Home သတင်း (၃၇) ကြိမ်မြောက် အာဆီယံသဘာဝပတ်ဝန်းကျင် အစည်းအဝေးအတွက် မြန်မာကို အိမ်ရှင်အဖြစ် လက်မခံရေး အရပ်ဖက်အဖွဲ့များ တောင်းဆို

(၃၇) ကြိမ်မြောက် အာဆီယံသဘာဝပတ်ဝန်းကျင် အစည်းအဝေးအတွက် မြန်မာကို အိမ်ရှင်အဖြစ် လက်မခံရေး အရပ်ဖက်အဖွဲ့များ တောင်းဆို

75
Photo: Reuters

ဇူလိုင် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အာဆီယံ၏ (၃၇) ကြိမ်မြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(ASOEN)အတွက် နိုင်ငံကိုယ်စား စစ်အုပ်စုဦးဆောင်ကျင်းပခွင့်မရစေရန် မြန်မာကိုအိမ်ရှင်အဖြစ် လက်မခံရေး အရပ်ဖက်အဖွဲ့(၁၂၃)ဖွဲ့က အာဆီယံသို့ ဇူလိုင်လ (၁၈)ရက်နေ့တွင် အိတ်ဖွင့်စာပို့တောင်းဆိုသည်။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးကထုတ်ပြန်ထားသည့် ၂၀၂၆ ခုနှစ်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစည်းအဝေးအသီးသီးနှင့်ပတ်သက်သော အစီအစဥ် ခန့်မှန်းခြေဇယားအရ လာမည့် ဩဂုတ်လ (၄)ရက်မှ (၇)ရက်နေ့အထိ ASOEN ကျင်းပရန် မြန်မာက အိမ်ရှင်နိုင်ငံအဖြစ် အလှည့်ကျလာခြင်းဖြစ်သည်။

နိုင်ငံတကာရာဇဝတ်မှုများကျုးလွန်ရန် ပြည်တွင်းရှိ တော၊ တောင်၊ မြစ်ချောင်း သဃံဇာတများကိုဖျက်ဆီး အမြတ်ထုတ်နေသည့် စစ်အုပ်စုက နိုင်ငံကိုယ်စား အစည်းအဝေးကို ဦးဆောင်ကျင်းပခွင့်မရရေး အာဆီယံအပါအဝင် အလှည့်ကျဥက္ကဌ ဖိလစ်ပိုင်အနေဖြင့် မြန်မာကိုအိမ်ရှင်အဖြစ် လက်မခံဘဲ တားဆီးပေးရန် အရပ်ဖက်အဖွဲ့များက တောင်းဆိုသည်။

“စစ်အုပ်စုဟာ မြန်မာပြည်သူလူထုရဲ့ တရားဝင်ကိုယ်စားလှယ် မဟုတ်ပါဘူး။ သူတို့ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် ပိုက်ဆံရှာဖို့ တော၊ တောင်၊ မြစ်ချောင်းနဲ့ သတ္တုသယံဇာတတွေကို လုယက်ဖျက်ဆီး အမြတ်ထုတ်နေတာပါ။ ဒီလိုလူတွေကို အာဆီယံရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစည်းအဝေးတွေရဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပေးလို့မရပါဘူး” ဟု တစ်ဖွဲ့အပါအဝင်ဖြစ်သည့် Defend Myanmar Democracy မှ ကိုမိုက်ခ်က ပြောသည်။

ထို့အပြင် စစ်အုပ်စုကို အိမ်ရှင်အဖြစ် လက်ခံခြင်းသည် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေသော အဓိကတရားခံကို ဆုချရာရောက်ရာရောက်သလို ၎င်းတို့ကျူးလွန်ထားသည့်ပြစ်မှုများကို ဟန်ပြဖုံးကွယ်ပြီး နိုင်ငံတကာတွင် တရားဝင်မှုရှိနေသယောင်အခွင့်အလမ်း ပေးရာရောက်သည်ဟု ဖြည့်စွက်ပြောဆိုသည်။

Photo: Reuters

အရပ်ဖက်အဖွဲ့များ၏ အိတ်ဖွင့်စာအရ ASOEN နှင့်ဆက်စပ်အစည်းအဝေးများကို စစ်အုပ်စုထိန်းချုပ်ထားသည့် နိုင်ငံပိုင် သဃံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပရန်ရှိနေပြီး ၎င်းလက်အောက်ရှိ လုပ်ငန်းများမှာ အမေရိကန်နှင့်အီးယူတို့ထံမှ ဒဏ်ခတ်ပိတ်ဆို့မှုခံနေရခြင်းရှိကြောင်းလည်း သိရသည်။

ယင်းကြောင့် အမေရိကန်နှင့်အီးယူက အစည်းအဝေးတက်ရောက်ရန်စီစဥ်နေခြင်းမှာ ရှေ့နောက်မညီသော လုပ်ရပ်အဖြစ် လှစ်ဟပြနေပြီး ကိုယ်တိုင်တက်ရောက်ခြင်းသော်လည်းကောင်း၊ ကိုယ်စားလှယ်စေလွှတ်၍လည်းကောင်း မပြုလုပ်ရန် အရပ်ဖက်အဖွဲ့များက ဖြည့်စွက်တောင်းဆိုသွားသည်။

စစ်အုပ်စုအာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ်မှစ၍ လူပေါင်း ၃.၈ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသော်လည်း ပြည်သူကန့်ကွက်မှုပြင်းထန်နေသည့် မြစ်ဆုံစီမံကိန်းကို ပြန်လည်အသက်သွင်းရန် စစ်တပ်က တွန်းအားပေးခြင်း ရှိခဲ့သည်။

ထို့အတူ သဘာဝဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပိတ်ဆို့ လမ်းကြောင်းလွှဲခြင်းနှင့် ဌာနလူမျိုးစုတို့၏ နယ်မြေများကို ဗုံးကြဲတိုက်ခိုက်ခြင်းများ စစ်အုပ်စုက ပြုလုပ်ခဲ့ကြောင်းလည်း အရပ်ဖက်အဖွဲ့များက စာအတွင်း ထည့်သွင်းဖော်ပြထားသည်။

ဆက်လက်၍ ASOEN နှင့် အစည်းအဝေးများအား မြန်မာအစား ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ပြောင်းရွှေ့ကျင်းပရန်ဖြစ်ပြီး သို့မဟုတ်ပါက အွန်လိုင်းဖြင့်ကျင်းပရန်ဟုလည်း အိတ်ဖွင့်စာတွင် အကြံပေးထားခြင်းရှိသည်။