Home တွေ့ဆုံမေးမြန်းခန်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောကလယ်စေးနှင့်တွေ့ဆုံမေးမြန်းခြင်း။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောကလယ်စေးနှင့်တွေ့ဆုံမေးမြန်းခြင်း။

86

“ငြိမ်းချမ်းရေးလို့ပြောပြီးတော့ အမြဲတမ်းကြုံတွေ့နေရတာက တစ်ဖက်လူတွေကြောက်ရွှံ့သွားအောင် နည်းအမျိုးမျိုးနဲ့အကြမ်းဖက်အရ၊ နိုင်ထက်စီးနင်းအပြုအမူအရ၊ အမျိုးမျိုးလုပ်ပြီးမှပဲ လူတွေကို သူ့ဆီဒူးထောက်လာစေတဲ့ ငြိမ်းချမ်းရေးအမျိုးအစား”

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောကလယ်စေးနှင့်တွေ့ဆုံမေးမြန်းခြင်း။

ဇူလိုင် (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့်အတူ ရပ်တည်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

လက်ရှိ စစ်အုပ်စုသည် ရက် (၁၀၀) စီမံချက်နှင့်အတူ ငြိမ်းချမ်းရေးအတွက်ဟူ၍ ဟန်ပြကမ်းလှမ်းနေသလို တစ်ဖက်တွင်မူ တိုင်းရင်းသားလူထုအပေါ် လေကြောင်းအပါအဝင် ထိုးစစ်ဆင်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ ထို့အပြင် အာဆီယံ ၏ ခြေလှမ်းနှင့် နယ်စပ်ဒေသ စစ်ရေး၊ နိုင်ငံရေး အခြေအနေသည်လည်း ပိုမိုရှုပ်ထွေးလာနေသည်။

ယခုလို အချိန်ကာလအတွင်း စစ်အုပ်စု၏ငြိမ်းချမ်းရေးဗျူဟာအပေါ် ကေအဲန်ယူ၏ သဘောထား၊ အာဆီယံ အခန်းကဏ္ဍ၊ စစ်ရေးနှင့် နယ်မြေစိုးမိုးမှုအပြင် ရှေ့ဆက်လုပ်ငန်းစဥ်နှင့်ပတ်သက်၍ ကေအဲန်ယူ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး ကို ကေအိုင်စီက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ EAO တွေအနေနဲ့ စစ်တပ်နဲ့ လာမဆွေးနွေးတာ ငြိမ်းချမ်းရေးမလိုချင်လို့ဆိုတဲ့ စကားမျိုးကို မင်းအောင်လှိုင်က သူ့ရဲ့ရက်(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့ကိစ္စမှာ ထည့်ပြောထားတယ်။ ဒီအပေါ် ကေအဲန်ယူရဲ့သဘောထားကို ထပ်လောင်းသိပါရစေ၊ တဆက်တည်းမှာပဲ အကြောင်းအရင်းကို ပြောပြပေးပါ။
ဖြေ။ ငြိမ်းချမ်းရေးဆိုတဲ့စကားလုံး အဲဒါကိုတော့အရင်ဆုံးအဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုလိမ့်မယ်။ သူတို့ဘက်ကပြောတဲ့ငြိမ်းချမ်းရေးက နှစ်ပေါင်းများစွာ ကျနော်တို့ကြုံတွေ့ခဲ့ရပြီးဖြစ်တယ်။ နောက်ဆုံး ကျနော်တို့သိလိုက်ရတာက ဒီနိုင်ငံထဲမှာ လက်နက်ကိုင် ဒါမှမဟုတ် တော်လှန်ရေးလက်နက်ကိုင်တွေ လုံးဝပပျောက်သွားတဲ့နေ့ဟာ ငြိမ်းချမ်းတဲ့နေ့ပဲလို့ သူတို့သတ်မှတ်ထားပြီးသား စစ်တပ်ကထုတ်ဖော်ပြောပြီးသား။ အဲဒီအပေါ်မှာ ဒီလိုငြိမ်းချမ်းရေးမျိုးကို ဘယ်အစုအဖွဲ့ကစိတ်ဝင်စားသလဲပေါ့နော်။

ကျနော်တို့ ကေအဲန်ယူအနေနဲ့ကတော့ နိုင်ငံရေးမူဝါဒ၊ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင် တိတိကျကျရှိနေတဲ့အပေါ်မှာ သူတို့ရဲ့နဂိုစိတ်ရင်း၊ ငြိမ်းချမ်းရေးရဲ့အဓိပ္ပါယ်၊ ကျနော်တို့နဲ့လုံးဝကွဲပြားခြားနားတဲ့ငြိမ်းချမ်းဆိုတဲ့အရာရဲ့မတူတဲ့ကွဲပြားခြားနားမှုမှာ လုံးဝသွားပြီးတော့ ယုံကြည်လို့မရဘူးဆိုတာကို ပြောလို့ရတယ်။ စောစောကပြောတဲ့ နိုင်ငံရေးရည်မှန်းချက် တိတိကျကျရှိနေတဲ့အစုအဖွဲ့ကို သူကသိပ်ပြီးတော့ လက်မခံချင်ဘူးဆိုတဲ့ပုံစံလည်း ကျနော်တို့ကြားသိနေရတယ်။ ကျနော်တို့အဲ့ဒီလိုပြောရင် သူတို့ဘက်ကလက်ခံနိုင်မှာမဟုတ်ဘူး။ နိုင်ငံရေးရည်မှန်းချက် မူဝါဒတိတိကျကျရှိနေတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုမျှော်မှန်းတဲ့ ကျနော်တို့တော်လှန်ရေးအင်အားစုတွေ ဘယ်အဖွဲ့အစည်းမှသွားမှာမဟုတ်ဘူးဆိုတာ ကျနော့်အနေနဲ့ပြောလို့ရပါတယ်။

မေ။ အဲဒီမှာ စစ်အုပ်စုနဲ့နေပြည်တော်မှာသွားတွေ့နေကြတဲ့ ကရင်လက်နက်ကိုင်တချို့လည်းရှိတယ်။ စစ်တပ်ကဘယ်ခြေကိုလှမ်းနေတာလဲဆိုတဲ့အပေါ်မှာ ကေအဲန်ယူရဲ့အမြင်ကို သိပါရစေ။
ဖြေ။ သူတို့ရဲ့ငြိမ်းချမ်းရေးအဓိပ္ပါယ်ပေါ့နော် ဒီနိုင်ငံမှာတော်လှန်ရေးအင်အားစုတွေအားလုံး ပပျောက်သွားတဲ့နေ့က ငြိမ်းချမ်းရေးရတဲ့နေ့ပဲ။ နောက်တစ်ချက်က ငြိမ်းချမ်းရေးလို့ပြောပြီးတော့ အမြဲတမ်းကြုံတွေ့နေရတာက တစ်ဖက်က တဖက်လူတွေကြောက်ရွှံ့သွားအောင် နည်းအမျိုးမျိုးနဲ့အကြမ်းဖက်အရသော်လည်းကောင်း၊ နိုင်ထက်စီးနင်းအပြုအမူအရသော်လည်းကောင်း၊ အမျိုးမျိုးလုပ်ပြီးမှပဲ လူတွေကိုသူ့ဆီဒူးထောက်လာစေတဲ့ငြိမ်းချမ်းရေးအမျိုးအစား အဲဒါလည်းပါပါတယ်။ အဲဒါကြောင့် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်မှာ ကျနော့်အနေနဲ့အထွေအထူးတော့မပြောလိုဘူး။

ကျနော်ပြောချင်တာအဓိကက ဘယ်အစုအဖွဲ့က နိုင်ငံရေးရည်မှန်းချက်ကို တိတိကျကျနဲ့အကောင်အထည်ဖော်နေလဲ။ ပြည်သူသိ ကမ္ဘာသိ တော်လှန်ရေးလုပ်ငန်းကိုတစိုက်မတ်မတ် အားသွန်ခွန်စိုက်သွားနေတယ်ဆိုတဲ့အပေါ်မှာ ကျနော်တို့ကြည့်လိုက်ခြင်းအားဖြင့် မူဝါဒတိတိကျကျနဲ့ နိုင်ငံရေးရည်မှန်းချက်မရှိဘူးဆိုရင်တော့ သူခေါ်တဲ့ငြိမ်းချမ်းရေးကို ရောက်သွားကြမှာပဲ။ ကျနော်တို့ကတော့ ခိုင်ခိုင်မာမာပဲ ကိုယ့်ရဲ့နိုင်ငံရေးရည်မှန်းချက်နဲ့ ကျနော်တို့ရဲ့အခွင့်အရေးကို တစိုက်မတ်မတ်တော်လှန်တိုက်ပွဲဝင် သွားမယ်ဆိုတဲ့အပေါ်မှာ ဒီငြိမ်းချမ်းရေးသည် စစ်မှန်တဲ့ငြိမ်းချမ်းရေးမဟုတ်ဘူး။ တဖက်လူကိုခြိမ်းခြောက်ပြီးမှ ငြိမ်းချမ်းအောင်လုပ်တဲ့နည်းနဲ့ကြိုးစားနေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို ဘယ်လိုနည်းနဲ့မှ ကျနော်တို့လက်ခံလို့မရဘူး ဆိုတာတော့ ထပ်လောင်းပြီးတော့ ပြောချင်ပါတယ်။

မေး။ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးနေတဲ့တစ်ဖက်မှာလည်း ထိုးစစ်ဆင်မှု အကြီးအကျယ်လုပ်နေတဲ့ စစ်အုပ်စုရဲ့ငြိမ်းချမ်းရေးဖော်ဆောင်တာကို ကေအဲန်ယူအနေနဲ့ ဘယ်လိုနားလည်လဲ။
ဖြေ။ ခုနကပြောသလိုပေါ့နော် တဖက်သားကိုခြိမ်းခြောက်ပြီးမှ ဒူးထောက်လာစေတဲ့လုပ်ရပ်တွေ၊ ဒါကတူတူပါပဲ။ ပြောချင်တာကတော့ ကျနော်တို့ ဟိုးနှစ်ပေါင်းများစွာကတည်းက သူ့ရဲ့ပြည်တွင်းထဲမှာ သူ့အောက်ကိုလူတွေဒူးထောက်လာတဲ့ မီးစတဖက် ရေမှုတ်တဖက်လိုမျိုးပေါ့ အဲဒီနည်းအတိုင်းကို ကျနော်တို့အတိအကျနားလည်ရပါတယ်။

မေး။ အာဆီယံနဲ့ ကေအဲန်ယူပါဝင်တဲ့ SCEF တို့ ဆွေးနွေးပွဲပြီးတဲ့နောက် EAO တွေဘက်က ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ထားတယ်၊ ပြင်ဆင်နေတယ်ဆိုတာမျိုး ထိုင်းသတင်းတွေကနေတဆင့် ဖော်ပြနေကြတာတွေ့ရတယ် ကေအဲန်ယူဘက်ကရော ဘာပြောချင်လဲ။
ဖြေ။ ငြိမ်းချမ်းရေးလို့ပြောတဲ့နေရာမှာ စောစောကကျနော်တို့သဘောထားကို ပြောခဲ့ပြီးပြီ။ တဖက်က အာဆီယံရဲ့သဘောထားကို ပြန်ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အာဆီယံရဲ့သဘောထားက ဘုံသဘောတူညီချက်(၅)ရပ်အပေါ်မှာ သူတို့ရပ်တည်တယ်။ ကျနော်တို့အနေနဲ့လည်း အဲဒါက တကယ်လက်တွေ့ကျတဲ့ သဘောတူညီမှုဖြစ်တယ်လို့မြင်တယ်။ အဲဒီအတိုင်းပဲ အာဆီယံနိုင်ငံတွေကလည်း မြန်မာ့အရေးကိုဖြေရှင်းတဲ့နေရာမှာ ဆက်လက်ရပ်တည်တယ်။ ကျနော်တို့ကလည်း အဲဒီသဘောထားအတိုင်းပဲ လက်တွေ့ကျတယ်ဆိုတာကို လက်ခံပြီး လိုအပ်ရင်လိုအပ်သလို ပါဝင်တဲ့အာဆီယံနိုင်ငံတွေနဲ့ဆွေးနွေးသင့်ရင် ဆွေးနွေးမယ်ဆိုတာတော့ သဘောထားရှိပါတယ်။

မေး။ အာဆီယံက အာဏာသိမ်း စစ်အုပ်စုကို လူရာပြန်သွင်းဖို့ တဖြည်းဖြည်းရုပ်လုံးပေါ်လာတာကို တွေ့ရတယ်။ ဒါကို ဘယ်လို ရှုမြင်ပါသလဲ။
ဖြေ။ စစ်အုပ်စုကို လူရာပြန်သွင်းလာတယ်လို့တော့ ကျနော်မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောသလို ဘုံသဘောတူညီချက်(၅)ရပ်ကို အကောင်အထည်ပြန်ဖော်ဖို့ လိုအပ်တယ်ဆိုတဲ့ သူတို့သဘောထားသည် လူချင်းတွေ့ဆုံပြီးစကားပြောမှဖြစ်တယ် ဆိုတဲ့အရာလို့ ကျနော်ကတော့နားလည်တယ်။ ပြောချင်တာက ဒီ ဘုံသဘောတူညီချက်(၅)ရပ်ကို ခင်ဗျားတို့အကောင်အထည်ဖော်ပါ၊ လက်တွေ့အကောင်အထည်ဖော်ပါ။ ဒီသဘောတူညီချက်လက်မှတ်ရေးထိုးတာလောက်နဲ့မရဘဲ လက်တွေ့အကောင်အထည်ဖော်ပါဆိုတဲ့ အာဆီယံနိုင်ငံတွေရဲ့တိုက်တွန်းချက် အဲဒါကို သူတို့အနေနဲ့လူချင်းတွေ့မှပြောလို့ရတဲ့အနေအထားတစ်ခုလို့ ကျနော်တို့နားလည်ထားတယ်။

မေး။ အာဆီယံဟာ သူတို့ရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ထဲ စစ်တပ်ဝင်လာအောင် ဘယ်လိုကိုင်တွယ်သင့်လဲဆိုတာ ကေအဲန်ယူအနေနဲ့ဆိုရင် ဘယ်လိုအကြံပေးချင်လဲ။
ဖြေ။ အဲဒါကြောင့်မို့ ဒီလိုမျိုးနိုင်ငံရေးပြဿနာတွေဖြစ်ပေါ်လာတဲ့အချိန် အဖြေမှန် တစ်ရာရာခိုင်နှုန်းရှာဖို့ကတော့ ခက်တယ်။ အဲဒါကြောင့်မို့ အာဆီယံအနေနဲ့ကတော့ထိတွေ့ဆက်ဆံပြီးတော့ စကားပြောကြည့်ရမယ်၊ စစ်အုပ်စုတဖက်တည်းကိုပဲ စကားမပြောဘဲနဲ့ ကျနော်တို့ကျန်တဲ့သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေနဲ့စကားပြောဖို့လည်း လိုအပ်တယ်။ အဲ့လိုမလုပ်ဘဲ တဖက်ပဲစကားပြောနေမယ်ဆိုရင် သူတို့ဘက်ကမျှော်လင့်ထားတဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။

မေး။ ရက်ပေါင်း ၁၀၀ ပြည့်ပြီးတဲ့နောက်မှာရော နယ်စပ်ဒေသ စစ်ရေးမျက်နှာစာမှာ စစ်အုပ်စုရဲ့စစ်ရေးလှုပ်ရှားမှု နိုင်ငံရေးလှုပ်ရှားမှုတွေ ပိုအားကောင်းလာနိုင်ပါသလား ကေအဲန်ယူအမြင်ကိုသိပါရစေ။
ဖြေ။ ရက်ပေါင်း(၁၀၀)ကျော်လွန်သွားရင်လည်းပဲ အထူးသဖြင့်စစ်ရေးအခြေအနေအရ ဆက်လက်ပြီးတော့ တိုက်ခိုက်မှုတွေပေါ့၊ ဆိုလိုတာက ကျနော်တို့တော်လှန်ရေးအင်အားစုတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လုပ်နိုင်တယ်။ ပြည်သူလူထုအပေါ်လည်း ပုံမှန်အတိုင်းပဲ ဆက်ပြီးဗုံးကြဲတိုက်ခိုက်နိုင်တဲ့ကိစ္စမျိုးလည်း ကျနော်တို့တွေ့ရတယ်။ ဒါက ဘယ်လောက်ကြာဦးမလဲ ဘယ်နှနှစ်လောက်အထိ ဆက်လုပ်မလဲဆိုတာ ကျနော်တို့အတိအကျတော့ ပြောလို့မရဘူး။ သေချာတာကတော့ ရက်(၁၀၀)အကျော်မှာလည်းပဲ ဆက်လက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေဦးမယ်ဆိုတာ ပြောလို့ရတယ်။

မေး။ မြဝတီမြို့တောင်ဘက် နယ်စပ်နှင့် အနီးကပ်ဆုံးနေရာတွေမှာ ဖြစ်နေတဲ့တိုက်ပွဲတွေမှာ လက်နက်ကျည်တွေ ထိုင်းနိုင်ငံဘက်သို့ ကျတာလည်းရှိခဲ့တော့ ထိုင်းနိုင်ငံဘက်ကနေ KNU အပေါ် ဖိအားပေးမှုများ ရှိခဲ့ရင် ပြောပြပေးပါဦး။
ဖြေ။ ကျနော်တို့ဘက်ကိုတော့ ဖိအားပေးတာမျိုးမရှိပါဘူး။ ဒီကိစ္စကို လူတွေတော်တော်များများစိတ်ဝင်စားတယ်။ ထိုင်းအစိုးရက ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့မေးခွန်းတွေတော့ အမေးခံရဖူးပါတယ်။ ကျနော်တို့အနေနဲ့တော့ ဒါကထိုင်းဘက်ကကိုင်တွယ်ရမယ့်ကိစ္စဆိုတော့ ကေအဲန်ယူအနေနဲ့ သဘောထားပေးလို့တော့ မတတ်ဘူးပေါ့နော်။ တခုပဲရှိတာက ကျနော်တို့ဆီကိုတော့ ထိုင်းဘက်ကဖိအားပေးလာတာမျိုးမရှိပါဘူး။

မေး။ အာဏာသိမ်း(၅)နှစ်ကျော်ကာလထဲမှာရော ကေအဲန်ယူရဲ့နယ်မြေထိန်းချုပ်၊ အုပ်ချုပ်နိုင်တဲ့ ပါဝါက ဘယ်လောက်အားကောင်းလာလဲ သိပါရစေ။
ဖြေ။ (၅)နှစ်ကျော်ကာလပေါ့နော်၊ ကျနော်တို့အမြဲပြောနေပါတယ်။ ကျနော်တို့ရဲ့အုပ်ချုပ်နယ်မြေအတွင်း အထူးသဖြင့် ဥပမာအားဖြင့် စစ်အုပ်စုဘက်က သူတို့ရဲ့ရှေ့မျက်နှာစာစစ်စခန်း၊ ဗျူဟာစခန်းတွေ တော်တော်များများကတော့ ကျနော်တို့ရှင်းထုတ်လိုက်နိုင်တယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ရဲ့ကိုယ်ပိုင်အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအကောင်အထည်ဖော်ဖို့ပါ။ တဖက်က ပါဝါအနေနဲ့ပြန်ကြည့်ရင်တော့ ပတ်ဝန်းကျင်ရဲ့အမြင်နဲ့ပဲ သက်ဆိုင်တယ်လို့ပဲထင်တယ်။ ကျနော်တို့ကတော့ ဒီလောက်ကြီးပါဝါတက်သွားတယ် ဒီလောက်ကြီးအင်အားရှိသွားတယ်လို့ ပြောလို့မရဘူး။ မပြောလည်းမပြောသင့်ဘူးပေါ့။

မေး။ ပဒိုအနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါ။
ဖြေ။ အခုကတော့ ဒီနိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းကတော့ ပြောင်းလဲသွားပြီ။ အရင်တုန်းက ကျနော်တို့က သွားရောက်ပြီးတော့ ကိုယ့်အခွင့်အရေးကိုတောင်းဆိုတဲ့ နိုင်ငံရေးအခင်းအကျင်းကနေပြီးတော့ ကျနော်တို့ရဲ့ကံကြမ္မာကို ကိုယ်ကိုယ်တိုင်ပဲအကောင်အထည်ဖော်ဖို့ ပြန်လည်ရယူ ကျင့်သုံးဖို့ဆိုတဲ့နိုင်ငံရေးအခင်းအကျင်းပေါ့။ ပြောချင်တာကတော့ ကျနော်တို့သွားရောက်ဆွေးနွေးတဲ့ နိုင်ငံရေးအခွင့်အရေးတစ်ခုမဟုတ်ဘဲနဲ့ ကိုယ့်ဘာသာကိုယ် အောက်ခြေကနေ Bottom up approach ကနေ ကျနော်တို့တည်ဆောက်ပြီးမှ အားသွန်ခွန်စိုက်လုပ်ရမယ့်အခြေအနေဖြစ်သွားပြီပေါ့နော်။ အဲဒီအပြောင်းအလဲကတော့ အဲဒါကို သတိထားဖို့လည်းလိုအပ်တာပေါ့နော်။ နိုင်ငံရေးအပြောင်းအလဲကတော့ အဲဒီလိုအပြောင်းကြီးပြောင်းသွားပြီဆိုတာ ပြောချင်ပါတယ်။

မေး။ ကရင်လူငယ်တွေအပါအဝင် ပြည်သူလူထုကို ကေအဲန်ယူအနေနဲ့ သတင်းစကားပါးပေးချင်တာရှိမလား။
ဖြေ။ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးဖို့ဆိုတာက ကရင်လူမျိုးတွေလည်းပါဝင်ဖို့လိုတယ်။ ဒီလောက်အင်အားနဲ့တော့ ကျနော်တို့ခက်ခက်ခဲခဲနဲ့သွားရလိမ့်မယ်။ လူဦးရေအရ မနည်းတဲ့ကရင်လူမျိုးတွေ ကိုယ့်ကရင်လူမျိုးတွေရဲ့ကံကြမ္မာကို ပြန်လည်ရယူပြီးတော့အကောင်အထည်ဖော်ဖို့နေရာမှာ စုပြီးတော့ပါဝင်လာကြဖို့ ဖိတ်ခေါ်တယ်။ အထူးသဖြင့် ကော်သူးလေရဲ့နယ်မြေထဲမှာရှိတဲ့ Bottom up approach ဆိုတဲ့ အောက်ခြေကနေ တည်ဆောက်သွားမယ်ဆိုတဲ့အုပ်ချုပ်ရေးစနစ်ထဲမှာ တဆင့်တဆင့် အဆင့်ဆင့်မှာပါဝင်လာဖို့ ပညာတတ်တွေ၊ လူငယ်တွေ အရမ်းကိုလိုအပ်ပါတယ်ဆိုတာ ကျနော့်အနေနဲ့ မက်ဆေ့ချ်ပေးချင်ပါတယ်။