Home သတင်း စစ်ခေါင်းဆောင်၏ ရက် ၁၀၀ ငြိမ်းချမ်းရေးကြိုးပမ်းမှုသည် အကြောက်တရားနှင့် ခြိမ်းခြောက်မှုကိုသာ အခြေခံဟု KNU ပြော

စစ်ခေါင်းဆောင်၏ ရက် ၁၀၀ ငြိမ်းချမ်းရေးကြိုးပမ်းမှုသည် အကြောက်တရားနှင့် ခြိမ်းခြောက်မှုကိုသာ အခြေခံဟု KNU ပြော

87

ဇူလိုင် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်အတွင်း ပြုလုပ်နေသည့် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများသည် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ အကြောက်တရားနှင့် ခြိမ်းခြောက်မှုများကိုသာ အခြေခံထားကြောင်း ဇူလိုင် (၁၇) ရက်နေ့တွင် ပြုလုပ်သည့် ကေအိုင်စီနှင့် သီးသန့် အင်တာဗျူးအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အစိုးရသစ် ရက် ၁၀၀ ပြည့်မည့် ဇူလိုင် ၃၁ ရက်မတိုင်မီ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် လက်မှတ်မထိုးရသေးသည့်အဖွဲ့များအား စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ထိုကာလအတွင်း စစ်ခေါင်းဆောင်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများရှိနေသော်လည်း လက်တွေ့မှာမူ တိုင်းရင်းသား လက်နက်ကိုင်များအပေါ်ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ပြည်သူလူထုကို သတ်ဖြတ်ခြင်းတို့ ဆက်လက်လုပ်ဆောင် နေကြောင်း ပဒိုစောကလယ်စေးက ပြောသည်။

“များသောအားဖြင့်ကတော့ ငြိမ်းချမ်းရေး အလုပ်တွေမဟုတ်ဘူး။ ပြည်သူကို သတ်ဖြတ်၊ ခြောက်လှန့်တာ၊ အင်အားနည်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ခြိမ်းခြောက်အကြပ်ကိုင်တာတွေပဲ။ ဒီ ရက် ၁၀၀ အတွင်းမှာ သူတို့ ရည်မှန်းချက်မပြည့်သေးရင် နောက်ထပ် ရက် ၁၀၀ အထိလည်း ဒါတွေကိုထပ်လုပ်မှာပဲ။ ရက် ၁၀၀ ပြည့်သွားသည့်တိုင်အောင် ပြည်တွင်းထဲမှာ ဒီလို သတ်ဖြတ်မှုတွေက ဆက်လုပ်နေအုံးမှာပဲ” ဟု ကေအဲန်ယူပြောခွင့်ရသူက ဆိုသည်။

စစ်ခေါင်းဆောင်သည် အစိုးရသစ် ဖွဲ့စည်းပြီးနောက် စစ်အုပ်စု၏ငြိမ်းချမ်းရေးဖော်ဆောင်ညှိနှိုင်းမှုကော်မတီ(NSPNC) မှတဆင့် ၎င်းတို့နှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြောက်ပိုင်း EAO အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဖွဲ့ချင်းစီဖြစ်စေ တွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ခြင်းရှိသည်။

အလားတူ လက်ရှိအချိန်ထိ NCA လမ်းကြောင်းကို လက်ခံထားသေးသည့် ကရင်ငြိမ်းချမ်းရေးကောင်စီ(PC) အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့အချို့နှင့် ဒေသတည်ငြိမ်ရေး၊ ရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်ရေးဟုဆိုကာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

Photo: 7 EAOs Alliances

PC ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွှန့်က “တွေ့ဆုံမှုက တစ်ဖွဲ့ချင်း ဖိတ်ခေါ်တဲ့အပေါ် သွားရောက်တွေ့ဆုံတာ ဖြစ်ပါတယ်။ ထူးထူးခြားခြား အစီအစဉ်မရှိဘဲ ဒေသ တည်ငြိမ်ရေးနဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်လိုပြန်လည်စတင်နိုင်မလဲဆိုတဲ့ အမြင်တွေကို အပြန်အလှန် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

သို့သော် တဖက်တွင်လည်း စစ်အုပ်စုတပ်များက နယ်မြေစိုးမိုးရေးအတွက် မြေပြင်မှ ထိုးစစ်ဆင်လှုပ်ရှားမှုများအပြင် ဒေသတွင်း လေကြောင်းတိုက်ခိုက်မှုများပါ ဆက်လက် လုပ်ဆောင်နေကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

အထူးသဖြင့် ကေအဲန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၅) ဖာပွန်ခရိုင်နှင့် တပ်မဟာ (၆) ဒူးပလာယာခရိုင်တို့တွင် အင်အားအများအပြား အသုံးပြု၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေခြင်းရှိသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်တွင် ကေအဲန်ယူအပါအဝင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကျောင်းသားတပ်မတော် (ABSDF) စသည့် အဖွဲ့အစည်းများကို နာမည်တပ်၍ ဇူလိုင်လကုန်အထိ အချိန်ပေးမည်ဟု ပြောဆိုထားသည်။

အကယ်၍ သဘောတူညီမှုမရှိပါက “လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်သွားမည်” ဟု ထည့်သွင်းခြိမ်းခြောက် ပြောဆိုထားခြင်းကြောင့် စစ်ရေးတင်းမာမှုများ ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း စစ်ရေးလေ့လာသူများက သုံးသပ်နေကြသည်။