Home သတင်း မယ်လဒုက္ခသည်စခန်းတွင် ဝက်နာကျရောဂါ ဖြစ်ပွားမှုရှိလာ

မယ်လဒုက္ခသည်စခန်းတွင် ဝက်နာကျရောဂါ ဖြစ်ပွားမှုရှိလာ

12
Photo: Social Media

စက်တင်ဘာ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် တစ်နိုင်တစ်ပိုင်မွေးမြူထားသည့် အိမ်မွေးဝက်အချို့ ဝက်နာကျလက္ခဏာပြပြီးသေဆုံးမှု ယခုစက်တင်ဘာလထဲတွင် ခပ်စိတ်စိတ် ရှိလာကြောင်း စခန်းနေထိုင်သူများထံမှ သိရသည်။

ကနဦးသတင်းစုံစမ်းချက်အရ မယ်လဒုက္ခသည်စခန်း၊ ဇုန်-စီတွင် ယခုတစ်လအတွင်း နေအိမ်(၅)ထက်မနည်းရှိ မွေးမြူထားသည့်ဝက်များမှာ တုန်ခါခြင်း၊ မျက်လုံးမဖွင့်နိုင်ဘဲ လှဲလျောင်းနေခြင်းစသည့် ရောဂါလက္ခဏာများပြ၍ သေဆုံးသွားသည်ဟု ထိုဇုန်နေ ဝက်မွေးသူအမျိုးသားတစ်ဦးက ပြောသည်။

“ဝက်နာကျတာ ဒီလထဲမှာပဲ ကျနော့်ဘေးအိမ်မှာတင် သုံးအိမ် လေးအိမ်လောက် ဝက်နာကျနေတာ ရှိတယ်။ ဘာမှမတတ်နိုင်ဘူး သေတာနဲ့သွားမြုပ်ပစ်လိုက်ရတယ်” ဟု အဆိုပါ မယ်လဒုက္ခသည်စခန်းနေ အမျိုးသားက ပြောသည်။

ယင်းကြောင့် မယ်လတွင် အိမ်စီးပွားဖြစ် ဝက်မွေးသူများအတွက် ဆုံးရှုံးနစ်နာမှုရှိသလို ဝက်သားရောင်းချသူလည်း မရှိသလောက်နည်းပါးသွားကြောင်း သိရသည်။

ဝက်နာကျပြီးသေဆုံးမှုများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေသဖြင့် ဝက်သားဝယ်ယူစားသုံးမှု လတ်တလော ရှောင်ရှားကြရန်လည်း မယ်လစခန်းတွင်နေထိုင်သည့် ဝက်မွေးမြူသူတစ်ဦးက လူမှုကွန်ရက်မှတဆင့် အသိပေးနေခြင်းရှိသည်။

“ဝက်နာကျလို့ အခုလက်ရှိ ကျနော်မွေးတာ(၄)ကောင်မှာ တစ်ကောင်မှမရှင်ဘူး။ အကောင်(၁၀၀)မှာဆို (၁)ကောင်လောက်ပဲ ရှင်တဲ့အနေအထားပါ။ ဒီလိုအချိန် ဝက်သားမစားကြတာကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ထိုင်းသတင်းများဖော်ပြချက်အရ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် ထိုင်း-လာအို နယ်စပ်အနီး ပြည်နယ်တစ်ခု၌ ASF ဟုခေါ်သည့် ဝက်မှဝက်သို့ကူးစက်တတ်သောဗိုင်းရပ်စ်ရောဂါပိုး ဖြစ်ပွားမှုရှိခဲ့ရာ ဒေသအာဏာပိုင်များက ဝက်သယ်ယူရောင်းဝယ်မှုများကို တားမြစ်ပြီး ပိုးသတ်ရန် အမိန့်ထုတ်ခဲ့ခြင်းရှိသည်။

အလားတူ မြန်မာနိုင်ငံတွင်လည်း ပြီးခဲ့သည့်ဇူလိုင်လအတွင်း ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ရှိ‌ ကျေးရွာအချို့တို့တွင် အိမ်မွေးဝက်များ ဝက်နာကျသည့်ရောဂါ ဖြစ်ပွားပြီး ဝက်များ သေဆုံးမှုများပြားခဲ့သဖြင့် စီးပွားဖြစ်နှင့်တစ်နိုင်တစ်ပိုင် ဝက်မွေးမြူသူ ဒေသခံများ အချိန်ကုန် ငွေကုန် နစ်နာမှုရှိခဲ့ကြောင်း သိရသည်။