Home သတင်း ခိုင်းသမျှလုပ်သည့် မီဒီယာမဟုတ်၍ Times မဂ္ဂဇင်းအပေါ် စစ်အုပ်စုမကျေနပ်ဟု သတင်းစာဆရာများ ထောက်ပြ

ခိုင်းသမျှလုပ်သည့် မီဒီယာမဟုတ်၍ Times မဂ္ဂဇင်းအပေါ် စစ်အုပ်စုမကျေနပ်ဟု သတင်းစာဆရာများ ထောက်ပြ

78
Photo crd: VOM & Times Magazine

စက်တင်ဘာ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

Times မဂ္ဂဇင်း၏ ဆောင်းပါးနှင့်ပတ်သက်၍ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က မကျေနပ်သဖြင့် အမည်ပျက်စာရင်းသွင်း၊ ရှုတ်ချခြင်းသည် ၎င်းတို့ခိုင်းသမျှ လက်ညှိုးထောင်ခေါင်းညိတ် လုပ်တတ်သည့် မီဒီယာမဟုတ်ခြင်းကြောင့် ဖြစ်သည်ဟု ဝါရင့် မြန်မာသတင်းစာဆရာများက ဝေဖန်ထောက်ပြသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၂၈)ရက်နေ့က နေပြည်တော်တွင် စစ်ခေါင်းဆောင်နှင့် ကမ္ဘာကျော် Times Magazine သတင်းထောက်တို့ အင်တာဗျုးအမေးအဖြေလုပ်ခဲ့သည်ကို အခြေခံကာ “အနောက်အုပ်စုနဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်နေတဲ့ မြန်မာစစ်အာဏာရှင်” ခေါင်းစဥ်ဖြင့် Times Magazine က ယမန်နေ့(စက်တင်ဘာ ၂၃ ရက်နေ့)တွင် ဆောင်းပါးထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ထိုအထဲတွင် အင်တာဗျူးပုံစံမထုတ်ခြင်း၊ အခြားသူများ၏မေးမြန်းချက်ကိုဖော်ပြခြင်း စသည်တို့ဖြင့် မီဒီယာကျင့်ဝတ်ကို မလိုက်နာဟုဆိုကာ စစ်အုပ်စုက Times Magazine ကို ရှုတ်ချကြောင်းနှင့် အမည်ပျက်စာရင်းသွင်းကြောင်း ၎င်းတို့ထိန်းချုပ်ထားသော နိုင်ငံပိုင်မီဒီယာမှ ကြေညာခဲ့သည်။

စစ်အုပ်စု၏ ဤလုပ်ရပ်သည် ခိုင်းသမျှ လက်ညှိုးထောင်ခေါင်းညှိတ် ရေးပေးသည့် ဒေသတွင်း ဝါဒဖြန့် မီဒီယာများနှင့်သာ ဆက်ဆံဖူးခြင်းကို ပေါ်လွင်စေကြောင်း ဝါရင့်မြန်မာ့သတင်းစာဆရာများက ဆိုသည်။

“Times မဂ္ဂဇင်းဆိုတာ မြန်မာ့အလင်း မဟုတ်ဘူးလေ သူ့ဖော်မတ်နဲ့သူ ထုတ်မှာပေါ့။ အဓိကကတော့ မီဒီယာဆိုတာ သူတို့(စစ်အုပ်စု)ပြောတာ ရေးပေးဖို့ဆိုတဲ့ အကျင့်က ခေါက်ရိုးကျိုးနေတာ။ နောက်တစ်ခါဆိုရင် ကမ္ဘာကျော်မီဒီယာတစ်ခုကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ အိမ်စာ သေချာလုပ်သင့်တယ်” ဟု လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ ဦးတိုးဇော်လတ်က ထောက်ပြသည်။

၎င်းအပြင် စစ်အုပ်စုသည် လွတ်လပ်သော မီဒီယာများ၏ အလုပ်လုပ်ပုံ သဘာဝကို နားမလည်ခြင်းကြောင့် နိုင်ငံတကာအလယ်တွင် အရှက်နှစ်ခါကွဲသည့် လုပ်ရပ် ဖြစ်စေကြောင်းလည်း ပညာရှင်များက ဝေဖန်ထားကြသည်။

Photo crd: VOM & Times Magazine

Times မဂ္ဂဇင်းသည် မင်းအောင်လှိုင်နှင့်အင်တာဗျူးကို အာဏာသိမ်းမှုနောက်ပိုင်း အနောက်တိုင်းမီဒီယာနှင့်ပထမဆုံးအဖြစ် မီးမောင်းထိုးပြထားသလို အနောက်နိုင်ငံများနှင့်ဆက်ဆံရေးပြန်စလိုကြောင်း၊ ပိတ်ဆို့အရေးယူမှုများ လျှော့ပေါ့ပေးလိုကြောင်း မင်းအောင်လှိုင်၏ တိုက်တွန်းချက်များကို ဆောင်းပါးတွင် ထည့်သွင်းဖော်ပြထားခြင်းရှိသည်။

ထို့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG အပါအဝင် ကုလသမဂ္ဂ၊ အမေရိကန်၏ နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ပညာရှင်များ၊ တက်ကျွမ်းသူများ ဒီမိုကရေစီအရေးလှုပ်ရှားသူများ စသည်တို့ကို မြန်မာနိုင်ငံ၏ အာဏာသိမ်းမှု၊ ရွေးကောက်ပွဲ၊ တရားဥပဒေစိုးမိုးမှု အင်တာဗျူးအကြောင်းအရာများကိုပါ Times Magazine က ထည့်သွင်းဖော်ပြခဲ့သည်။

ဖော်ပြပါအချက်အလက်များအရ Times Magazine အနေဖြင့် မီဒီယာကျင့်ဝတ်ကိုချိုးဖောက်သည့် လုပ်ဆောင်ချက်မျိုး မရှိခဲ့ဟု လွတ်လပ်သည့်မြန်မာ့မီဒီယာ အသိုင်းအဝိုင်းက သုံးသပ်နေကြသည်။

ဝါရင့်သတင်းစာဆရာကြီးတစ်ဦးက “ကြည့်ရတဲ့ အချက်အလက်တွေအရတော့ သတင်းဌာနဘက်က မီဒီယာကျင့်ဝတ်နဲ့ မညီတာ ဘာမှမတွေ့ရဘူး။ သူသုံးချင်တဲ့ အသုံးအနှုန်းနဲ့ အခြားသူတွေရဲ့ အမြင်ကို balance လုပ်ထားတာ သတင်းမီဒီယာရဲ့ သဘာဝပဲ။ သူပြောတာကို ပုံဖျက်တာ၊ အဓိပ္ပာယ် ကောက်လွဲအောင် လုပ်တာလည်း မတွေ့ရဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အုပ်စု၏ လုပ်ရပ်များနှင့် ပတ်သက်သော သတင်းဆောင်းပါးတစ်ခုကို ဂျပန်အခြေစိုက် နာမည်ကြီးသတင်းစာ အဆာဟိရှင်းဘွန်း မှ ဖော်ပြခဲ့ရာ စစ်အုပ်စုက မကျေနပ်သဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ-MPC သို့ ကန့်ကွက်တိုင်ကြားမှုတစ်ရပ် ပြုလုပ်ခဲ့သေးသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ စစ်အုပ်စုသည် ပြည်တွင်းမီဒီယာများကို ပိတ်သိမ်း၍ သတင်းထောက်များကိုဖမ်းဆီးထောင်ချနေသလို ဝါဒဖြန့်မီဒီယာများမှ သတင်းစီးဆင်းမှုကို ထိန်းချုပ်ခြင်းဖြင့် လွတ်လပ်စွာသတင်းရယူပိုင်ခွင့်၊ ပြည်သူများ သတင်းသိရှိပိုင်ခွင့်ကို အကြီးအကျယ်ခြိမ်းခြောက်လျက်ရှိသည်။