Home သတင်း မယ်လစခန်းဒုက္ခသည်စခန်းတွင် နာတာရှည်ရောဂါသည် တိုးလာပြီး ဆေးဝါးမလုံလောက်မှု ကြုံနေရ

မယ်လစခန်းဒုက္ခသည်စခန်းတွင် နာတာရှည်ရောဂါသည် တိုးလာပြီး ဆေးဝါးမလုံလောက်မှု ကြုံနေရ

8

သြဂုတ် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံးဒုက္ခသည်စခန်း မယ်လတွင် နာတာရှည်ရောဂါဖြစ်ပွားမှုတိုးလာပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးရရှိမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း စခန်းတာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

ယခင်က နာတာရှည်ရောဂါသည်များအတွက် စခန်းတွင်းရှိ ဆေးရုံနှင့် ဆေးပေးခန်းများမှ လစဉ်ဆေးဝါး ထောက်ပံ့ပေးနိုင်ခဲ့သော်လည်း ဒုက္ခသည်များအတွက် နိုင်ငံတကာအကူအညီများ လျှော့ချခံရပြီးနောက် ဆေးဝါးမလုံလောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် စခန်းနေ သက်ကြီးပိုင်းများကြား ဆီးချို၊ သွေးတိုးနှင့် ကျောက်ကပ်ရောဂါကဲ့သို့ နာတာရှည်ရောဂါ ဖြစ်ပွားသူများ လစဉ်တိုးလာနေပြီး လိုအပ်သည့် ဆေးဝါးနှင့် ကုသမှုများကို ပုံမှန်မရရှိတော့သဖြင့် ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသည်ဟု စခန်းတာဝန်ရှိသူက ပြောသည်။

“တစ်လပြီးတစ်လ ဖြစ်တဲ့လူတွေ ပိုတိုးလာတယ်။ အရင်တုန်းက နာတာရှည်ရောဂါသည်တွေအတွက် ဆေးရုံက လစဉ်ဆေးဝါး ထောက်ပံ့တာတွေရှိတော့ အဆင်ပြေတယ်။ အခု ထောက်ပံ့ကြေးတွေ လျှော့လိုက်တော့ ဆေးဝါးမလုံလောက်တော့ဘူး။ အဲဒါကြောင့် နာတာရှည်ရောဂါသည်တွေရဲ့ အခြေအနေက ပိုဆိုးလာပြီး ပိုများလာတယ်” ဟု မယ်လဒုက္ခသည်စခန်းဥက္ကဋ္ဌ စောဆန်းဒေးက ပြောသည်။

သို့ရာတွင် စခန်းအတွင်း နာတာရှည်ရောဂါသည်များနှင့် ပတ်သက်သည့် တိကျသောစာရင်းဇယား မရရှိသေးကြောင်း သိရသည်။

ထို့အပြင် စခန်းတွင်းဆေးရုံများ၌ လိုအပ်သည့် ဆေးဝါးအချို့ မရရှိတော့သောကြောင့် လူနာများမှာ စခန်းပြင်ပသို့ ကိုယ်တိုင်ငွေစိုက်ကာ ဆေးဝါးဝယ်ယူနေရပြီး ငွေကြေးမတတ်နိုင်သူများမှာ တိုင်းရင်းဆေးများကို အစားထိုးသုံးစွဲနေရသည်ဟု ဒုက္ခသည်စခန်း ကျန်းမာရေးဆောင်ရွက်သည့် သတင်းအရင်းအမြစ်က ဆိုသည်။

ကျန်းမာရေးဝန်ထမ်းတစ်ဦးက “အများအားဖြင့် ဆီးချို သွေးတိုးနဲ့ နောက်ဆက်တွဲ ကျောက်ကပ်ရောဂါပါ ဖြစ်လာကြတယ်။ စခန်းပြင်ပပို့ရမယ့် လူနာတွေအတွက်လည်း ကုန်ကျစရိတ်တွေရှိတယ်။ အခြေအနေဆိုးတဲ့ လူနာတွေကို အပြည့်အစုံ မကူညီနိုင်တော့ လူနာတွေ အိတ်စိုက်ရှင်းရတယ်။ အစားအသောက်လည်း ရွေးစရာမရှိတော့ ရှောင်ရမယ့် အစားအစာတွေကိုပဲ စားနေရတာတွေရှိတယ်”ဟု ကေအိုင်စီကို ပြောသည်။

၂၀၂၅ ခုနှစ်အစပိုင်းမှစ၍ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီများ လျှော့ချခံခဲ့ရခြင်းဖြစ်ပြီး ထိုစဥ်ကတည်းက လက်ရှိအချိန်ထိ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အကန့်အသတ်ဖြင့်သာ ရရှိတော့သည့် အခြေအနေဖြစ်ပေါ်နေသည်။