Home သတင်း စစ်အုပ်စု လက်နက်ကြီးပစ်၍ ကျိုက်ထိုက ရာဘာခြံအလုပ်သမား (၁) ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

စစ်အုပ်စု လက်နက်ကြီးပစ်၍ ကျိုက်ထိုက ရာဘာခြံအလုပ်သမား (၁) ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

72
Photo: CJ

စက်တင်ဘာလ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း ကျေးရွာအုပ်စုထဲသို့ စက်တင်ဘာလ (၂၂) ရက်နေ့တွင် စစ်အုပ်စုပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရာဘာခြံတွင်အလုပ်လုပ်နေသည့် အလုပ်သမား (၁) ဦးသေဆုံးပြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-သထုံခရိုင်ထံမှ သိရသည်။

ထိုနေ့၊ နေ့လည် (၁၂) နာရီဝန်းကျင်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု၏ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ -၂၀၇) နှင့် အမှတ် (၃၁၀) အမြှောက်တပ်ရင်းတို့မှ ၁၂၀ မမ လက်နက်ကြီး (၁၂) လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ရာဘာခြံထဲလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အလုပ်လုပ်နေသည့် အသက် ( ၄၅) အရွယ် ဦးသန်းစိုး၊ ကျည်စ ထိမှန်သေဆုံးခဲ့ပြီး ဖဒိုပလောရွာမှ အသက် (၅၂) နှစ်အရွယ် ဦးကရင်ကြီး ဆိုသူလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သထုံခရိုင်ဘက်က ပြောသည်။

Photo: CJ

ထို့အပြင် ပစ်ခတ်မှုအတွင်း ဇီးပြောင်း(၄)၊ ကညင်အိုင်ရွာနှင့် ဝက်ဝံတောင်ကြိုးဝိုင်းအတွင်းရှိ ဒေသခံများ၏ လုပ်ငန်းခွင်များသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံများ၏ ရာဘာခြံများလည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

စစ်အုပ်စုသည် ကေအဲန်ယူထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်း လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုများအား ဒေသခံသာရှိသည့်ကျေးရွာများသို့ မကြာခဏ ပစ်ခတ်ခြိမ်းခြောက်လေ့ရှိသည်။ ကျေးရွာများတွင်လည်း ကျည်စထိမှန် သေဆုံးမှုဖြစ်စဥ်များ အမြဲတစေဖြစ်ပွားနေကြောင်း ဒေသခံများနှင့်ရပ်ရွာတာဝန်ရှိသူများက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ(၁၉)ရက်နေ့ကလည်း သိမ်ဇရပ်မြို့အခြေစိုက် စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့၍ ကျိုက်ထို၊ ဇီးပြောင်း(၅) မူလတန်းကျောင်း၊ ဘောလုံးကွင်းနေရာသို့ ကျရောက် ပေါက်ကွဲပြီး ကလေးငယ်(၁)ဦးအပါအဝင် (၁၁)ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်။