Home သတင်း ကျိုက်ထိုတွင် စစ်အုပ်စု စစ်ကြောင်းဝင်နေစဥ် ကျေးရွာ (၇) ရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးခံလိုက်ရ

ကျိုက်ထိုတွင် စစ်အုပ်စု စစ်ကြောင်းဝင်နေစဥ် ကျေးရွာ (၇) ရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးခံလိုက်ရ

7
Photo: CJ

နိုဝင်ဘာ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံ)ခရိုင်၊ ကျိုက်ထိုမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အုပ်စုသည် ယခုနိုဝင်ဘာ တတိယအပတ်အတွင်း ဒေသခံလူထုနေထိုင်သည့် ကျေးရွာ (၇) ရွာမှ နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါစစ်အုပ်စုတပ်ဖွဲ့များသည် ပြီးခဲ့သည့် နိုဝင်ဘာ (၄) ရက်နှင့် (၅) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်း စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ထို့နောက် စစ်ကြောင်းပြန်လည်ဆုတ်ခွာစဥ် လမ်းမကြီးဘေးတစ်လျှောက်မှ နတ်စင်၊ ကျောက်ဖျာ၊ ချောင်းစောက်၊ ရွာသစ်၊ မိုးဘော၊ ခမောက်ခွင်နှင့် ကော်ကာကျေးရွာရှိ နေအိမ်များကို နိုဝင်ဘာ (၁၇) ရက်မှ (၁၉) ရက်နေ့အတွင်း သုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“အမှန်တော့ ရန်သူနဲ့ ပြည်သူကို ခွဲခြားရမယ်လေ။ အခုက မခွဲတော့ဘူး၊ တော်တော်ရက်စက်တယ်။ ပစ္စည်းယူချင်ရင် ယူလို့ရတာပဲ၊ အိမ်ကိုတော့ မီးမရှို့သင့်ဘူး။ ဒေသခံတချို့ သူတို့အိမ်ကို ပြန်လာကြည့်ကြတော့ စိတ်ထိခိုက်ပြီး ရူးမတတ်ဖြစ်ရတယ်။ ပြေးတုန်းကလည်း ဘာကိုမှ ယူမသွားနိုင်ခဲ့ကြဘူး” ဟု ကျိုက်ထိုနေ ဒေသခံတစ်ဦးက ပြောသည်။

စစ်အုပ်စု ရှို့သည့်မီးကြောင့် နတ်စင်ကျေးရွာ တစ်ရွာလုံးနီးပါး မီးလောင်ပြာကျခဲ့သည့်အပြင် ခမောက်ခွင်နှင့် ကော်ကာကျေးရွာတို့တွင်လည်း တိုက်ပုအိမ်၊ နှစ်ထပ်အိမ်နှင့် အရွယ်အစားကြီးသည့် သစ်သားနေအိမ် အများအပြား ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Photo: CJ

ထို့အပြင် အဆိုပါစစ်ကြောင်းသည် ဝါဘိုးချောင်းရွာနှင့် ဇီးပြောင်းရွာအနီးတစ်ဝိုက် ကျေးရွာများရှိ ဒေသခံများကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ရှိသည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိ၍ လမ်းမလျှောက်နိုင်တော့သည့် တပ်ဖွဲ့ဝင်အချို့နှင့် အသက်ကြီးသည့် တပ်ဖွဲ့ဝင်များကိုမူ လက်နက်ခဲယမ်းများကို ပြန်လည်သိမ်းဆည်းပြီးနောက် စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်မသွားဘဲ ကျေးရွာများအတွင်း ချန်ထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားသော်လည်း စစ်ကြောင်းဝင်ရောက်လာစဉ်နှင့် ပြန်လည်ဆုတ်ခွာစဉ် နှစ်ကြိမ်စလုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည့် နေအိမ်အရေအတွက်နှင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက စာရင်းကောက်ယူနေဆဲ ဖြစ်သည်။

အင်အားအလုံးအရင်းဖြင့် စစ်အုပ်စုသည် ပြီးခဲ့သည့် နိုဝင်ဘာ (၃) ရက်နေ့မှစ၍ ကေအဲန်ယူ ဒူးသထူခရိုင်/တပ်မဟာ ၁နယ်မြေ၊ ကျိုက်ထိုမြို့နယ်အပါအဝင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အစပ်နေရာများသို့ ဝင်ရောက်လာသည်။

စစ်အုပ်စုဘက်ကလည်း ၎င်းတို့စစ်ကြောင်းသည် ကေအဲန်ယူ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ယာယီတပ်စခန်း ၁၀ ခုထက်မနည်းကို သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။