Home တွေ့ဆုံမေးမြန်းခန်း ကော်သူးလေ သစ်တောထိန်းသိမ်းရေးနှင့် စိန်ခေါ်မှုများအပေါ် ကေအဲန်ယူ ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း။

ကော်သူးလေ သစ်တောထိန်းသိမ်းရေးနှင့် စိန်ခေါ်မှုများအပေါ် ကေအဲန်ယူ ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း။

19

“ကိုယ့်မြေ ကိုယ့်ရေကို ချစ်မြတ်နိုးကြဖို့၊ ကိုယ့်မြေကို ထိပါးစေမယ့် တရားမဝင်လုပ်ငန်းတွေကို အထူးရှောင်ကြဉ်ကြဖို့နဲ့ တိုင်းချစ်ပြည်ချစ်၊ ရေချစ်မြေချစ်တဲ့ လူငယ်တွေ ဖြစ်လာကြဖို့ တိုက်တွန်းပြောကြားချင်တယ်။”

ကော်သူးလေ သစ်တောထိန်းသိမ်းရေးနှင့် စိန်ခေါ်မှုများအပေါ် ကေအဲန်ယူ ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း။

ဇူလိုင် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မိုးလရာသီ ဇူလိုင်တစ်လလုံးသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း နှစ်စဉ်ကျင်းပနေမြဲဖြစ်သည့် ကော်သူးလေ စုပေါင်းသစ်ပင်စိုက်ပျိုးရေးလ ဖြစ်သည်။

ကေအဲန်ယူအနေနဲ့ လတစ်လအနေဖြင့် သစ်ပင်စိုက်ပျိုးဖို့ အလေးထား သတ်မှတ်ပြုလုပ်ရသည့် ရည်ရွယ်ချက်၊ တဖက်မှာလည်း နယ်မြေတွေမှာ လက်ရှိ ကြုံတွေ့နေရတဲ့သစ်တောပြုန်းတီးမှု အ‌ခြေအနေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ကေအဲန်ယူ ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်းနဲ့ ကေအိုင်စီ-ကရင်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ သစ်ပင်စိုက်ပျိုးရေးလကို နှစ်စဉ် အလေးထားကျင်းပရခြင်းရဲ့ အဓိကရည်ရွယ်ချက်နဲ့ အခုနှစ်အတွက် ချမှတ်ထားတဲ့ ရည်မှန်းချက် (ဥပမာ – အပင်အရေအတွက် သို့မဟုတ် ဧရိယာ) ဘယ်လိုရှိလဲ သိပါရစေ။
ဖြေ။ ။ အခုမေးတဲ့ နှစ်ချက်က အပြန်အလှန် ဆက်စပ်မှုရှိတယ်။ ရည်ရွယ်ချက်အနေနဲ့ အဓိက (၄) ချက် ရှိတယ်။ပထမအချက်က သစ်တောသစ်ပင်တွေ တိုးပွားလာဖို့ ဖြစ်ပြီး ရပ်ရွာတစ်ရွာနဲ့တစ်ရွာကြား၊ သင်္ချိုင်းမြေ၊ ဆေးရုံဝင်းနဲ့ ကျောင်းဝင်း ပရဝုဏ်တွေမှာ သစ်တောသစ်ပင်တွေ ပွားများလာစေဖို့ ဖြစ်ပါတယ်။ ဒုတိယအချက်က ဒီသစ်တောတိုးပွားလာရေးလုပ်ငန်းတွေမှာ ပြည်သူလူထု၊ တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာအချင်းချင်းနဲ့ တခြားအဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့ပါ။ တတိယအချက်က အထူးသဖြင့် လူငယ်တွေကြားမှာ သစ်တောသစ်ပင် ချစ်မြတ်နိုးတဲ့စိတ်ဓာတ် ပိုမိုတိုးပွားလာအောင် မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ အစိုးရအုပ်ချုပ်ရေးတစ်ရပ်အနေနဲ့ သစ်တောဌာနက ဆောင်ရွက်နေတဲ့ သစ်တော ထိန်းသိမ်း ကာကွယ်ရေး၊ ပြန်လည်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေကို ပြည်တွင်းပြည်ပက သိရှိလာစေဖို့ ဖြစ်ပါတယ်။

ရည်မှန်းချက်အပိုင်းမှာတော့ အခုက ကေအဲန်ယူ သစ်တောဌာနက ပျိုးပင်တွေ ပျိုးထောင်ပေးပြီး လူထုအားနဲ့ ကိုယ်ထူကိုယ်ထ စုပေါင်းစိုက်ပျိုးတာပဲ ဖြစ်တယ်။ ဒေသအလိုက် စစ်ရေးအခြေအနေနဲ့ တိုက်ပွဲတွေ ရှိနိုင်တာမို့ ဌာနအနေနဲ့ တစ်နှစ်မှာ တစ်ခရိုင်ကို အပင်အရေအတွက် ဘယ်လောက်၊ ဧရိယာဘယ်လောက် စိုက်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးနဲ့ တိတိကျကျ ရည်မှန်းချက်ချပြီး မလုပ်ပါဘူး။ အဓိကကတော့ လူငယ်တွေကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ သစ်တောချစ်စိတ် ရှိလာဖို့ကိုပဲ ရည်မှန်းပါတယ်။ တိကျတဲ့ ဧရိယာသတ်မှတ်ချက်ကတော့ တခြားမဟာဗျူဟာကဏ္ဍပိုင်းနဲ့ သွားပါတယ်။

မေး။ ။ ကွန်ကရက်က ချမှတ်ပြီးနောက်ပိုင်း သစ်ပင်စိုက်ပျိုးလာတာ အခုဆိုရင် (၉) နှစ် ပြည့်ခဲ့ပြီလို့ သိရပါတယ်။ အဲ့ဒီ ၉ နှစ်တာကာလအတွင်းမှာ သစ်ပင်ပေါင်း ဘယ်လောက်ကို ပြန်လည်စိုက်ပျိုးထားနိုင်ခဲ့ပြီလဲ။
ဖြေ။ ။ စာရင်းပြုစုထားတာတော့ ရှိပါတယ်။ ဒါပေမဲ့ ခုနကပြောသလို သစ်တောသစ်ပင် ပွားများဖို့ဆိုတာ သစ်တောအမျိုးအစားမျိုးစုံ ရှိရပါမယ်။ ရွာချင်းဆက်လမ်းတွေမှာဆိုရင် အရိပ်ရပင်တွေ ဖြစ်မယ်။ တောစပ်တွေမှာ စိုက်ရင်တော့ တောရိုင်းတိရစ္ဆာန်တွေ အစာအတွက် ဖြစ်မယ်။ ကျောင်းဝင်းတွေမှာဆိုရင်တော့ အရိပ်ရပင်နဲ့ အလှစိုက်ပန်းပင်တွေ ဖြစ်ပါလိမ့်မယ်။ အပင်အမျိုးအစားစုံပေမယ့် လက်ရှိမှာတော့ သစ်တောအမျိုးအစားတွေဖြစ်တဲ့ ကျွန်း၊ ပျဉ်းကတိုးနဲ့ သစ်မာပင်တွေကို ဦးစားပေး စိုက်ပျိုးနေပါတယ်။

မေး။ ။ ကော်သူးလေ နယ်မြေထဲက သစ်တောပြုန်းတီးမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘယ်လိုရှိနေပါသလဲ။ ထိန်းချုပ်နယ်မြေတစ်ခုလုံးမှာ ဘယ်လောက် ရာခိုင်နှုန်းလောက် ပြုန်းတီးနေပြီး ဘယ်ဒေသတွေက အဓိက ဖြစ်ပွားနေသလဲ။
ဖြေ။ ။ သစ်တောဖုံးလွှမ်းမှု အခြေအနေ ဆန်းစစ်ချက် (စစ်တမ်း) ကို အခုမှပဲ စလုပ်ခွင့်ရတယ်လို့ ပြောရမှာပါ။ သစ်တောပြုန်းတီးနေတာကတော့ သေချာပါတယ်။ ဒါပေမဲ့ ဘယ်လောက်အထိ ပြုန်းတီးနေပြီလဲဆိုတဲ့ မှတ်တမ်းအချက်အလက်တွေကိုတော့ အခုမှပဲ ခရိုင်အလိုက် စတင်ကောက်ယူနေဆဲ ဖြစ်ပါတယ်။
သစ်တောဌာနအနေနဲ့ သစ်ပင်စိုက်တာတစ်ခုတည်းတင်မကဘဲ သစ်တောထိန်းသိမ်းကာကွယ်ရေး၊ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး၊ သုတေသနနဲ့ မှတ်တမ်းလုပ်ငန်းတွေကို ကဏ္ဍအလိုက် ဆောင်ရွက်နေပါတယ်။ အဓိကကတော့ ပူးပေါင်းဆောင်ရွက်မှုအားကောင်းဖို့နဲ့ ချစ်ခင်မြတ်နိုးစိတ်ရှိဖို့က အဓိကပါပဲ။

မေး။ ။ အခုလို ဒေသတွင်း သစ်တောတွေ ပြုန်းတီးမှုကို ဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းတွေကော ဘာတွေ ဖြစ်မလဲ။
ဖြေ။ ။ အကြောင်းရင်းကတော့ အမျိုးမျိုး ရှိပါတယ်။ တချို့နေရာတွေမှာ ချမှတ်ထားတဲ့ မဟာဗျူဟာအတိုင်း မဆောင်ရွက်နိုင်တာရှိသလို အဖွဲ့အစည်းတွေ များပြားတဲ့အတွက် ပူးပေါင်းဆောင်ရွက်မှု အားမကောင်းရင် သစ်တောထိန်းသိမ်းရမှာ ခက်ခဲပါတယ်။
နောက်တစ်ချက်ကတော့ သတ္တုတူးဖော်တာတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် တောမီးလောင်တာတွေ ဖြစ်တယ်။ ဒါ့အပြင် တောင်ယာအကြောင်းပြပြီး တရားမဝင် သစ်ခုတ်တာတွေ၊ ပြောင်း၊ ပီလောပီနံ၊ ဆနွင်း စတဲ့ စီးပွားဖြစ်သီးနှံတွေကို အစားထိုး စိုက်ပျိုးတာတွေလည်း ရှိပါတယ်။ သစ်တောဥပဒေ စိုးမိုးဖို့အတွက် တာဝန်ယူဆောင်ရွက်မယ့် ဝန်ထမ်းအရေအတွက် လိုအပ်ချက်ရှိနေတာကလည်း စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။

မေး။ ။ ပြုန်းတီးသွားတဲ့ သစ်တောဧရိယာအပေါ် ပြန်လည်ကုစား စိုက်ပျိုးနိုင်မှုနှုန်းကရော ဘယ်လောက်အထိ ရှိနေပြီလဲ။
ဖြေ။ ။ ဒါကတော့ အတိအကျပြောရ ခက်ပါတယ်။ လောလောဆယ် ကိုယ့်အခြေအနေနဲ့ကိုယ် နိုင်သလောက်ပဲ လုပ်နေရတာပါ။ တကယ့် အစိုးရတစ်ရပ်ရဲ့ ဌာနတစ်ခုဆိုရင်တော့ ဘတ်ဂျက်ရှိမယ်။ တစ်နှစ်ကို ဘယ်လောက်စိုက်မယ်၊ (၄) နှစ် (၅) နှစ်အတွင်း ဘယ်လောက် ကုန်ကျမလဲဆိုတဲ့ စစ်တမ်းတွေနဲ့ စနစ်တကျ သွားလို့ရပေမယ့် ကျနော်တို့က အဲဒီလို သွားလို့မရသေးပါဘူး။ ရှင်းရှင်းပြောရရင် ဒီဌာနတစ်ခု ပုံမှန်လည်ပတ်နိုင်ရုံပဲ ရှိတာမို့ အကောင်အထည်ဖော်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် လူထုအားနဲ့ပဲ ချစ်မြတ်နိုးစိတ်၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ပဲ စတင်နေရတာ ဖြစ်ပါတယ်။ ခရိုင်အလိုက်တော့ တချို့ သတ်မှတ်ထားတာမျိုးတွေ ရှိပါတယ်။

မေး။ ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကာလတွေမှာ နိုင်ငံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေက အတော်လေး ရှုပ်ထွေးလာပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကော်သူးလေဒေသတွင်း သစ်တောထိန်းသိမ်းရေး လုပ်ငန်းစဉ်အတွက် ဘယ်လိုစိန်ခေါ်မှုမျိုးတွေ ရှိလာလဲ။
ဖြေ။ ။ အရင်တုန်းက စစ်ကြောင်းထိုးတဲ့အခါ တိုက်ပွဲတွေက ပြင်းထန်ပြီး ကိုယ့်နယ်ထဲအထိ ခြေလျင်တက်လာတာမို့ ရွာသားတွေက သစ်တောထဲ ဝင်ခိုကြရပါတယ်။ တချို့ဆို နှစ်ရှည်လများ နေထိုင်စားသောက်ပြီး ရွာငယ်လေးတွေပါ ဖြစ်သွားတဲ့အတွက် သစ်တောကို အများကြီး ထိခိုက်ခဲ့ပါတယ်။

ဒါပေမဲ့ အခုကာလမှာတော့ သူတို့ဘက်က လေကြောင်းဗုံးကြဲတာတွေ လုပ်လာရင်လည်း ရွာသားတွေက ဗုံးကြဲတဲ့နေရာနားကိုပဲ ရှောင်ကြတာမို့ သစ်တောရဲ့ လုပ်ငန်းတွေကို အရင်လို အများကြီး မထိခိုက်တော့ပါဘူး။ လက်ရှိ တိုက်ပွဲတွေကြောင့် သစ်တောပြုန်းတီးမှုအပေါ် သက်ရောက်မှုကတော့ မရှိသလောက် နည်းပါးသွားပြီလို့ ပြောလို့ရပါတယ်။

မေး။ ။ စိုက်ပြီးသားအပင်တွေ ရေရှည်ရှင်သန်ဖို့နဲ့ သစ်တောတွေ ရေရှည်တည်တံ့ဖို့အတွက် ကေအဲန်ယူက ဘယ်လို စနစ်တကျ စီမံခန့်ခွဲနေပါသလဲ။
ဖြေ။ ။ ကျနော်တို့မှာ သစ်တောဌာနကဏ္ဍအပြင် သဘာဝပတ်ဝန်းကျင်နဲ့ ထိန်းသိမ်းရေးကဏ္ဍ ဆိုပြီး ရှိပါတယ်။ သူတို့ကလည်း အခုမှ စတင်အလုပ်လုပ်တာဖြစ်ပြီး ‘Kawthoolei Climate Change’ မဟာဗျူဟာ စီမံချက်တွေကို ရေးဆွဲနေပါပြီ။
သစ်တောဌာနကဏ္ဍအနေနဲ့ကတော့ ဆယ်နှစ်အတွင်း သစ်တောပြန်လည်ဖွံ့ဖြိုးဖို့ အပင်ဦးရေနဲ့ ဧက တွက်ချက်ထားတာ ရှိပါတယ်။ ရွာသားတွေ ကိုယ်တိုင်စီမံခန့်ခွဲတဲ့ ကျေးရွာပိုင်ဘုံသစ်တောတွေ တိုးပွားလာဖို့နဲ့ ရေဝေရေလဲ ထိန်းသိမ်းရေးလုပ်ငန်းတွေ အတွက် ဆယ်နှစ်အတွင်း ဧကပေါင်း နှစ်သိန်း (၂၀၀,၀၀၀) စိုက်ပျိုးဖို့ စီမံချက် လျာထားပါတယ်။

ဒါက စုပေါင်းသစ်ပင်စိုက်တာနဲ့မတူဘဲ စနစ်တကျသွားမယ့် ကိစ္စရပ်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗဟိုက ကော်မတီဖွဲ့ထားပြီး ခရိုင်နဲ့ မြို့နယ်အဆင့်ဆင့်မှာ အတည်ပြုချက်ရယူဖို့နဲ့ ဒီစီမံချက်ကို အောက်ခြေအထိ ချပြဆွေးနွေးနိုင်ဖို့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကတော့ သစ်တောအပြင် လယ်ယာ၊ စွမ်းအင်၊ အမှိုက်သရိုက်နဲ့ တခြားသယံဇာတတွေအထိ ကျယ်ပြန့်ပါတယ်။

မေး။ ။ အခုလို သစ်ပင်တွေစိုက်တာ၊ သစ်တောတွေ မပြုန်းတီးအောင် ထိန်းသိမ်းနေတာက အနာဂတ် ကော်သူးလေ တည်ထောင်ရေးအတွက် ဘယ်လောက်အထိ အရေးပါနေသလဲ။
ဖြေ။ ။ ကော်သူးလေဆိုတာ နိုင်ငံတစ်နိုင်ငံ (ထီးကော် )ဖြစ်တဲ့အတွက် သူ့မှာ အုပ်ချုပ်ရေး၊ ဌာနဆိုင်ရာတွေ စုံလင်စွာ ရှိရပါမယ်။ လယ်ယာ၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားရေးတို့လိုပဲ သစ်တောဆိုတာလည်း ဘယ်အစိုးရမဆို ရှိသင့်တဲ့ အင်္ဂါရပ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရတစ်ရပ် ဖော်ဆောင်ဖို့အတွက် ဒီသစ်တောကဏ္ဍက အရေးကြီးပါတယ်။ အခု သစ်တောပြန်လည်ဖွံ့ဖြိုးရေးနဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဟာ နိုင်ငံတကာနဲ့ပါ စုပေါင်းဆောင်ရွက်ရမယ့် ကိစ္စရပ် ဖြစ်ပါတယ်။

မေး။ ။ နောက်ဆုံးမေးခွန်းအနေနဲ့ ဒီကနေ့ စိုက်ပျိုးလိုက်တဲ့ သစ်ပင်တစ်ပင်က ကော်သူးလေကို ဘယ်လို ကယ်တင်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘယ်လို သတင်းစကား ပါးချင်ပါသလဲ။
ဖြေ။ ။ ကရင်လူမျိုးတွေဟာ ရှေးကတည်းက သစ်တောတွေကို မှီခိုလာတာဖြစ်ပြီး ဓလေ့ထုံးတမ်း ယုံကြည်မှုတွေကလည်း သစ်ပင်တွေနဲ့ ဆက်စပ်နေပါတယ်။ အရင်က ရွာတွေမှာ တစ်နှစ်တစ်ခါ ပူဇော်ပသတဲ့ သစ်တောကွက်တွေ ရှိပေမယ့် အခု သစ်တောတွေ မရှိတော့တဲ့အတွက် ဓလေ့ထုံးစံတွေပါ ပျောက်ကွယ်ကုန်ပါတယ်။ သစ်ပင်ဟာ ကိုးကွယ်ယုံကြည်မှုတင်မကဘဲ တောင်ယာလုပ်ကိုင်တာ၊ ပျားဖွတ်တာ စတဲ့ သစ်တောထွက်ပစ္စည်းတွေကို မှီခိုနေရတဲ့ ပြည်သူတွေရဲ့ ဘဝလုံခြုံမှုလည်း ဖြစ်ပါတယ်။ အခုချိန်မှာ စစ်ပြေးရင်တောင် တောထဲပဲ ပြေးကြရတာပါ။

ဒါ့အပြင် ဂေဟစနစ် လည်ပတ်ဖို့၊ ချောင်းမြောင်းတွေနဲ့ မြေဆီလွှာ ထိန်းသိမ်းဖို့၊ ရာသီဥတု မျှတဖို့အတွက် သစ်ပင်တွေက အဓိကကျပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ ကိုယ့်မြေ ကိုယ့်ရေကို ချစ်မြတ်နိုးကြဖို့၊ ကိုယ့်မြေကို ထိပါးစေမယ့် တရားမဝင်လုပ်ငန်းတွေကို အထူးရှောင်ကြဉ်ကြဖို့နဲ့ တိုင်းချစ်ပြည်ချစ်၊ ရေချစ်မြေချစ်တဲ့ လူငယ်တွေ ဖြစ်လာကြဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။