Home သတင်း အာဏာသိမ်း(၅)နှစ်ကျော်ကာလအတွင်း ဆေးကုမှုမလုံလောက်ခြင်းကြောင့် နိုင်ငံရေးဖြင့်အကျဥ်းချခံရသူ (၁၄၈) ဦးသေဆုံး

အာဏာသိမ်း(၅)နှစ်ကျော်ကာလအတွင်း ဆေးကုမှုမလုံလောက်ခြင်းကြောင့် နိုင်ငံရေးဖြင့်အကျဥ်းချခံရသူ (၁၄၈) ဦးသေဆုံး

76
Photo: Internet

ဇူလိုင် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စုအာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် မေလအထိ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဥ်းထောင်ပေါင်း(၃၂)ခုတွင် နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထောင်အတွင်း ဖမ်းဆီးအကျဥ်းချခံထားရစဥ် ဆေးကုသမှုမလုံလောက်ခြင်းကြောင့် သေဆုံးသူ (၁၄၈) ဦးရှိလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM) က ယနေ့ ဇူလိုင်(၂၀)ရက်တွင် ထုတ်ပြန်သည်။

သေဆုံးသူများတွင် အမျိုးသမီးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ(LGBTQI+) ၁၄ ရာခိုင်နှုန်းပါဝင်နေပြီး အမျိုးသားက ၈၆ ရာခိုင်နှုန်း ပါဝင်နေပြီး နာတာရှည်ရောဂါများခံစားရသော်လည်း ဆေးကုသမှုလုံလောက်စွာမရသည့်အပြင် စစ်ဆေးမေးမြန်းစဥ် ညှင်းပန်းနှိပ်စက်ခံရခြင်း၊ အရေးပေါ်ခွဲစိတ်ရမည့်ရောဂါနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု PPNM က ဖော်ပြသည်။

အသက်အရွယ်အားဖြင့် (၃၆) နှစ်မှ (၅၅) နှစ်ကြားရှိ သေဆုံးသူအများဆုံးဖြစ်၍ (၃၅) နှစ်အောက် လူငယ်များအပါအဝင် အသက်မပြည့်သေးသည့်ကလေးမှ အသက် (၇၀) ကျော် သက်ကြီးရွယ်အိုများလည်း PPNM ၏ စာရင်းအရ ပါဝင်နေခြင်းရှိသည်။

“အာဏာသိမ်းပြီးတဲ့နောက် အကျဥ်းထောင်ထဲမှာ ဖိနှိပ်ရေးယန္တရားပြောင်းလဲတယ်။ ထောင်တွင်း အရေးပေါ်ကျန်းမာရေးဖြစ်တဲ့အချိန်မှာ ပြင်ပဆေးရုံကိုအချိန်နဲ့တပြေးညီ ကုသခွင့်မရတာ၊ လုံခြုံရေးအကြောင်းပြပြီး ဆေးကုခွင့်ကန့်သတ်တာတွေပေါ့။ ဒါတွေပေါင်းလိုက်တော့ သေဆုံးမှုတွေက လျော့ကျလာတာမရှိဘဲ တစ်နှစ်ထက်တစ်နှစ်ပိုပြီး စိုးရိမ်စရာကောင်းလာတယ်“ ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ထို့အပြင် နိုင်ငံတစ်ဝှမ်းရှိအကျဥ်းထောင်ဟုဆိုရာတွင် ရန်ကုန်၊ အင်းစိန်အကျဥ်းထောင်တွင် လူသေဆုံးမှုအများဆုံးဖြစ်ပြီး ထိုနောက်မှ မန္တလေး အိုးဘိုထောင်နှင့် ပဲခူး ဒိုက်ဦးအကျဥ်းထောင်တို့တွင် လူသေဆုံးမှုများဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Photo: Internet

နိုင်ငံတကာအကျဥ်းသားများဆိုင်ရာစံနှုန်းအရ မည်သည့်အကျဥ်းသားဖြစ်စေ တန်းတူညီမျှသောကျန်းမာရေး‌ စောင့်ရှောက်မှုရှိရမည်ဖြစ်သော်လည်း ယခုလိုလူသေဆုံးခြင်းမှ ထောင်အတွင်းဆေးဝါးမလုံလောက်မှုနှင့် ကုသမှုကို စစ်အုပ်စုက တမင်နှောင့်နှေးစေသည်ဟု PPNM က အစီရင်ခံစာမှတဆင့် မီးမောင်းထိုးပြထားသည်။

ယင်းကြောင့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာနနှင့် အကျဥ်းထောင်ဝန်ထမ်းအားလုံးတွင် တာဝန်ရှိနေပြီး ကျူးလွန်သူများအားလုံး တာဝန်ခံရမည်ဟု ဆိုသည်။

ထို့အတူ အကျဉ်းထောင်များအတွင်း ဆေးဝါးနှင့် ဆရာဝန်အင်အား လုံလောက်မှုမရှိခြင်းကြောင့် ဖြစ်ပွားနေသော သေဆုံးမှုများကို လျှော့ချနိုင်ရန် နိုင်ငံရေးအကျဥ်းသူ/သားများ အခွင့်အရေးတက်ကြွလှုပ်ရှားနေသည့် အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း PPNM အနေဖြင့် သုံးသပ်သည်။

အာဆီယံနှင့် နိုင်ငံတကာအနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုပေးကြရန်နှင့် မလွတ်မြောက်မီတွင် ထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိကာ သက်သာချောင်ချိစွာ နေထိုင်နိုင်ရေးအတွက် အတူတကွ တောင်းဆိုဝန်းရံပေးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။