Home သတင်း ကေအဲန်ယူ တပ်မဟာ (၁) ၏ အခြေခံစစ်သင်တန်းမှ သင်တန်းသား (၁၉၄) ဦး ထပ်မံသင်တန်းဆင်း

ကေအဲန်ယူ တပ်မဟာ (၁) ၏ အခြေခံစစ်သင်တန်းမှ သင်တန်းသား (၁၉၄) ဦး ထပ်မံသင်တန်းဆင်း

4
Photo: CJ

နိုဝင်ဘာ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ) ခရိုင်၊ တပ်မဟာ(၁)နယ်မြေတွင် တပ်သားသစ်ထပ်မံမွေးထုတ်ရန် (၁၃) ကြိမ်မြောက် အခြေခံစစ်သင်တန်းပြုလုပ်ခဲ့ရာ သင်တန်းသား (၁၉၄) ဦးကို ပြီးခဲ့သည့် နိုဝင်ဘာ (၁၉) ရက်နေ့က ထပ်မံသင်တန်းဆင်းပေးနိုင်ခဲ့သည်ဟု တာဝန်ရှိသူက ပြောသည်။

စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ တော်လှန်ရေးအတွက် ကျွမ်းကျင်တပ်ဖွဲ့ဝင်များ ထပ်မံမွေးထုတ်ရန် ရည်ရွယ်၍ ခရိုင်အဆင့် အခြေခံစစ်ပညာသင်တန်းကို အချိန် ၂ လခွဲကျော်ကြာ ဖွင့်လှစ်ခဲ့ရာ နိုဝင်ဘာလ ဒုတိယအပတ်တွင် သင်တန်းပြီးဆုံး၍ တပ်မဟာဌာနချုပ်နေရာ၌ သင်တန်းဆင်းပွဲကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

“အခြေခံစစ်သင်တန်းနဲ့ ပတ်သက်ပြီး တစ်နှစ်ကို ဘယ်နှစ်ကြိမ် ဖွင့်မယ်ဆိုတာမျိုး သီးသန့် သတ်မှတ်ထားတာ မရှိပါဘူး။ လူအင်အား စုဆောင်းရရှိမှုပေါ် မူတည်ပြီး ပြန်လည်ဖွင့်လှစ်ပေးတာပါ” ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၁)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အခြေခံစစ်ပညာပြည့်ဝ၍ သင်တန်းဆင်းလာသည့် တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ တပ်ရင်းအသီးသီးသို့ ပြန်လည်ဝင်ရောက်ကာ စစ်ရေးတာဝန်များကို ဆက်လက် ထမ်းဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောသည်။

Photo: CJ

ထို့အတူ တပ်ဖွဲ့ဝင်သစ်များ၏ စစ်ရေးစွမ်းရည် မြှင့်တင်ရန်နှင့် သက်ဆိုင်ရာ တပ်ရင်းများတွင် လူအင်အား ဖြည့်တင်းနိုင်ရန်အတွက် အင်အားစုဆောင်းနိုင်မှုအပေါ် မူတည်ကာ စဉ်ဆက်မပြတ် သင်တန်းများပြုလုပ်ပြီး တပ်သားသစ်များ ထပ်မံ မွေးထုတ်သွားရန် ရှိသည်ဟု KNLA တပ်မဟာ(၁) ဘက်က ဆိုသည်။

ကေအဲန်ယူ တပ်မဟာ(၁)အုပ်ချုပ်သည့် သထုံခရိုင်အတွင်း KNLA တပ်ဖွဲ့ဝင်များအပြင် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF နှင့် အခြား တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလျက်ရှိပြီး စစ်အုပ်စုနှင့် လစဥ်မပြတ် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ကေအဲန်ယူ၏ မှတ်တမ်းများအရ သိရသည်။

လက်ရှိအချိန်ထိလည်း သထုံခရိုင် သထုံ၊ ကျိုက်ထို၊ ဘီးလင်း စသည့် ဒူးသထူခရိုင်အုပ်ချုပ်မှုနယ်မြေတွင် စစ်အုပ်စု စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှု များရှိနေဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။