Home ဆောင်းပါး အားပြင်းတဲ့ လက်သီးချက်တွေနဲ့ အမျိုးသမီးစွမ်းရည်ကို သက်သေပြနေသူ ခတ္တာပန်း

အားပြင်းတဲ့ လက်သီးချက်တွေနဲ့ အမျိုးသမီးစွမ်းရည်ကို သက်သေပြနေသူ ခတ္တာပန်း

5

အားပြင်းတဲ့ လက်သီးချက်တွေနဲ့ အမျိုးသမီးစွမ်းရည်ကို သက်သေပြနေသူ ခတ္တာပန်း

စဝ်အဲဆိုဒ်

(နိုဝင်ဘာ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်)

သာမန်အမျိုးသားတိုင်းတောင် အလွယ်တကူ မလုပ်နိုင်ကြတဲ့ ကြမ်းတမ်းပြင်းထန်လှတဲ့ လက်ဝှေ့လေ့ ကျင့်ခန်း မထဲမှာ ချွေးတွေ စိုရွှဲနေတဲ့အထိ မနားတမ်း လေ့ကျင့်နေသူကတော့ အသက် (၁၉) နှစ် အရွယ် ဆယ်ကျော်သက် အမျိုးသမီးငယ်လေးတစ်ဦးပါ။

အပြုံးချိုချို မျက်နှာကလေးနဲ့ ဖော်ရွှေပြီး ချစ်စရာကောင်းတဲ့ ဒီဆယ်ကျော်သက် ကရင်အမျိုးသမီးငယ်လေးဟာ အမျိုးသားတွေကြားထဲမှာ ထူးထူးခြားခြား တစ်ဦးတည်းပါဝင်ပြီး အမျိုးသားတွေနည်းတူ မနားတမ်း လက်ဝှေ့လေ့ကျင့်ခန်း ဆင်းနေတာပါ။

သူမကတော့ ပြီးခဲ့တဲ့ ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီး (၅၂) ကီလိုတန်းမှာ ကရင်ပြည်နယ်ရဲ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ အမှတ်ပေး ရွှေခါးပတ် ချန်ပီယံပြိုင်ပွဲကြီးမှာ ပထမဆုကို ဗိုလ်စွဲသွားခဲ့သူ ခတ္တာပန်း ပဲ ဖြစ်ပါတယ်။

ပြည်နယ်နေ့ရဲ့ လက်ဝှေ့စင်မြင့်ထက်မှာ ရွှေခါးပတ်ဆုကြီး ပိုက်ကာ အောင်ပွဲခံခဲ့ချိန်ကစလို့ ခတ္တာပန်းဆိုတဲ့ အမျိုးသမီးငယ်ကို လူတွေစပြီး အာရုံစိုက် သတိထားမိလာကြပါတယ်။

ဒါပေမဲ့ ဒီအောင်မြင်မှုဆီ မရောက်ခင်ကတော့ ခတ္တာပန်းလေးဟာ သထုံမြို့နယ်၊ အနန်းပင်ကျေးရွာက သာမန်တောင်သူလယ်သမား မိသားစုတစ်ခုကနေ ရိုးရှင်းစွာ ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။

မွေးချင်းမောင်နှမ (၁၀) ဦးထဲမှာ အငယ်ဆုံးသမီးလေးဖြစ်ပြီး ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့ တာကြောင့် မိခင်ဖြစ်သူတစ်ဦးတည်းကသာ လယ်ယာလုပ်ငန်းကို ရုန်းကန်လုပ်ကိုင်ရင်း ကျွေးမွေးပြုစုခဲ့ရတဲ့ ခက်ခဲတဲ့ ငယ်ဘဝကို ဖြတ်သန်းလာခဲ့ရတာပါ။

မိသားစုထဲမှာ လက်ဝှေ့ထိုးတဲ့ မျိုးရိုးမရှိခဲ့ပေမဲ့ မွေးချင်းဆယ်ယောက်ရှိတဲ့အထဲက လက်ဝှေ့လောကထဲကို ရှားရှားပါးပါး တစ်ဦးတည်း ခြေချလာခဲ့သူလည်း ဖြစ်ပါတယ်။

ငယ်စဉ်က ဘောလုံးကန်ရတာကိုသာ ဝါသနာပါခဲ့ဖူးပေမဲ့ အသက် (၁၇) နှစ်အရွယ်မှာ သူမနေထိုင်တဲ့ ကျေးလက် ရွာကလေးက လက်ဝှေ့ဆရာတစ်ဦးနဲ့ ဆုံတွေ့ခဲ့ရာကနေ ဒီလမ်းကြောင်းပေါ် စတင်ရောက်ရှိလာခဲ့ပါတယ်။

မိခင်ဖြစ်သူက “တစ်ခုခုကို စလုပ်ရင် အဆုံးထိလုပ်ပါ” လို့ အားပေးစကားဆိုခဲ့သလို မွေးချင်းမောင်နှမ အားလုံးကလည်း သူမရဲ့ အိပ်မက်ကို အပြည့်အဝ ဝိုင်းဝန်းထောက်ခံအားပေးတာကြောင့် လက်ဝှေ့လောကထဲ ဝင်ရောက်ဖို့ ယုံကြည်မှု ပိုရစေခဲ့တယ်လို့ ခတ္တာပန်းက ဆိုပါတယ်။

“လက်ဝှေ့ကို စထိုးဖြစ်တာက အသက် ၁၇ ကတည်းကပေါ့။ အစကတော့ ဘောကန်တာပဲ။ boxing ဆရာတစ်ယောက်က ကျမကို လာခေါ်တယ်။ ပြီးတော့ ၄ လလောက် အဲ့မှာ စထိုးတယ်။ ပြီးတော့ ရိုးရာလက်ဝှေ့ဆရာတစ်ယောက် ထပ်လာခေါ်တယ်။ အဲ့ကနေ ဒီကနေ့အချိန်ထိပဲ ဆက်လုပ်ဖြစ်သွားတာ” လို့ လက်ဝှေ့လောကထဲ ဝင်ရောက်ဖြစ်ခဲ့ပုံကို ခတ္တာပန်းက ပြန်ရှင်းပြပါတယ်။

မြန်မာပြည်ဘက်ခြမ်း ပြိုင်ပွဲတွေမှာ ပြိုင်ပွဲပေါင်း (၁၀) ပွဲကျော်အထိ ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးပြီး ရှုံးပွဲမကြုံဖူး သေးပေမဲ့ အမျိုးသမီးဖြစ်တဲ့ သူမအတွက် ဒီလိုကြမ်းတမ်းတဲ့ အားကစားနည်းမှာ လွယ်ကူလှတာတော့ မဟုတ်ပါဘူး။

“အခက်အခဲတော့ ရှိတာပေါ့။ ဒါပေမဲ့ နာမည်တစ်လုံးရဖို့ လိုချင်တော့ အစွမ်းကုန် ကြိုးစားရတာပေါ့။ အခု လာမယ့် နိုဝင်ဘာ ၂၃ ရက်နေ့က ထိုးရမဲ့သူနဲ့ဆို အရင်တစ်ခါက ထိုးဖူးတယ်။ အဲ့တုန်းက ကျမ သိပ်နေလို့ မပျော်ဘူး။ ဘာဖြစ်လဲဆိုတော့ အမျိုးသမီးဓမ္မတာ လာတာနဲ့ တိုက်သွားတယ်။ တိုက်သွားတယ်ဆိုပေမဲ့ သူများက ပွဲတည်ထားပြီးဆိုတော့ ထိုးလိုက်ရတာပေါ့” လို့ ခတ္တာပန်းက ရင်ဖွင့်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက ခတ္တာပန်းအနေနဲ့ ထိုင်းနိုင်ငံက မွေထိုင်းလက်ဝှေ့မယ် Nong Ployjan ကို မဲဆောက်မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့စဉ်တုန်းက ရှုံးနိမ့်ခဲ့ရတဲ့ ဖြစ်စဉ်ကို ပြန်လည်း ပြောဆိုပြတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ကရင်ပြည်နယ်နေ့ပွဲမှာ အောင်ပွဲခံလာနိုင်ခဲ့တာကြောင့် အခုည နိုဝင်ဘာလ ၂၃ ရက်နေ့မှာပဲ ထိုင်းနိုင်ငံ၊ မယ်ရမတ်ကျေးရွာမှာ သူမ အမှတ်နဲ့ ရှုံးနိမ့်ခဲ့ဖူးသူ Nong Ployjan နဲ့ ဘတ်ငွေ ၃ သိန်း တန်ကြေးရှိတဲ့ စိန်ခေါ်ပွဲကို နောက်ထပ် ထိုးသတ်ဖို့ စီစဉ်ထားပါတယ်။

ဒီပွဲအတွက် ခတ္တာပန်းအနေနဲ့ လက်ရှိမှာ P.sxng Phaen Din ကရင်လက်ဝှေ့ကလပ်မှာ ပြင်ဆင်လေ့ကျင့်နေပြီး အနိုင်ယူဖို့လည်း ယုံကြည်မှု ရှိထားတယ်လို့ ဆိုပါတယ်။

လက်ရှိ သူမကို အနီးကပ် ပြင်ဆင်လေ့ကျင့်ပေးနေသူ လူငယ်လက်ဝှေ့ဆရာ စောအယ်စီးကလည်း ငယ်ရွယ်ပြီး ကြိုးစားမှုရှိတာကြောင့် ခတ္တာပန်းဟာ အနာဂတ်မှာ ထွန်းတောက်လာနိုင်တဲ့ အလားအလာရှိနေတယ်လို့ မှတ် ချက်ပြုပါတယ်။

“သူက ကြိုးစားမှုလည်းရှိတယ်။ သူ့ကို သင်ပေးရတာလည်း ကောင်းတယ်။ နာခံမှုလည်းကောင်း စိတ်အားထက်သန်မှုလည်း ပြင်းပြနေတော့ သူ ဒီထက် ပိုအောင်မြင်မယ်လို့ ယုံကြည်ပါတယ်” လို့ စောအယ်စီးက အသိအမှတ်ပြု ပြောဆိုပါတယ်။

ဒါပေမဲ့ အမျိုးသားထုတွေသာ အဓိက လွှမ်းမိုးထားတဲ့ ဒီလက်ဝှေ့အားကစားနည်းတွေမှာ ပါဝင်ကစားနေရတဲ့ အမျိုးသမီးလက်ဝှေ့သမားတစ်ဦးအနေနဲ့ ဂျန်ဒါပုံစံခွက်ထဲက လူမှုအသိုင်းအဝိုင်းရဲ့ အထင်သေးပြော ဆိုမှုတွေကိုတေ့ာ မကြာခဏ ကြုံတွေ့ခဲ့ရတယ်လို့ သူမက ဆိုပါတယ်။

ဒါပေမဲ့ ဒီလိုအမြင်သဘောထားတွေက သူမအတွက် ရပ်တန့်သွားစေတဲ့ အကြောင်းပြချက်တော့ ဖြစ်လာမှာ မဟုတ်ဘူးလို့ သူမရဲ့ ယုံကြည်မှုအပေါ် အခိုင်အမာ ပြောဆိုပါတယ်။

“အမျိုးသမီးတွေအပေါ် အထင်သေးတာတွေ ကြုံဖူးပါတယ်။ ဒါပေမဲ့ ကျမက ထိုးစရာရှိတဲ့ အလုပ်ကို လုပ်သွား မှာပဲ။ ဂရုစိုက်နေမှာမဟုတ်ဘူး။ အကောင်းဆုံးတော့ ကြိုးစားပြရမှာပေါ့။ ကျမတို့ လုပ်နိုင်တာတွေကို လုပ်ရမှာပဲ။ အမျိုးသမီးက အကုန်လုပ်နိုင်ပါတယ်။ ဝါသနာပဲလိုတယ်။ ဝါသနာရှိရင် လုပ်လို့ရပါတယ်” လို့ သူမက ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ ဆိုပါတယ်။

ခတ္တာပန်းအနေနဲ့ နိုင်ငံတကာ စင်မြင့်ထက်တွေမှာ အောင်မြင်မှုတွေ ဆွတ်ခူးနေသူ ကရင်နီလက်ဝှေ့မယ် ဘရော်နီကာကို လေးစားအားကျနေသူပါ။

ဒါကြောင့် သူမအနေနဲ့ မြန်မာ့ရိုးရာလက်ဝှေ့စင်မြင့်ထက်မှာတင် ရပ်တန့်မနေဘဲ နိုင်ငံတကာ စင်မြင့်တွေအထိ တက်လှမ်းပြီး ကမ္ဘာ့ချန်ပီယံအဆင့်ထိ တက်လှမ်းနိုင်ဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ ရည်မှန်းထားပါတယ်။

ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံပြီး အခက်အခဲကြားက ခိုင်ခိုင်မာမာ ပွင့်လန်းတတ်တဲ့ ‘ခတ္တာပန်း’ တို့လိုပဲ၊ ကျေးလက် တောရွာက ရိုးရှင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ချွေးစက်တွေနဲ့ လက်သီးချက်တွေဟာ ကြိုးဝိုင်းတစ်ခုတည်း ကိုသာ ထိုးခွဲပြနေတာ မဟုတ်ပါဘူး။

“အမျိုးသမီးဆိုတာ အိမ်တွင်းအောင်းပြီး နူးနူးညံ့ညံ့ပဲ နေရမယ်” ဆိုတဲ့ ရှေးရိုးစွဲ အယူအဆအဟောင်းတွေနဲ့ ကျဉ်းမြောင်းတဲ့ ဂျန်ဒါပုံစံခွက်တွေကို အားပြင်းတဲ့ လက်သီးထိုးချက်တွေနဲ့ တစ်ချက်ချင်းစီ ရိုက်ချိုး ဖောက်ထွင်း ပြနေတာလည်း ဖြစ်ပါတယ်။

အပြုံးချိုချိုမျက်နှာနောက်ကွယ်က ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ အမျိုးသမီးတစ်ဦးရဲ့ စွမ်းဆောင်နိုင်ရည်ကို မြန်မာ့ရိုး ရာလက်ဝှေ့စင်မြင့်ထက်မှာ ကိုယ်တိုင်သက်သေပြနေတဲ့ ခတ္တာပန်းဟာ အမျိုးသမီးတိုင်းအတွက် ကိုယ့်ခြေ ထောက်ပေါ်ကိုယ် ရပ်တည်ပြီး အိပ်မက်တွေကို ရဲရင့်စွာ ပုံဖော်နိုင်တယ်ဆိုတဲ့ သက်သေတစ်ခု အဖြစ် လှပစွာ ဆက်လက်ပွင့်လန်းနေပါတော့မယ်။