိုင်းတံတားစစ်တပ်အပြင် ကျုံဒိုးမြို့ပြင်ရှိ စစ်အုပ်စု ခြေမြန်တပ်ရင်း ခမရ (၅၄၅) နှင့် (၅၄၆) တပ်ရင်းများ၊ ကျုံဒိုးကမ်းနားပိုင်းတွင် နေရာယူထားသည့်တပ်နှင့် ကျွန်းကလေးရွာ လမ်းမလုံခြုံရေးဂိတ်စခန်းတို့မှ ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ရှိနေသလို စစ်ကြောင်းထိုးရန် အင်အားပြင်ဆင်မှုများလည်း ရှိကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ကျုံဒိုးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်တပ်က ကမ်းနီ၊ နောင်ထပ္ပံ၊ ဟောင်သရောနဲ့ ဂျိုင်းမြစ်ကိုကူးပြီး အထိုင်ချဖို့ ရွာတွေဘက်ကနေ အမာခံသတင်းပေးတွေနဲ့ ချိတ်ဆက်နေတာကြာပြီ။ တော်လှန်ရေးတပ်တွေ ဝင်ထွက်နေတော့ ကျုံဒိုးဘက်ကို မကူးလာနိုင်အောင် လက်နက်ကြီးနဲ့ အမြဲပစ်နေတာ။ ဒါပေမဲ့ အခုချိန်ထိ တစ်ဖက်ကမ်းကို မကူးသွားနိုင်သေးဘူး” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။
ထို့အတူ ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံစုံစမ်းချက်အရ ယနေ့ ညနေပိုင်းတွင် ကျုံဒိုးတစ်ဖက်ကမ်းရှိ ကမ်းနီ၊ သရက်တော၊ ကော့ခိုက်နှင့် ကျောက်ဖျာရွာများဘက်သို့ စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေသလို Y-12 လေယာဉ်တစ်စင်းလည်း ပျံဝဲခဲ့ခြင်းရှိကြောင်း သိရသည်။
ထို့အတူ စစ်အုပ်စုတပ်ဖွဲ့ဝင်များမှာ ခဲယမ်း၊ ရိက္ခာ၊ ဆီပေပါများ တင်ဆောင်လာသည့် စစ်ကားများဖြင့် ဖားအံမြို့ဘက်မှ ကျုံဒိုးသို့တက်လာသည်ဟု စစ်တပ်လမ်းကြောင်းကိုထောက်လှမ်းနေသည့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။


















