အောက်တိုဘာလ (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) ၊ ဒွယ်လိုးမြို့နယ်အတွင်း စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲသုံးရက်တာအတွင်း စစ်အုပ်စုထံမှ လက်နက်ငယ် (၁၃) လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ထုတ်ပြန်သည်။
ယနေ့(အောက်တိုဘာ ၁ ရက်နေ့)၊ ကေအဲန်ယူ-ဗဟို၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ(၁၄)ရက်မှ(၁၆)ရက်နေ့အထိ ဒွယ်လိုးမြို့နယ်အတွင်း စစ်ကြောင်းလှည့်လည်နေသော စစ်အုပ်စုနှင့် ၎င်းတို့တပ်စခန်း(၁)ခုကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ (၁၄) ရက်နေ့က ဝါးသိုးခိုနယ်မြေရှိ စစ်အုပ်စု တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့်တိုက်ပွဲတွင် စစ်အုပ်စုထံမှ MA-1 သေနတ် (၃) လက် ကို KNLA ပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၅) ရက်နေ့ကလည်း ကတိုင်တိ-ကမမောင်းဒေသ၊ ဘုရားကုန်းအကြားရှိ စစ်အုပ်စုစစ်ကြောင်းကိုတိုက်ခိုက်ရာ MA-1 (၃) လက်၊ MA-3 (၁) လက်နှင့် K-3 (၃) လက်၊ စုစုပေါင်း လက်နက် (၇) လက် ရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာ (၁၆) ရက်နေ့တွင် နိုဃဲထာဒေသ အခြေစိုက် စစ်အုပ်စုအား KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ထပ် လက်နက် (၃) လက်နှင့် သုံးရက်တာအတွင်း စုစုပေါင်း(၁၃)လက် သိမ်းဆည်းမိခဲ့သည်ဟု ကေအဲန်ယူဘက်က ဆိုသည်။
“နေ့တိုင်းတိုက်ပွဲဖြစ်တယ်။ ကမမောင်းကနေ စပြီးတော့ တစ်နေရာမဟုတ်တစ်နေရာကတော့ နေ့တိုင်း တိုက်ပွဲဖြစ်နေပါတယ်။ သူတို့လက်နက်တွေကိုလည်း နေ့တိုင်းလိုလို ကျနော်တို့ သိမ်းဆည်းရမိတယ်” ဟု လတ်တလောအခြေအနေနှင့်ပတ်သက်၍ ကေအဲန်ယူ၊ မူတြော်ခရိုင် ပြောခွင့်ရ ပဒိုစောထို့ရော်ဘင်က ပြောသည်။
စစ်အုပ်စုသည် နယ်မြေထိန်းချုပ်မှု အပြည့်အဝရရှိထားခြင်းမရှိသည့် ဖာပွန်မြို့နှင့် စစ်ရေးအရ အချက်အချာကျသည့် ဗျူဟာကုန်းစခန်းများသို့ တပ်ကူပေးနိုင်ရန် ပြီးခဲ့သည့် မေလကတည်းက ကမမောင်းလမ်းကြောင်းမှတစ်ဆင့် ယနေ့ထိတိုင် အင်အားသုံး ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ထိုကာလအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့်တိုက်ပွဲအများအပြား ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်မှ အရာရှိတပ်ဖွဲ့ဝင်( ၂) ဦးအပါအဝင် (၁၅၂) ဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာ (၁၂) ရက်နေ့ တွင် ကေအဲန်ယူ မူတြော်ခရိုင်က ထုတ်ပြန်ခဲ့သေးသည်။


















