Home သတင်း ကော်သူးလေဒေသ ရေဦးရေဖျား ထိန်းသိမ်းကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့

ကော်သူးလေဒေသ ရေဦးရေဖျား ထိန်းသိမ်းကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့

5

နိုဝင်ဘာ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) သစ်တောဌာန ဦးဆောင်ပြီး ကော်သူးလေဒေသအတွင်း ရေဦးရေဖျား ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့် နိုဝင်ဘာ (၁၂) ရက်မှ (၁၄) ရက်အထိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျေးရွာအခြေပြု ရေဦးရေဖျားထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းစဉ်များကို သိရှိနားလည်ရန်၊ အပြန်အလှန် လေ့လာသင်ယူရန်၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရန်နှင့် သစ်တောဌာနနှင့် ပြည်သူလူထုကြား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပူးပေါင်းမှု အားကောင်းလာစေရန် ရည်ရွယ်ပြီး အဆိုပါပွဲကိုပြုလုပ်ခဲ့ကြောင်းလည်း ပွဲဦးဆောင်သူများက ဆိုသည်။

ထို့အပြင် တက်ရောက်လာသည့် ကေအဲန်ယူ၏သက်ဆိုင်ရာခရိုင်အလိုက်မှ သစ်တောဌာနကိုယ်စားလှယ်များ၊ ကော်သူးလေ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ထိန်းသိမ်းကာကွယ်ရေးကော်မတီ(KNRECC) ကိုယ်စားလှယ်၊ ရေဦးရေဖျားထိန်းသိမ်းကာကွယ်ရေးသင်တန်းဆင်း ကိုယ်စားလှယ်နှင့် အမျိုးသမီးကိုယ်စားလှယ်များအကြား လုပ်ငန်းအတွေ့အကြုံများကို ဆွေးနွေးဖလှယ်သည့် စကားဝိုင်းလည်း ပြုလုပ်ခဲ့ကြသည်။

ကျေးရွာအခြေပြု ရေဦးရေဖျားထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံများကိုယ်တိုင် ကော်မတီဖွဲ့စည်းပြီး လုပ်ကိုင်နေသည့် အခြေအနေနှင့်ပတ်သက်၍ မူတြော်ခရိုင်သစ်တောဌာန မှ နော်မာရှီးက “သူတို့ကိုယ်တိုင် စိတ်အားထက်သန်တဲ့အပေါ်မှာ လုပ်သင့်တယ်လို့ ကျမတို့ ထောက်ပြရင် သူတို့လိုက်လုပ်ဆောင်ကြတယ်။ ကျမတို့က သူတို့ကို ဦးစီးဦးဆောင်ပေးရတဲ့ ပုံစံမျိုး မဟုတ်ဘူး” ဟု ပြောသည်။

အဆိုပါပွဲသို့ ကေအဲန်ယူ(ဗဟို) သစ်တောဌာနမှ ဌာနမှူး ပဒိုမန်းဘထွန်းအပါအဝင် ဗဟိုအလုပ်အမှုဆောင်ခေါင်းဆောင်များ၊ ခရိုင်(၇)ခုနှင့်မြို့နယ်အလိုက် သစ်တောဌာန ကိုယ်စားလှယ်များ၊ ရေဦးရေဖျားထိန်းသိမ်းရေးကော်မတီ ကိုယ်စားလှယ်များ၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ကရင်လူငယ်အစည်းအရုံး (KYO) နှင့် KNRECC ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြခြင်းလည်း ဖြစ်သည်။

ထို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရာ၌ လူငယ်များပါဝင်နိုင်မည့် လိုအပ်သည့် အတတ်ပညာ၊ အလုပ်အကိုင်၊ တာဝန်နှင့် အရည်အသွေးမြှင့်တင်မှုများ ဖန်တီးပေးရန် လိုအပ်ကြောင်း ပွဲတက်ရောက်လာသည့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN) တာဝန်ရှိသူထံမှ သိရသည်။

KESAN မှ တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနမှူး စောမူရှီးက “ကျနော့်အနေနဲ့ကတော့ လူငယ်တွေကို ဘယ်လိုအတတ်ပညာတွေပေးရမလဲ။ ဘယ်လိုအလုပ်အကိုင်တွေ ပေးရမလဲ။ ဘယ်လိုတာဝန်ပေးရမလဲ။ သူတို့အရည်အသွေးကို ဘယ်လိုမြှင့်တင်ပေးရမလဲဆိုတာတွေကို ဒီအလုပ်ရုံဆွေးနွေးပွဲကနေ သင်ယူရရှိခဲ့တယ်။” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။

သုံးရက်တာပြုလုပ်ခဲ့သည့် ထိုဆွေးနွေးပွဲအတွင်း ကော်သူးလေဒေသရှိ ရေဦးရေဖျားထိန်းသိမ်းရေး မှတ်တမ်းများနှင့် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များကို တင်ပြခြင်း၊ ခရိုင်နှင့် ကော်မတီအလိုက် လက်ရှိအခြေအနေ၊ အောင်မြင်မှုများ၊ စိန်ခေါ်ချက်များနှင့် လိုအပ်ချက်များ မျှဝေဆွေးနွေးခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။