မင်းအောင်လှိုင်ကို သမ္မတ ပူတင်လည်း မကယ်နိုင် မကူနိုင်ပါ
မောင်ကျော်စွာ
(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်)
မင်းအောင်လှိုင်တို့ လက်ရှိ စစ်အုပ်စုရဲ့ ပြည်ပဆက်ဆံရေးထဲက (ဩဂုတ်လ ၁၇ ရက်နေ့က စတင်ခဲ့သော) “ရုရှခရီးစဉ်”ကိုအခြေပြုပြီး ထင်မြင်ယူဆချက်တချို့ကို တင်ပြချင်ပါတယ်။ မင်းအောင်လှိုင်ဟာ (ဧပြီလ ၁၀ရက် နောက်ပိုင်း) သူ့ကိုယ်သူ “သမ္မတ” အရိုက်အရာ အပ်နှင်းပြီးတဲ့နောက် အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ယခု နောက် ဆုံး ရုရှသို့ အဲဒီကမှတစ်ဆင့် ဘယ်လာရုစ်အထိ ဆက်ပြီး ခြေဆန့်မယ်။ သတင်းတချို့က လာမယ့် စက်တင်ဘာထဲမှာ လည်း ကမ္ဘောဒီယားသို့သွားလိမ့်မယ်လို့ စကားဦးသန်းထားကြပါတယ်။
ပြည်ပလို့ဆိုရတဲ့ လက်ရှိ မင်းအောင်လှိုင် သွားခဲ့တဲ့ နိုင်ငံ (၅)နိုင်ငံခရီးစဉ်တွေမှာ အဓိက ရည်ရွယ်ချက်က (၂) ခုပဲ တွေ့ရပါတယ်။ ပထမအချက်က သူ့ကို ရွေးကောက်ခံသမ္မတအဖြစ် အသိအမှတ်ပြုစေဖို့ သက်ဆိုင်ရာ တိုင်းပြည် သမ္မတတွေနဲ့ ဓာတ်ပုံတွဲအရိုက်ခံရဖို့ ကော်ဇော်နီပေါ်လျှောက်ရဖို့ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုခံရမှုကို သတင်းစာတွေ မှာ ထည့်သွင်းဖော်ပြနိုင်ဖို့ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖြစ်ပါ တယ်။ ဒီအချက်(၂)ချက်က စစ်အုပ်စုအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အခြေခံ အကျဆုံး ဖြစ်နေပါတယ်။
နှစ်နိုင်ငံဆက်ဆံရေးတွေအကြောင်း ပြောကြတဲ့အခါ ရင်းနှီးမြှုပ်နှံမှုတွေ (ငွေကြေးနဲ့ လုပ်ငန်းပမာဏ) ဘယ် လောက်ရှိသလဲဆိုတဲ့ အချက်အလက်ကနေ ကြည့်ကြတာ၊ ပြောကြတာက သက်ဆိုင်ရာတိုင်းပြည်ရဲ့သဘောထားတွေ ကို ပိုပြီးထင်သာမြင်သာရှိစေပါတယ်။
ရုရှနိုင်ငံက မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုဟာ မဆိုစလောက်ပဲရှိသေးတာပါ။
ဒီအချက်ကို အောက်ပါအချက်အလက်တွေနဲ့ နှိုင်းယှဉ်ပြီးကြည့်နိုင်ပါတယ်။
– ထိုင်းနိုင်ငံက မြန်မာနိုင်ငံတွင် (ပဉ္စမ)မြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄,၆၀၅ ဒသမ ၄၈၄ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၀၃ ခု
– ဂျပန်နိုင်ငံက မြန်မာနိုင်ငံတွင် (နဝမ)မြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၈၆၉ ဒဿမ ၀၅၆ သန်း တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၂၇ ခု
– အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် (၁၁)နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၃၈၅ သန်းနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခု
– ရုရှနိုင်ငံက ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅၉ သန်းတန်ဖိုးရှိပြီး ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စက်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စတင်ဆောင်ရွက်နေ
မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံတွေအနက် အများဆုံး ရင်းနှီးမြှုပ်နှံသူနဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံပဲ ဖြစ်ပါတယ်။
ဒီအချက်အလက်တွေရဲ့ ရှုထောင့်ကနေကြည့်ရင် ရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ အရေအတွက် ပိုမိုများပြား ပိုမိုကြီး မားတဲ့ တိုင်းပြည်ရဲ့ဩဇာက လက်ရှိအုပ်စိုးနေတဲ့မင်းအောင်လှိုင်တို့ စစ်အုပ်စုအပေါ် ပိုမိုသက်ရောက်စေမှာ ဖြစ်ပါ တယ်။ ပထဝီအရ သမိုင်းကြောင်းအရ ဘယ်လိုမှ ဖြတ်တောက်မရတဲ့ အဆက်အစပ်တွေကလည်း မြန်မာနဲ့ တရုတ်အ ကြား ရှိခဲ့ရှိဆဲ မဟုတ်ပါလား။
တရုတ်ပြည်ကို မင်းအောင်လှိုင် စစ်အုပ်စုဟာ ဘယ်လိုအခြေအနေကပဲကြည့်ကြည့် မလွန်ဆန်နိုင်ပါဘူး။
ကြည့်ရတာ ဒီလို မလွန်မဆန်နိုင်မှုတွေကို ကျော်လွှားနိုင်ဖို့ ရုရှကို ပြေးကပ်ပုံပေါ်ပါတယ်။ ခက်နေတာက ရုရှ မှာလည်း ယူကရိန်းစစ်ပွဲနွံထဲမှာ ရုန်းထွက်မရနိုင်ဘဲ နင်းလေကျိုးလေ နင်းလေကျွံလေဖြစ်နေတာပါ။ ပူတင့်ဒုက္ခ မသေးလှပါဘူး။ ဒါကို ကယ်မမယ့် “သောမကြွက်မင်း” ဆိုပြီး မင်းအောင်လှိုင်က ကောက်ရိုးတစ်မျှင် ဆွဲရ ဆွဲရ ဆိုပြီး အပူကပ်တာပါ။ တရုတ်ငြိုငြင်မယ့်ကိစ္စတွေကို ရုရှက လုပ်ပါ့မလား။
တကယ်တော့ ဆင်ပိန် ကျွဲဖြစ်တဲ့ ရုရှဟာ စူပါ ပါဝါ အထည်ကြီးပျက်ဖြစ်ပါတယ်။ တစ်ချိန်တစ်ခါက အမေရိ ကန်နဲ့အပြိုင်ကြဲခဲ့တဲ့ ကမ္ဘာ့ဗိုလ်ကြီးတစ်ဦးဖြစ်ပါတယ်။
ဒါပေမယ့် မသိသားဆိုးဝါးတဲ့ မင်းအောင်လှိုင်ကတော့ မိကျောင်းမင်းကို ရေကင်းပြဘိသကဲ့သို့
– “မြန်မာနိုင်ငံသည် အရှေ့တောင်အာရှကုန်းမြေတွင် ခိုင်မာသည့် ပြည်တွင်းဈေးကွက်ရှိသည့်အပြင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အာဆီယံနိုင်ငံများ၏ ကြီးမားသည့် နိုင်ငံတကာဈေးကွက်ထဲကို ကုန်းလမ်းကြောင်းသာမက ဘင်္ဂလားပင် လယ်အော်နှင့် မုတ္တမပင်လယ်ကွေ့တစ်လျှောက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ဆိပ်ကမ်းများကတစ်ဆင့်လည်း ဝင်ရောက် နိုင်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူထားသည့် မဟာဗျူဟာမြောက် တစ်ခုတည်း သော ကုန်းလမ်းသယ်ယူပို့ဆောင်ရေး
ဗဟိုချက်/ ဆုံချက် (Choke Point) လည်း ဖြစ်ပါကြောင်း”
– “မြန်မာနိုင်ငံတွင် ကြေးနီ၊ ရွှေ၊ ငွေနှင့် အခြားသတ္တုပစ္စည်းများ ထွက်ရှိပါကြောင်း”
စတဲ့ ပထဝီအကျိုးစီးပွား – သယံဇာတအကျိုးစီးပွားတွေနဲ့ တတ်သသလောက် မှတ်သလောက်နဲ့ ကြိုးစားပမ်းစား မြှူဆွယ်ကြည့်တာဖြစ်မှာပါ။ ဒါကို ရုရှတွေကအားနာပြီး “ဂုဏ်ထူးဆောင်ပါမောက္ခ” ပေးလိုက်ပုံရတယ် ထင်ပါတယ်။
ဒါ့အပြင် “ရုရှား – မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် ကမ္ဘာ့ပထဝီစီးပွားရေးစိန်ခေါ်မှုများ မြင့်မားနေသည့်ကာလ အတွင်းမှာပင် အပြန်အလှန် နားလည်ယုံကြည်မှုတို့ဖြင့် နိုင်ငံတကာမျက်နှာစာတွင် ခိုင်မာစွာပူးပေါင်းဆောင်ရွက်နေ သည်ကို အားလုံးအသိပင်ဖြစ်ပါတယ်” ဆိုတဲ့အချက်ကတော့ ရုရှနဲ့ကြေးတိုက်လိုက်တာပါပဲ၊ စိန်နားကပ်အရောင်နဲ့ ပါးပြောင်တဲ့သဘောပဲ ဖြစ်ပါတယ်။
စစ်ဝါဒခေါင်းထောင်ထလာတဲ့ အရှေ့ဘက်က ဂျပန်ကိုဟန့်နေရတဲ့ သမ္မတပူတင်ဟာ (မဆလ)တစ်ခေတ်လုံး ဂျပန်နဲ့ စစ်အုပ်စု ပလူးခဲ့တာတွေ၊ လက်ရှိမြန်မာနိုင်ငံက သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ အများဆုံး (၂၉ ဒဿမ ၉၂ ရာခိုင်နှုန်း) ဖြင့် ဂျပန်နိုင်ငံဟာ အဓိကအခန်းကဏ္ဍမှ ပါဝင်နေတာတွေကို (ကေဂျီဘီ ထောက် လှမ်းရေးဟောင်းဖြစ်ခဲ့ဖူးတဲ့) သမ္မတ ပူတင် မသိဘဲ မနေပါဘူး။
ဂျပန်နိုင်ငံရေး စီးပွားရေး ထိပ်သီးတစ်ဦးဖြစ်တဲ့ နိပွန်ဖောင်ဒေးရှင်း (Nippon Foundation) ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ (Yohei Sasakawa)ဟာ (NCA)စာချုပ်ရဲ့ နိုင်ငံတကာအသိသက်သေတွေအနက် တစ်ဦးဖြစ်တယ်ဆို တဲ့အချက်အလက်၊ ပြီးခဲ့တဲ့ဩဂုတ်လ ၁၀ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိလာပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာ တွေကို ရုရှသမ္မတ ပူတင်ရော၊ တရုတ်ပြည်ကရော မသိနိုင်တာ မဟုတ်ပါဘူး။
မင်းအောင်လှိုင်ဟာ တရုတ် – ရုရှ – ဂျပန် အကြားမှာ မဖြစ်ညစ်ကျယ်လုပ်ပြီး သူ့အာဏာတည်မြဲရေး အကျိုး စီးပွားကို ရှာဖွေနေပုံပေါ်ပါတယ်။
မင်းအောင်လှိုင်တို့ စစ်အုပ်စုအပေါ် တိုင်းပြည်နဲ့ပြည်သူက အယုံအကြည်ကင်းမဲ့နေတာ၊ တိုင်းပြည်အေးချမ်း တည်ငြိမ်မှုနဲ့ လုံခြုံမှု ကင်းမဲ့နေတာ၊ အရင်းအနှီးငွေကြေး၊ လူ့စွမ်းအားအရင်းအမြစ် ချို့တဲ့နေတာ၊ အခြေခံ အဆောက် အအုံချိနဲ့နေတာ၊ အကျင့်ပျက်ခြစားမှု ကြီးကြီးမားမားရှိနေတာ စတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ပြုလုပ်နိုင် တဲ့၊ သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်ကောင်းမရှိတာကို ရုရှ၊ တရုတ်၊ အိန္ဒိယတို့လို နိုင်ငံကြီးတွေက ကောင်းကောင်း သိကြပါတယ်။ ထိုင်းနိုင်ငံလို အိမ်နီးချင်းကလည်း ကောင်းကောင်း သိပါတယ်။
အဲဒီလို အခြေခံကောင်းတွေမရှိတာကလည်း ခေတ္တခဏမဟုတ်ဘဲ နှစ်ပေါင်းများစွာဖြစ်နေတာပါ။ ဒီတော့ အဆက်ဆက်သော အုပ်စိုးသူတွေရဲ့ အဲဒီလို လိုအပ်မှုတွေ၊ ချိနဲ့မှုတွေက ရေရှည်လည်းဖြစ်နေ အဓိကဘက်လည်း ဖြစ် နေလေတော့ ပြည်ပဘယ်နိုင်ငံအတွက်မဆို စစ်အုပ်စုကို အပေါ်စီးက၊ အထက်စီးက ဆက်ဆံကြတာ ဘာမှမဆန်း ကျယ်ပါဘူး။
“အာဆီယံတူညီဆန္ဒ ၅ချက်” ကို မဖြစ်ညစ်ကျယ်လုပ် ဆန့်ကျင်ပြီး “နိုင်ငံတော်က လိုအပ်သည့် တုံ့ပြန်မှုများ Case By Case တုံ့ပြန်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ၏နိုင်ငံခြားရေးမူဝါဒနှင့်အညီ ပကတိအခြေအနေများကို အခြေခံ ပြီး အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်ကာ မြန်မာနိုင်ငံက ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနှင့်ဆက်ဆံရေးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” မင်းအောင် လှိုင်က “ရက် – ၁၀၀ ပြည့်မိန့်ခွန်း” မှာ ထည့်ပြောပါတယ်။
မင်းအောင်လှိုင်ပြောနေတဲ့ “မြန်မာနိုင်ငံက ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်း” ဆိုတာက တရုတ်နိုင်ငံ ခြားရေးဝန်ကြီး မစ္စတာဝမ်ရိပြောတဲ့ “မြန်မာနိုင်ငံအရေးကိစ္စတွင် ကျော်လွန်၍မရသော အောက်ပါ စည်း (၃)စည်းကို ကျော်လွန်ဝံ့မယ် မထင်ပါဘူး။
(က) ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍ မရခြင်း
(ခ) အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍ မရခြင်း
(ဂ) ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်း
မစ္စတာဝမ်ရိက “အများဆုံး ရင်းနှီးမြှုပ်နှံသူနဲ့ အကြီးမားဆုံးကုန်သွယ်ဖက်” ဆိုတဲ့ အကျိုးစီးပွားရပ်တည်ချက် နဲ့ စစ်အုပ်စုအပေါ် တိုင်းပြည်နဲ့ပြည်သူက အယုံအကြည်ကင်းမဲ့နေတာ၊ တိုင်းပြည်အေးချမ်းတည်ငြိမ်မှုနဲ့ လုံခြုံမှုကင်း မဲ့နေတာ၊ အရင်းအနှီးငွေကြေး၊ လူ့စွမ်းအားအရင်းအမြစ် ချို့တဲ့နေတာ၊ အခြေခံအဆောက်အအုံချိနဲ့နေတာ၊ အကျင့် ပျက်ခြစားမှု ကြီးကြီးမားမားရှိနေတာ စတဲ့ လက်တွေ့လိုအပ်ချက်တွေကို အပိုင်ကိုင်ထားပြီး ပြောနေတာ မဟုတ်ပါ လား။
ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ခုတစ်မျိုး တော်ကြာတစ်မျိုး အရှေ့အလယ်ပိုင်းစွက်ဖက် ဗိုလ် ကျအကြမ်းဖက်မှုတွေကြောင့် လက်ရှိကမ္ဘာ့ နိုင်ငံရေး၊ စီးပွားကုန်သွယ်ရေး အရပ်ရပ် အခြေအနေကလည်း ဘယ်လိုမှ ခန့်မှန်းတွက်ချက်လို့မရနိုင်ဘဲ ဗရုတ်ဗရက်ဖြစ်နေတာပါ။
ရေကြီးရေလျှံမှု၊ မုန်တိုင်း၊ ငလျင် စတဲ့ သဘာဝဘေးအန္တရာယ်တွေကလည်း တိုင်းပြည်နဲ့ပြည်သူကို အချိန်မ ရွေး ဒုက္ခပေးနေတာပါ။
မင်းအောင်လှိုင်တို့ စစ်အုပ်စုကလည်း တိုင်းပြည်နဲ့အဝန်းကို မရပ်မနား ဗုံးကြဲစစ်ဆင် တိုက်ခိုက်အကြမ်းဖက် နေတာပါ။
ဒီတော့ မင်းအောင်လှိုင်တို့ စစ်အုပ်စု အုပ်စိုးမှုအတွက် လက်ရှိ ပြည်တွင်းပြည်ပ အခြေအနေတွေက ပီပြင်တဲ့ ကောင်းကွက် မတွေ့မိပါဘူး။ အဆက်မပြတ်တဲ့ စိန်ခေါ်မှုတွေပဲ တသီတတန်းကြီး တွေ့မြင်နေရပါတယ်။
ပူတင်ရဲ့အပူ (ယူကရိန်း အကျပ်အတည်းနဲ့ ခေါင်းထောင်လာတဲ့ ဂျပန်စစ်ဝါဒ)က မင်းအောင်လှိုင်ရဲ့အပူ (နွေဦး တော်လှန်ရေးနဲ့ ပြည်တွင်းစီးပွားရေးအကျပ်အတည်း) က ဆတူလောက်ပဲ ဖြစ်ပါလိမ့်မယ် ထင်ပါတယ်။



















