ဇူလိုင်၊ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA) စာချုပ်ကို ဆက်လက်အကောင်အထည်ဖော်ရန် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)က စစ်အုပ်စုနှင့် နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့အပြီး ယနေ့ ဇူလိုင်လ၊ (၁၂) ရက်တွင် ဖားအံမြို့၊ တောင်ကလေးတိုးချဲ့ကွက်သစ်၌ အဖွဲ့ဆက်ဆံရေးရုံးကို စည်ကားစွာ ပြောင်းရွေ့တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မလိုလားအပ်သည့် ပဋိပက္ခများကို ဖြေရှင်းရေးအတွက်ရည်ရွယ်ပြီး ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်းဖြစ်သည်ဟု DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင် က ဖွင့်ပွဲအခမ်းအနားတွင် ဆိုသည်။
“NCA ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဒီဆက်ဆံရေးရုံးကို ကျနော်တို့ ဖွင့်လှစ်တယ်။ မလိုလားအပ်တဲ့ ပွတ်တိုက်မှုတွေ၊ မလိုလားအပ်တဲ့ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် ဆက်ဆံရေးရုံးဖွင့်ရခြင်းဖြစ်တယ်” ဟု ဗိုလ်ချုပ်စောဆန်းအောင်က ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။
ဆက်ဆံရေးရုံးတွင် တာဝန်ထမ်းဆောင်မည့် တပ်ဖွဲ့ဝင်များအနေဖြင့် အလျှော့ပေးသည်းခံစိတ်ထားကြရန်ကိုလည်း ဖွင့်ပွဲအခမ်းအနားတွင် DKBA က ပြောဆိုမှာကြားသွားသည်။
ဖားအံမြို့အတွင်းမှ တောင်ကလေးသို့ ပြောင်းရွှေ့ဖွင့်လှစ်လိုက်သည့် DKBA ၏ ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်းအနားသို့ အဖွဲ့ စစ်ဦးစီးချုပ်နှင့်တာဝန်ရှိသူများအပါအဝင် ကရင်ငြိမ်းချမ်းရေးကောင်စီ-PC၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဒူးပလာယာခရိုင် ဥက္ကဌဟောင်း စောရွှေမောင်းနှင့် ကရင်နယ်ခြားစောင့်တပ်-BGF အမှတ်(၄) တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန် တို့လည်း တက်ရောက်ကြသည်။
ထို့အတူ ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) မှတာဝန်ရှိသူများအပြင် ပြည်နယ်စစ်အုပ်စုတာဝန်ရှိသူများ၊ ကရင်ပြည်နယ်အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)မှ အရပ်သားကိုယ်စားလှယ်များနှင့် တောင်ကလေး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော်တို့လည်း ကိုယ်စားပြုပါဝင်ကြကြောင်း သိရသည်။

ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်းသည် NCA နှင့်ပတ်သက်ဆက်နွယ်မှုရှိသည့်အတွက် ငြိမ်းချမ်းရေးကိုလိုလားသူတစ်ဦးအနေဖြင့် တက်ရောက်ခြင်းဖြစ်ကြောင်းလည်း ကေအဲန်ယူ ဒူးပလာယာခရိုင် ဥက္ကဌဟောင်း စောရွှေမောင်း ဖွင့်ပွဲအခမ်းအနားတွင် ဆိုသည်။
၎င်းက “NCA ဟာ ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲဖို့ဖြစ်တယ်။ အပစ်အခတ်ရပ်စဲမှပဲ ကျနော်တို့ ငြိမ်းချမ်းတည်ငြိမ်ရေးကို ဆောင်ရွက်နိုင်မှာဖြစ်တယ်။ အဲဒါကြောင့် ဆက်ဆံရေးရုံးဟာလိုအပ်တယ်။ ဒီနိုင်ငံက ပြည်သူလူထုတွေဟာ ငြိမ်းချမ်းမှုကို ငတ်မွတ်နေကြပြီး ငြိမ်းချမ်းအောင်ဆောင်ရွက်ဖို့က ဆက်ဆံရေးရုံး မလွဲမသွေလိုအပ်တယ်။” ဟု အခမ်းအနားတွင် ပြောသည်။
တဖက်တွင်လည်း ထိုင်း-ကရင် နယ်စပ်ဒေသများသို့ စစ်အုပ်စုက အပြင်းအထန်ထိုးစစ်ဆင်နေချိန်ဖြစ်ပြီး DKBA ဆက်ဆံရေးရုံးဖွင့်ပွဲတွင် စစ်အုပ်စုနှင့် ကရင်လက်နက်ကိုင်အဖွဲ့များ နီးနီးကပ်ကပ်ဆက်ဆံရေး ပေါ်လွင်နေသည့်အပေါ် လူထုက ဝေဖန်ပြောဆိုနေကြခြင်းရှိသည်။
ရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် BGF တပ်နယ်(၄)တပ်နယ်မှူး ဗိုလ်မှူးစောမှုတ်သုန်ကမူ စစ်အစိုးရနှင့်ပဋိပက္ခဖော်ဆောင်ရမည့် အလုပ်မျိုးကို ဆန္ဒမရှိကြောင်း ပွဲအတွင်း ပြောဆိုထားသည်။
ဗိုလ်မှူးစောမုတ်သုန်က “ကျနော်ကတော့ရှင်းတယ်။ ဒီနိုင်ငံမှာနေတဲ့အတွက် အစိုးရနဲ့ ပဋိပက္ခဖြစ်ဖို့ ဝါသနာမပါဘူး။ လုပ်လို့လည်းမပျော်ဘူး။ ကျနော်တို့အဖွဲ့အစည်းက ဖြစ်ချင်တာရှိသလို နိုင်ငံတော်ကလည်း ဖြစ်ချင်တာရှိတယ်။ ပေါင်းလိုက်ရင်တော့ အဖြေတစ်ခုထွက်မှာပဲ” ဟု ၎င်းက ပြောသည်။
စစ်အုပ်စုက သတ်မှတ်ထားသည့် ရက်(၁၀၀) စီမံကိန်းကာလတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် NCA မူဘောင်အတိုင်းဆွေးနွေးရန် ငြိမ်းချမ်းရေးကမ်းလှမ်းချက်များ လုပ်ဆောင်ခဲ့သည်။ ယင်းနောက် ၎င်းတို့ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးကော်မတီ(NSPNC)အားဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆက်တိုက်ဆိုသလို တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တောင်ကလေးတွင် ဆက်ဆံရေးရုံးမဖွင့်ခင် ဇူလိုင်လ (၉)ရက်နေ့က နေပြည်တော်တွင် DKBA နှင့် တွေ့ဆုံခဲ့သည်။



















