Home သတင်း ရေဘေးသင့် ထားဝယ်အရှေ့တောဒေသကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်

ရေဘေးသင့် ထားဝယ်အရှေ့တောဒေသကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်

13
Photo: Thet Thet( စက်တင်ဘာ ၂၈ ရက်နေ့က ပကာရီရွာရေကြီးနေသည့်မြင်ကွင်း)

အောက်တိုဘာလ (၁) ရက်နေ့၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုး/ထားဝယ်မြို့နယ်၊ အ‌ရှေ့တောဒေသရှိ ပကာရီကျေးရွာအုပ်စု၊ ရေဝိုင်း ကျေးရွာသို့ ယမန်နေ့၊ စက်တင်ဘာလ (၃၀) ရက်နေ့က စစ်အုပ်စုမှ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ကေအဲန်ယူနှင့် တနင်္ဿာရီဒေသ လူ့အခွင့်အရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါဒေသတွင် သဘာဝဘေးဒဏ်ကြောင့် ရေဘေးသင့်ပြီးတောင်ပြိုမှုများ ဖြစ်ပွားနေသည့်အချိန်တွင် ရေဘေးသင့်ဒေသသို့စစ်အုပ်စုက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ၏ နယ်မြေတာဝန်ရှိသူက ဆိုသည်။

“ရေကြီးနေတဲ့အချိန်မှာတောင် လေကြောင်းတိုက်ခိုက်လာတဲ့အတွက် ဒေသခံတွေက စိုးရိမ်မှုနဲ့နေနေရပါတယ်။ ဒေသထဲမှာ တိုက်ပွဲမရှိပေမဲ့ စစ်အုပ်စုက အခုလို လေယာဉ်နဲ့ဗုံးကြဲတာတွေ လုပ်နေတာပါ” ဟု ကေအဲန်ယူ၊ လယ်ဒိုစိုးမြို့နယ် တာဝန်ရှိသူက ပြောသည်။

လေယာဥ်ဗုံးကြဲတိုက်ခိုက်ချိန်တွင် ရေဝိုင်းကျေးရွာအပြင်ဘက်၌ ဗုံးကျရောက်ခြင်းကြောင့် ရွာခံများထိခိုက်သေဆုံးခြင်း၊ နေအိမ်နှင့်အဆောက်အဦးများပျက်စီးခြင်းမရှိကြောင်း တနင်္သာရီဒေသ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေအပေါ် မှတ်တမ်းတင်နေသည့် FE5 တနင်္သာရီ အဖွဲ့က အတည်ပြုထားသည်။

Photo: Thet Thet( စက်တင်ဘာ ၂၈ ရက်နေ့က ပကာရီရွာရေကြီးနေသည့်မြင်ကွင်း)

ထို့အပြင် ပကာရီကျေးရွာအုပ်စုအပါအဝင် ထားဝယ်အရှေ့တောနယ်ဒေသအတွင်း စစ်အုပ်စုစစ်ကြောင်း မကြာခဏထိုးခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံများမှာ လက်ရှိ သဘာဝဘေးမဖြစ်ပွားသည့်အချိန်ကတည်းက ယာယီစစ်ရှောင်ရသည့်အခြေအနေ အကြိမ်ကြိမ် ရှိခဲ့သည်ဟု သိရသည်။

“နေအိမ်လုံးဝမရှိတော့တဲ့သူတွေနဲ့ စစ်အုပ်စုကလုံးဝတပ်စွဲထားတဲ့နေရာတွေနားမှာရှိနေတဲ့သူတွေလောက်ပဲ စစ်ရှောင်စခန်းကို သွားကြတာ” ဟု FE5 တနင်္ဿာရီအဖွဲ့တာဝန်ရှိသူက ကေအိုင်စီကို ပြောသည်။

ထို့အတူ လက်ရှိ ထားဝယ်ခရိုင်တစ်ခုလုံးတွင် ပြီးခဲ့သည့် စက်တင်ဘာ(၂၅)ရက်နေ့ကတည်းက မုန်တိုင်းအရှိန်ကြောင့် မိုးအများအပြားရွာသွန်းခဲ့ရာ လောင်းလုံးနှင့်သရက်ချောင်းမြို့နယ်တို့တွင် တောင်ပြိုမှုများ ဖြစ်ပွားခဲ့ပြီး လူဦးရေ(၃၀)ထက်မနည်း သေဆုံးမှုရှိခဲ့သည်။

လတ်တလော မိုးနည်းသွားသော်လည်း ပျောက်ဆုံးသူများရှိနေဆဲဖြစ်သလို ဒေသခံသောင်းချီထက်မနည်း ရေဘေးသင့်နေပြီး နိုင်ငံတော်အဆင့်ကယ်ဆယ်ရေးမရရှိ၍ အများအားဖြင့် ဒေသထဲရှိ လူမှုကူညီရေးအဖွဲ့များနှင့်ဒေသခံများ ပူးပေါင်းကာ ကိုယ်ထူကိုယ်ထအားဖြင့် ကယ်ဆယ်၊ ရှင်းလင်းရေးလုပ်နေရသည်ဟု ထားဝယ်အင်အားစုများအပါအဝင် လူမှုကူညီရေးအဖွဲ့များက ဆိုသည်။