Home သတင်း ကိုရီးယားနိုင်ငံက WFP မှတဆင့် မြန်မာအတွက် အမေရိကန်ဒေါ်လာ ၅ သန်း ထပ်မံကူညီ

ကိုရီးယားနိုင်ငံက WFP မှတဆင့် မြန်မာအတွက် အမေရိကန်ဒေါ်လာ ၅ သန်း ထပ်မံကူညီ

13
Photo: WFP

သြဂုတ် (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကြောင့် ငတ်မွတ်ခေါင်းပါးမှုများ ပိုမိုဆိုးရွားလာချိန် တောင်ကိုရီးယားနိုင်ငံမှ ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာပေးဝေရေးအစီအစဥ် (World Food Programme-WFP) မှတဆင့် မြန်မာသို့ အမေရိကန်ဒေါ်လာ ၅ သန်း ထပ်မံကူညီလိုက်ကြောင်း သိရသည်။

တောင်ကိုရီးယားနှင့် WFP တို့ ပူးပေါင်းဆောင်ရွက်သည့် “ပဋိပက္ခဒဏ်ခံစားရသော မိသားစုများအတွက် အရေးပေါ်အကူအညီဖြင့် တုံ့ပြန်ခြင်း”” ဟု ခေါ်သည့် REACH အစီအစဉ်၏ ဒုတိယအဆင့်ကို အဆိုပါ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ဩဂုတ်လ (၂၀) ရက်နေ့က နှစ်ဖွဲ့ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

REACH မှတစ်ဆင့် မြန်မာနိုင်ငံရှိ လူဦးရေ ၁ သိန်း ၄ သောင်း အတွက် အရေးပေါ်စားနပ်ရိက္ခာများနှင့်အတူ အသက် ၅ နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် စုစုပေါင်း ၁၅,၀၀၀ ဦးအတွက် အာဟာရဆိုင်ရာ ထောက်ပံ့မှုများ ပေးအပ်သွားမည်ဟု WFP က ဆိုသည်။

ထို့အပြင် ပြည်တွင်းရှိ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ(IDP)များ၊ ပဋိပက္ခဒဏ်ခံစားရသူများနှင့် ၂၀၂၅ ခုနှစ် ငလျင်ဘေးသင့်ပြည်သူများမှာ ဦးစားပေးထောက်ပံ့မှုရရှိမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

“ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေနဲ့ အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရချိန်မှာ ဘယ်မိသားစု တစ်ဦးတစ်ယောက်မှ ဆာလောင်မွတ်သိပ်မှုဒဏ်ကို အကူအညီမဲ့ ရင်ဆိုင်နေရတာမျိုး မဖြစ်သင့်ပါဘူး။ ကိုရီးယားသမ္မတနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သွားဖို့ သန္နိဋ္ဌာန်ချထားဆဲ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး ယာယီတာဝန်ခံ H.E. Mr. Bae Byeongsoo က ထုတ်ပြန်ချက်တွင် ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ငတ်မွတ်ခေါင်းပါးမှုအခြေအနေ ဆိုးရွားသည့် ဆဋ္ဌမမြောက် နိုင်ငံဖြစ်၍ လူဦးရေ ၁၂ ဒဿမ ၄ သန်းသည် ပြင်းထန်သော စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်။ လူဦးရေ ၄ သန်းခန့်မှာလည်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း WFP က ဆိုသည်။

ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်လာပါက နောက်ထပ် လူဦးရေ ၅ သန်းအထိ စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်လာနိုင်သည်ဟုလည်း WFP က သတိပေးထားသည်။

ထို့အတူ ကိုရီးယားနိုင်ငံအနေဖြင့် REACH အစီအစဉ် ပထမအဆင့်တွင် အမေရိကန်ဒေါ်လာ ၁၀ သန်း ထောက်ပံ့ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ လူဦးရေ ၄၂၀,၀၀၀ ကျော်ထံ အကူအညီများ ပေးအပ်ခဲ့သေးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။