Home သတင်း သဘာဝဘေးကြောင့် ထားဝယ်မှာ သေဆုံးသူ(၃၂)ဦးအထိ တိုးလာ၊ သောက်သုံးရေများ အရေးတကြီးလိုအပ်

သဘာဝဘေးကြောင့် ထားဝယ်မှာ သေဆုံးသူ(၃၂)ဦးအထိ တိုးလာ၊ သောက်သုံးရေများ အရေးတကြီးလိုအပ်

12
Photo: CJ, ဇမ္ဗူသီရိ

စက်တင်ဘာ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် ရေကြီးပြီးတောင်ပြိုကျမှုများဖြစ်ပွားခဲ့ရာ ယနေ့ စက်တင်ဘာ(၃၀)ရက်နေ့အထိ သေဆုံးသူ(၃၂)ဦးအထိ ရှိလာပြီး သောက်သုံးရေအရင်းအမြစ်များ ပျက်စီးနေခြင်းကြောင့် သောက်ရေ အရေးတကြီးလိုအပ်ချက်ရှိနေကြောင်း ထားဝယ်အင်အားစုများထံမှ သိရသည်။

မုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ(၂၅)ရက်နေ့ကစပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသ၊ အထူးသဖြင့် ထားဝယ်ခရိုင်အတွင်း စံချိန်တင်မိုးရွာသွန်းမှုများပြားရာမှ ရေကြီးပြီးတောင်ပြိုကျမှုများ ဖြစ်ပွားခဲ့ရာ ထားဝယ်၊ လောင်းလုံးနှင့် သရက်ချောင်းမှ သေဆုံးသူ(၃၂)ဦးရှိနေသည်ဟု ထားဝယ်အမျိုးသားအဖွဲ့ချုပ်-TNF က အတည်ပြုသည်။

ထို့အပြင် လောင်းလုံးနှင့်သရက်ချောင်းတွင် သောက်သုံးရေရရှိနိုင်သည့် အရင်းအမြစ်များ ယနေ့ထက်ထိ ပျက်စီးနေခြင်းကြောင့် သောက်သုံးရေ အရေးတကြီးလိုအပ်ပြီး ရေကျပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ရန် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အမိုးအကာနှင့် အိမ်ဆောက်ပစ္စည်းများ လိုအပ်နေကြောင်းလည်း သိရသည်။

သရက်ချောင်းမြို့နယ်ထဲရှိ အချို့ကျေးရွာများတွင်လည်း မကြုံစဖူးရေကြီးမှုကြောင့် နေအိမ်များ၊ ကျန်းမာရေးအဆောက်အအုံများ ရေအောက်နစ်မြှုပ်သည်အထိ ဖြစ်ပွားခဲ့ပြီး ယနေ့ ရေပြန်ကျသွားသော်လည်း နေအိမ်ပြန်၍မရသေးဟု ရေဘေးသင့်ရွာခံများက ဆိုသည်။

“ရေတော့ပြန်ကျပါပြီ ဒါပေမဲ့အခုထိ ဒေသခံတွေ အိမ်ပြန်နေလို့မရသေးဘူး။ ကုန်းမြင့်မှာနေတဲ့လူတချို့ပဲ အဆင်ပြေ‌တာ။ ရွာသား အိမ်တော်တော်များများ ထိတယ်။ ကျောင်းတွေအားလုံးပိတ်လိုက်ရတယ်။ အိမ်တွေလည်းအကုန်မြုပ်တယ်” ဟု သရက်ချောင်းက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

Photo: CJ, ဇမ္ဗူသီရိ

အမျိုးသားညီညွှတ်ရေးအစိုးရ-NUG ၏ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန၏ မှတ်တမ်းအရ ထားဝယ်ခရိုင်တစ်ခုလုံးတွင် ကျေးရွာပေါင်း(၆၀)ခန့်၊ အနည်းဆုံး လူဦးရေ (၂၀,၀၀၀) ရေဘေးသင့်နေသည်။ ယင်းကြောင့် လတ်တလော သွားလာရေးနှင့် ကယ်ဆယ်ရေးအတွက် ဒေသခံများ၊ အရပ်ဖက်အဖွဲ့များနှင့် နယ်ခံတော်လှန်ရေးအဖွဲ့များ ပူးပေါင်းပြီး လုပ်ဆောင်နေရသည်ဟု ဆိုသည်။

ထို့အပြင် ကိုယ်ထူကိုယ်ထဖြစ်ခြင်းကြောင့် မနိုင်ဝန်ထမ်းနေရ၍ ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် မွန်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းမှ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ထားဝယ်ဒေသ သဘာဝဘေးကို လာရောက်ကူညီကြရန်လည်း ထားဝယ်အင်အားစုများက အကူညီတောင်းခံနေခြင်းရှိသည်။

ယင်းကြောင့် စစ်အုပ်စုအနေဖြင့် ကယ်ဆယ်ရေးအဖွဲ့များကို ဟန့်တားပိတ်ပင်ခြင်းမလုပ်ဘဲ လွတ်လပ်စွာကူညီခွင့်ပြုရန် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ-DDMS (ထားဝယ်ခရိုင်) က ယမန်နေ့ (စက်တင်ဘာ ၂၉ ရက်နေ့)တွင် ထုတ်ပြန်မေတ္တာရပ်ခံသည်။

စစ်အုပ်စုဘက်ကမူ ရေပြန်ကျပြီးဖြစ်သဖြင့် ဌာနဆိုင်ရာနှင့်ဒေသခံများပူးပေါင်းကာ ထားဝယ်မြို့၊ မြစ်ကမ်းနားတွင် အမှိုက်ကောက်ခြင်း၊ လောင်းလုံးနှင့်သရက်ချောင်းတွင် လမ်းရှင်းခြင်းလုပ်ဆောင်ခဲ့ကြသည်ဟု ယမန်နေ့ စက်တင်ဘာ(၂၉)ရက်နေ့က ၎င်းတို့ထိန်းချုပ်ထားသည့် နိုင်ငံပိုင်မီဒီယာမှတဆင့် ထုတ်ပြန်သည်။

Photo: CJ, ဇမ္ဗူသီရိ