Home သတင်း မဲဆောက်ရှိ ရွှေ့ပြောင်းကလေးများ၏ ပညာရေးနှင့် စွမ်းရည်တိုးတက်ရေး မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပပြီးစီး

မဲဆောက်ရှိ ရွှေ့ပြောင်းကလေးများ၏ ပညာရေးနှင့် စွမ်းရည်တိုးတက်ရေး မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပပြီးစီး

10

အောက်တိုဘာ (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ရွှေ့ပြောင်းကလေးများ အားကစားအခွင့်အလမ်းရရှိစေရန်နှင့် ပညာရေး၊ လူမှုဆက်ဆံရေးစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်ပြီး Play Onside အဖွဲ့၏ နှစ်စဥ်မိုးရာသီဘောလုံးပြိုင်ပွဲကို ယခုနှစ်တွင်လည်း ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

FAFI ၏ ပံ့ပိုးမှုဖြင့် အဆိုပါဘောလုံးပြိုင်ပွဲကို ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် မဲဆောက်ဒေသရှိ ရွှေ့ပြောင်းကျောင်းပေါင်း (၁၅) ကျောင်းမှ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

ပြိုင်ပွဲ အနိုင်အရှုံး ရလဒ်သတ်မှတ်ရာတွင် ပွဲစဉ်ရမှတ်တစ်ခုတည်းဖြင့်မဟုတ်ဘဲ အသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ အားကစားစိတ်ဓာတ်နှင့် အပြန်အလှန်လေးစားမှုတို့ကိုပါ ထည့်သွင်းစဥ်းစားကြောင်း တာဝန်ရှိသူများက ဆိုသည်။

“ကျနော်တို့ ပြိုင်ပွဲအမှတ်ကိုပဲ ဦးတည်ထားတာ မဟုတ်ပါဘူး။ သူတို့အတွက် လိုအပ်တဲ့ Life Skill တွေကိုပါ ထည့်ပေးထားတာပါ။ အမှတ်နှစ်ခု ပေါင်းမှ ချန်ပီယံ ဖြစ်မှာပါ။ ပွဲနိုင်ပေမဲ့ Life Skill မှာ အမှတ်မရရင် မနိုင်ပါဘူး။ အဲ့ဒီလို စိစစ်ပြီး ပညာရေးနဲ့ အားကစားကို ပူးတွဲ လုပ်ဆောင်ပေးနေတာပါ” ဟု ပွဲတာဝန်ရှိသူ ကိုဂျိမ်းစ်က ပြောသည်။

ပြိုင်ပွဲတွင် အသက် ၉ နှစ်မှ ၁၀ နှစ်အထိ ကစားသမားများက မိုက်ခရိုအသင်း၊ ၁၁ နှစ်မှ ၁၂ နှစ်အထိ အငယ်တန်းအသင်း၊ ၁၃ နှစ်မှ ၁၄ နှစ်အထိ အလယ်တန်းအသင်းနှင့် ၁၅ နှစ်မှ ၁၇ နှစ်အထိကို အကြီးတန်းအသင်း စသဖြင့် အသက်အုပ်စု ၄ ခုခွဲ၍ သတ်မှတ်ယှဥ်ပြိုင်ကြခြင်းလည်း ဖြစ်သည်။

ထို့အပြင် ကျောင်းအချင်းချင်း ရင်းနှီးမှုတိုးတက်လာခြင်း၊ ဘောလုံးစွမ်းရည်များ မြင့်တက်လာခြင်းနှင့် အားကစားမှတစ်ဆင့် အပြန်အလှန်လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လေ့လာနိုင်ခြင်းတို့ ရရှိစေသည်ဟု ပြိုင်ပွဲဝင်ကစားသမားများက ပြောသည်။

ကစားသမား မောင်ဇွဲနိုင်လင်းက “Play Onside က ဒီလိုအစီအစဉ်တွေ လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူငယ်တွေအတွက် စိတ်ထွက်ပေါက်တစ်ခု ဖြစ်သလို အကျိုးရှိတဲ့အရာတွေနဲ့ ဗဟုသုတတွေလည်း အများကြီး ရရှိပါတယ်။ အရင်ကတော့ ဘောလုံးကစားတာလောက်ပဲ သိပေမယ့် နောက်ပိုင်းမှာ အချင်းချင်း လေးစားမှုကိုပါ သိလာပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

ပါဝင်ယှဥ်ပြိုင်ကြသည့် ကျောင်းသားများအနေဖြင့် အဆိုပါ ပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ အားကစားစွမ်းရည်များကို ထုတ်ဖော်ပြသခွင့်ရရှိသည့်အပြင် ထူးချွန်သည့် လူငယ်များသည် မဲဆောက်မြို့ရှိ အခြားဘောလုံးပြိုင်ပွဲများသို့ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်ဟုလည်း တာဝန်ရှိသူများက ဆိုသည်။

Play Onside အဖွဲ့သည် ၂၀၁၃ ခုနှစ်မှစ၍ မဲဆောက်ဒေသရှိ ရွှေ့ပြောင်းကလေးများနှင့် လူငယ်များအတွက် အားကစားမှတစ်ဆင့် ကျန်းမာရေး၊ အသင်းအဖွဲ့စိတ်ဓာတ်နှင့် လူမှုဆက်ဆံရေးစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်ကာ ဘောလုံးလှုပ်ရှားမှုများနှင့် မိုးရာသီဘောလုံးပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးလျက်ရှိကြောင်း သိရသည်။