Home သတင်း သံလွင်မြစ်ကမ်းဘေး DKBA ဗိုလ်ဘိအဖွဲ့ ခွင့်ပြုထားသည့် ရွှေမျောလုပ်ငန်းကို စစ်အုပ်စု ပိတ်သိမ်း

သံလွင်မြစ်ကမ်းဘေး DKBA ဗိုလ်ဘိအဖွဲ့ ခွင့်ပြုထားသည့် ရွှေမျောလုပ်ငန်းကို စစ်အုပ်စု ပိတ်သိမ်း

3
ပုံစာ - ကချင်ပြည်နယ်က ရွှေမျောလုပ်ကွက်တစ်ခုကို တွေ့ရစဥ်။

နိုဝင်ဘာ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကမမောင်းမြို့နယ် ထီးသဒေါ်ထာ ကျေးရွာအုပ်စုအတွင်းရှိ သံလွင်မြစ်ကမ်းဘေးတွင် ဗိုလ်ဘိဦးဆောင်သည့် DKBA အဖွဲ့က ခွင့်ပြုထားသော ရွှေမျောတူးဖော်ရေးလုပ်ငန်းနှင့် စက်ပစ္စည်းများကို စစ်အုပ်စု တပ်ဖွဲ့ဝင်များက နိုဝင်ဘာ (၂၂) ရက်နေ့တွင် လာရောက်ပိတ်သိမ်းလိုက်ကြောင်း ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စောင့်ကြည့်နေသည့်အဖွဲ့ထံမှ သိရသည်။

“နိုဝင်ဘာ (၂၂) ရက်နေ့ မွန်းလွဲ (၂) နာရီလောက်မှာ ကမမောင်းဘက်က စစ်အုပ်စု တပ်ရင်းမှူးတွေ ကိုယ်တိုင် ရောက်လာပြီး ရွှေတူးဖို့ ပြင်ဆင်ထားတဲ့ လှေတွေ၊ ဖောင်တွေနဲ့ စက်ပစ္စည်းအားလုံးကို သိမ်းဆည်းပြီး လုပ်ငန်းကို ရပ်တန့်လိုက်တာပဲ” ဟု အခြေအနေသိရှိထားသူ ၎င်းအဖွဲ့၏ဝန်ထမ်းတစ်ဦးက ပြောပြသည်။

ထိုဒေသသို့ရောက်ရှိလာသည့် စီးပွားရေးလုပ်ငန်းရှင်များမှာ ပြီးခဲ့သည့် အောက်တိုဘာလကတည်းက ဖာပွန်မြို့နယ်၊ ကမမောင်းဒေသ၊ ကန်ညီနောင်ကျေးရွာအနီးရှိ သံလွင်မြစ် သဲပြင်ကျယ်နေရာတွင် ရွှေတူးဖော်ရန် လာရောက်နေရာချထားခဲ့ခြင်းဖြစ်သည်။ ယင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ပေးထားသူများမှာ DKBA မှ ဗိုလ်ဘိ အပါအဝင် ဗိုလ်မောင်လေးနှင့် ဖူးဒေါ်လာတို့ အဖွဲ့ဖြစ်ကြောင်း သိရသည်။

ရွာခံများဘက်ကမူ ထိုနေရာတွင် ရွှေတူးဖော်ပါက သံလွင်မြစ်ရေ ပျက်စီးခြင်း၊ ကမ်းပါးပြိုကျခြင်းနှင့် လယ်ယာမြေများ ပျက်စီးမည်ကို စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့် ရွှေစတင်မတူးဖော်မီ နိုဝင်ဘာ (၁၁) ရက်နေ့တွင် ကန်ညီနောင်ရွာသား (၄၀) ဦးခန့်ပါဝင်သောအဖွဲ့မှာ သဲသောင်ပြင်ပေါ်သို့ သွားရောက်ကာ ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့နောက် နိုဝင်ဘာ (၁၂)ရက်နေ့၊ နံနက် (၈)နာရီအချိန်၌ ကန့်ကွက်ဆန္ဒပြရာတွင် ပါဝင်သည့် ဒေသခံတစ်ဦး၏ နေအိမ်သို့ DKBA ဗိုလ်ဘိ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်ခဲ့သည့်အတွက် အဆိုပါဆန္ဒထုတ်ဖော်မှုမှာ ရပ်တန့်ခဲ့ရကြောင်း သိရသည်။

အမည်မဖော်လိုသူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူက “ဒေသခံတွေက လက်မခံပေမဲ့ သူတို့က ဆက်လုပ်ဖို့ ပြင်ဆင်နေခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းမှာပေါ်လာရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားတာ တွေရှိတဲ့အတွက် ဒေသခံတွေဘက်က ဓာတ်ပုံတောင် မရိုက်ရဲကြဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုအခြေအနေနှင့်ပတ်သက်၍ ဒေသခံများ၏ သဘောဆန္ဒမပါဘဲ လုပ်ဆောင်သည့် ရွှေတူးဖော်မှုများမှာ လူ့အခွင့်အရေးချိုးဖောက်မှုသာမက သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးစေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ဆရာစောအဲလ်ဘတ်က ယခုလို မှတ်ချက်ပြု ပြောဆိုသည်။

“ရွှေတူးတယ်ဆိုတာ ပြည်သူတွေရဲ့ ဝမ်းစာကို ထိခိုက်သလို အထူးသဖြင့် ရေအရင်းအမြစ်နဲ့ သဘာဝပတ် ဝန်းကျင်ကို ထိခိုက်တယ်။ ရိုးရိုးလူ့အခွင့်အရေးချိုးဖောက်ရုံမက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။”ဟု စောအဲလ်ဘတ်က ပြောသည်။

အဆိုပါကျေးရွာသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ မူတရော်ခရိုင်နယ်မြေလည်း ဖြစ်သလို ရွှေတူးဖော်မှုအပေါ် ဒေသခံများက လက်မခံသည့်ဖြစ်စဉ်မှာ မှန်ကန်ကြောင်း မူတရော်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထို့ရော်ဘင်က အတည်ပြုပြောဆိုထားသည်။ အသေးစိတ် အခြေအနေကိုမူ ကေအိုင်စီမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ရွှေတူးဖော်ရေးလုပ်ငန်းကို စတင်ပြင်ဆင်စဉ်က မြိုင်ကြီးငူ(စာချ)ဆရာတော်၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင် ခြင်းဖြစ်ကြောင်း ရွာသူရွာသားများက သိခဲ့ရသော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ဆရာတော်ထံ မေးမြန်းစုံစမ်းချက်အရ ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။