Home သတင်း ဘုရားကျောင်းတက်ချိန် လေယာဥ်လာပစ်၍ မူတြော်ဒေသ၊ နော့ယိုထရွာက အမျိုးသမီးကြီး (၁) ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရ

ဘုရားကျောင်းတက်ချိန် လေယာဥ်လာပစ်၍ မူတြော်ဒေသ၊ နော့ယိုထရွာက အမျိုးသမီးကြီး (၁) ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရ

5
Photo: CJ

နိုဝင်ဘာ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)၊ မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ နော့ယိုထရွာသို့ ယမန်နေ့၊ နိုဝင်ဘာ (၂၂)ရက်နေ့က ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း တက်ချိန် လေယာဥ်ပစ်ခတ်တိုက်ခိုက်သဖြင့် သက်ကြီးရွယ်အို အမျိုးသမီး(၁)ဦး သေဆုံးကာ ကျောင်းနေအရွယ်ကလေးများ အပါအဝင် (၈) ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ မနက် (၁၀) နာရီ ဝန်းကျင်အချိန်တွင် စစ်အုပ်စုက လေယာဥ်နှစ်စီးဖြင့် နော့ယိုထရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘုရားကျောင်းအဆောက်အအုံနှင့် နေအိမ်များပျက်စီးသလို အိမ်ပေါ်လက်နက်ကျ၍ အဖွားအို(၁)ဦး ပွဲချင်းပြီးသေဆုံးသွားသည်။

ဒဏ်ရာရသည့်အထဲတွင် ကျောင်းသူ(၂)ဦး၊ ကျောင်းသား(၁)ဦးနှင့် ကျောင်းဆရာမ(၁)ဦး တို့ ပါဝင်၍ ဝမ်းဗိုက်နှင့်ညာခြေထောက် ထိထားသည့် အထက်တန်းကျောင်းသူ (၁) ဦးမှာ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကလေးတွေ ဆန်းဒေးစကူး သွားတက်တာရှိတော့ ထိတာ။ ဘုရားကျောင်းရဲ့အဆောက်အအုံတွေလည်း တော်တော်ပျက်စီးကုန်တယ်။ သေသွားတဲ့အဖွားက အိမ်လည်ပြီးပြန်အလာ အိမ်ပေါ်ပြန်တက်တဲ့အချိန်မှာပဲ လက်နက်ကျတော့ ချက်ချင်း ဆုံးသွားတာပါ။ ထိတဲ့အထဲမှာ ဒဏ်ရာအပြင်းဆုံးက ကျောင်းသူလေးပဲ၊ သူ့ကိုတော့ ဆေးရုံပို့လိုက်ပြီ” ဟု အဆိုပါဒေသခံက ပြောသည်။

ရွာခံများပြောပြချက်အရ အဆိုပါကျေးရွာတွင် အိမ်ခြေ (၃၀) ကျော်ရှိသည်။ ထို့အပြင် အထက်တန်းကျောင်းရှိပြီး ကျောင်းဖွင့်ရာသီလည်း ဖြစ်ခြင်းကြောင့် အခြားရွာများမှ ကျောင်းလာတက်သူများနှင့်ရွာတွင် လူများပြားလျက်ရှိရာ လေယာဥ်လာပစ်ချိန် ထိခိုက်ဒဏ်ရာရသူ ထိုမျှရှိခဲ့ရကြောင်း သိရသည်။

Photo: CJ

လက်ရှိတွင်မူ တာဝန်ရှိသူများက လေကြောင်း ဆက်လက်သတိပေးထား၍ ယမန်နေ့ကဖြစ်စဥ်နောက်ပိုင်း ရွာခံများ နေရပ်စွန့်ခွာရှောင်တိမ်းနေကြသလို ကျောင်းလည်း ယာယီပိတ်ထားရသည်ဟု ဖော်ပြပါဒေသခံက ဆိုသည်။

၎င်းက “တနင်္ဂနွေနေ့မှာ လေယာဉ်လာမယ် လို့ပဲ သိထားတာ ဘယ်နေရာ ဘယ်ဒေသ အတိအကျ မသိထားရဘူး။ မနေ့ညကစပြီးတော့က အများအားဖြင့် တောထဲတောင်ထဲ လိုက်အိပ်ကြတယ်။ ရွာထဲမှာ ကြက်တို့ဝက်တို့ ခဏတစ်ဖြုတ် ပြန်ကြည့်တဲ့သူတွေလောက်ပဲ ရှိတော့တယ်။ အနီးအနားရွာလည်း လူသိပ်မသွားဘူး ရှောင်နေကြတယ်” ဟု ကေအိုင်စီကို ပြောသည်။

နယ်မြေစိုးမိုးလိုမှုကြောင့် စစ်အုပ်စု၏စစ်ကြောင်းထိုးပြီး တိုက်ပွဲပဋိပက္ခများရှိနေသည့် မူတြော်ဒေသတွင် အောက်တိုဘာလထဲမှစ၍ စစ်အုပ်စုသည် လူထုနေထိုင်ရာ ကျေးရွာများသို့ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိတ်စိတ် ပြန်လည်လုပ်ဆောင်လာသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၁၆) ရက်နေ့ကလည်း ဘူးသိုမြို့နယ်၊ ဘွားဒဲ‌နှင့် လောဖလာ့‌သေ့ကျေးရွာအတွင်းသို့ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲခဲ့ရာ အသက် (၁၂) နှစ် အရွယ်၊ ကလေးငယ် (၂) ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Photo: CJ