Home တွေ့ဆုံမေးမြန်းခန်း သံလွင်မြစ် အဆိပ်သင့်မှုအပေါ် (KESAN) ၏ အမှုဆောင်ဒါရိုက်တာ စောပေါလ်စိန်ထွားနှင့် မေးမြန်းချက်

သံလွင်မြစ် အဆိပ်သင့်မှုအပေါ် (KESAN) ၏ အမှုဆောင်ဒါရိုက်တာ စောပေါလ်စိန်ထွားနှင့် မေးမြန်းချက်

24

“ သံလွင်မြစ်ကို ကာကွယ်ခြင်းဟာ မြစ်ကိုမှီခိုနေရတဲ့ လူထုအားလုံးရဲ့ ကျန်းမာရေး၊ ဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။” စောပေါလ်စိန်ထွား

သံလွင်မြစ် အဆိပ်သင့်မှုအပေါ် (KESAN) ၏ အမှုဆောင်ဒါရိုက်တာ စောပေါလ်စိန်ထွားနှင့် မေးမြန်းချက်

(ဇူလိုင် ၂ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ)

လက်ရှိသံလွင်မြစ်၏ အဆိပ်သင့်မှုအဆင့်၊ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်းရှိ ကရင်လူထု၏ စိုက်ပျိုးရေးအခြေအနေ၊ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ရှေ့ဆက်ရမည့် တုံ့ပြန်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကရင် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN) ၏ အမှုဆောင်ဒါရိုက်တာ စောပေါလ်စိန် ထွားအား ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး ။ ။ ပထမဦးဆုံး စစ်အာဏာသိမ်းပြီးနောက်ပိုင်း စည်းကမ်းမဲ့သတ္တုတူးဖော်မှုလုပ်ငန်းတွေ ဘယ်လောက်အထိ တိုးလာသလဲ၊ သံလွင်မြစ် ညစ်ညမ်းမှုကကော ဘယ်လောက်အထိ ပြင်းထန်နေပြီလဲ သိပါရစေ။
ဖြေ။ ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ကြီးကြပ်မှုတွေ ပြိုလဲသွားတဲ့အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စည်းကမ်းမဲ့သတ္တုတူးဖော်မှုတွေ သိသိသာသာ ကျယ်ပြန့် လာခဲ့ပါတယ်။ ဂြိုဟ်တုအခြေပြု သုတေသနပြုချက်တွေအရ ရှမ်းပြည်နယ် (သံလွင်မြစ်ဝှမ်းဒေသ အစိတ် အပိုင်းအချို့အပါအဝင်) မှာ မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အကြီးအကျယ် လုပ်ကိုင်နေကြောင်း မှတ်တမ်းတင်နိုင်ခဲ့တယ်။

မော်ချီးနဲ့ ကရင်နီပြည်နယ်ရဲ့ အခြားနေရာတွေက သတ္တုတူးဖော်မှုတွေကိုလည်း အရေးပေါ် စုံစမ်းစစ်ဆေးဖို့ လိုအပ်နေပါတယ်။ ဒါပေမဲ့လည်း သံလွင်မြစ်ညစ်ညမ်းမှုရဲ့ အတည်ပြုနိုင်မယ့် အရင်းအမြစ်အဖြစ် သတ်မှတ် သတ္တုတွင်းနေရာတစ်ခုခုကို ဖော်ထုတ်ဖို့ ခိုင်မာတဲ့ သိပ္ပံနည်းကျအထောက်အထားတော့ မရှိသေးပါဘူး။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်းမှာတော့ လက်နက်ကိုင်ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှုနဲ့ စီးပွားရေး ကျပ်တည်းမှု တွေကြောင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ နည်းပါးသွားချိန်မှာ ကော်သူးလေ-ထိုင်းနယ်စပ် တစ်လျှောက် လက်လုပ် (လူအားသုံး) နဲ့ အသေးစား (ဓာတ်ဆီသုံးရေစုပ်စက်များနှင့် high bankers ကိရိယာ များသုံး) ရွှေတူးဖော်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ် (Salween Peace Park) အာဏာပိုင်တွေနဲ့ ဒေသခံ KNU ဌာနတွေက အသိ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ခြင်း၊ အန္တရာယ်ရှိတဲ့ သတ္တုတူးဖော်မှုတွေကို ပိတ်ပင်ခြင်းနဲ့ မြစ်တစ်လျှောက် ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ဓာတ်ဆီစုပ်စက်အချို့ကို အကြိမ်ကြိမ် သိမ်းဆည်းတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

နောက်ဆုံးထုတ်ပြန်ထားတဲ့ ထိုင်းနိုင်ငံရဲ့ စောင့်ကြည့်စစ်ဆေးမှုရလဒ်တွေအရ ညစ်ညမ်းမှုဟာ စိုးရိမ် ဖွယ်အဆင့်ကို ရောက်ရှိနေကြောင်း အတည်ပြုထားပါတယ်။ ၂၀၂၅ခုနှစ် မေလမှာ သံလွင်မြစ်ရဲ့ မျက်နှာပြင် ရေထုအတွင်း အာဆင်းနစ်ပါဝင်မှုဟာ တစ်လီတာမှာ ၀.၀၄၀ မှ ၀.၀၅၃ မီလီဂရမ်အထိ ရှိနေတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ စံနှုန်းဖြစ်တဲ့ တစ်လီတာမှာ ၀.၀၁ မီလီဂရမ်ထက် ၄ ဆမှ ၅ ဆအထိ ပိုမိုများပြားနေတာပါ။ မြစ်ကြမ်း ပြင် အနည်အနှစ်တွေထဲမှာ အာဆင်းနစ်ပါဝင်မှုဟာ တစ်ကီလိုဂရမ်မှာ ၃၄ မှ ၆၈ မီလီဂရမ်အထိ ရှိနေပြီး စောင့်ကြည့်စစ်ဆေးခဲ့တဲ့ နေရာတိုင်းမှာ ပြင်းထန်တဲ့ ဂေဟစနစ်ပျက်စီးမှု အဆင့်ထက် ကျော်လွန်နေပါတယ်။

မေး။ ။ ရွှေ့ပြောင်းတောင်ယာကနေ အမြဲတမ်းစိုက်ပျိုးရေးဖြစ်လာဖို့ ဒေသခံတွေကို KESAN က ဘာတွေပံ့ပိုးပေးထားလဲ။ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ထဲမှာ လက်ရှိ သစ်တောစိုက်ပျိုးရေးစနစ် (Agroforestry) ကို သုံးနေတဲ့ ကျေးရွာနဲ့ အိမ်ထောင်စု ဘယ်လောက်ရှိလဲ။
ဖြေ။ ။ KESAN အနေနဲ့ ကရင်ရိုးရာ အလှည့်ကျတောင်ယာစိုက်ပျိုးခြင်း (Rotational Farming) ကို သဘာဝ အတိုင်း အန္တရာယ်ရှိတယ်လို့ မယူဆသလို အမြဲတမ်းစိုက်ပျိုးရေးစနစ်သည်လည်း အလိုအလျောက် ပိုမိုရေရှည်တည်တံ့တယ်လို့ လက်ရှိမှာ မလှုံ့ဆော်သေးပါ။ တိုင်းရင်းသားရိုးရာဗဟုသုတတွေနဲ့အညီ စိုက်ပျိုးရင် အလှည့်ကျတောင်ယာဟာ သီးနှံမျိုးစုံကို ထိန်းသိမ်းပေးခြင်း၊ မြေဆီလွှာပြန်လည်ကောင်းမွန်ဖို့ မြေရိုင်းပစ်ထားနိုင်ခြင်း၊ စနစ်တကျထိန်းချုပ်မီးရှို့ခြင်းနဲ့ ရိုးရာဓလေ့ထုံးတမ်း စည်းမျဉ်းတွေနဲ့ စီမံခန့်ခွဲတာတွေ ရှိပါတယ်။

ဒါဟာ စိုက်ပျိုးသူတွေက မြေဆီလွှာကုန်ခမ်းသွားတဲ့မြေကို စွန့်ပစ်ခဲ့တဲ့ စည်းကမ်းမဲ့ မြေယာရှင်းလင်းခြင်းနဲ့ ကွာခြားတယ်။ အမြဲတမ်းစိုက်ပျိုးရေးကလည်း ဓာတုဗေဒပစ္စည်းတွေ၊ သီးနှံတစ်ခုတည်းစိုက်ပျိုးခြင်း၊ သစ်တော တွေကို ပြောင်းလဲခြင်း သို့မဟုတ် မရေရာတဲ့ မြေယာလုပ်ပိုင်ခွင့်တွေအပေါ် မှီခိုနေရင် ပျက်စီးဆုံးရှုံးမှု အလွန်ကြီးမားနိုင်ပါတယ်။

အလှည့်ကျတောင်ယာစိုက်ပျိုးခြင်း သို့မဟုတ် အမြဲတမ်းစိုက်ပျိုးခြင်း နှစ်ခုစလုံးဟာ အာဆင်းနစ် ညစ်ညမ်း မှုအတွက် တိုက်ရိုက်ဖြေရှင်းချက်မဟုတ်ပါဘူး။ သင့်တော်တဲ့တုံ့ပြန်မှုက ညစ်ညမ်းမှုကို ယင်းရဲ့ အရင်းအမြစ်မှာတင် တားဆီးဖို့ဖြစ်တယ်။ တစ်ချိန်တည်းမှာပင် ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုကြောင့် ရွှေကျင်ခြင်းလုပ်ငန်းသို့ ကူးပြောင်းသွားကြသူတွေအတွက် လက်တွေ့ကျတဲ့ အခြားရွေးချယ်စရာတွေ လိုအပ်ပါတယ်။

KESAN ဟာ ကုန်းမြင့်နဲ့ အလှည့်ကျတောင်ယာ၊ အိမ်တွင်းဥယျာဉ်၊ မွေးမြူရေး၊ မျိုးစေ့နဲ့ ဆန်သိုလှောင်ရုံတွေ၊ ပျားရည်နဲ့ အခြားသစ်တောထွက်ပစ္စည်းတွေ၊ လက်မှုပညာ၊ အစားအစာပြုပြင်ခြင်း၊ မိသားစုပိုင်ဆိုင်ဆိုင်တွေနဲ့ အမျိုးသမီးဦးဆောင်တဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေအပါအဝင် မတူကွဲပြားတဲ့အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ပံ့ပိုးပေးပါတယ်။ ဒီလုပ်ငန်းတွေဟာ အန္တရာယ်ရှိတဲ့ သယံဇာတတူးဖော်မှုလုပ်ငန်းတွေမှာ ပါဝင်ဖို့ စီးပွားရေးအရ ဖိအားတွေကို လျှော့ချပေးပြီး အစားအစာဖူလုံမှုကို အားကောင်းစေတယ်။

KESAN က တက်ကြွစွာပံ့ပိုးပေးနေတဲ့ တိုင်းရင်းသားရိုးရာ မျိုးစေ့စုဆောင်းခြင်းလုပ်ငန်းဟာလည်း ရာသီ ဥတုပြောင်းလဲမှုကြောင့်ဖြစ်ရတဲ့ မိုးခေါင်ခြင်း၊ ရေကြီးခြင်းနဲ့ ပိုးမွှားကျရောက်ခြင်းတွေကို ဒေသခံ အလှည့်ကျ တောင်ယာသမားတွေ ကြံ့ကြံ့ခံနိုင်စေဖို့အတွက် အရေးကြီးပါတယ်။

ပိုမိုမကြာခဏဖြစ်ပွားလာတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ကျေးရွာအချို့မှာ သီးနှံတွေပျက်စီး ဆုံးရှုံးရတဲ့အခါ အခြားကျေးရွာတွေက ၎င်းတို့စုဆောင်းထားတဲ့ မျိုးစေ့တွေကို လွတ်လပ်စွာ မျှဝေပေးကြတယ်။ တောင်သူတွေဟာ မူတြော်ခရိုင်တစ်ဝန်း အလှည့်ကျတောင်ယာစိုက်ပျိုးမှုမှာ အသုံးပြုတဲ့တိုင်းရင်းသားရိုးရာမျိုးစေ့ အမျိုးပေါင်း ၁၀၀ ကျော်ကို ဆက်လက်ရရှိနိုင်ကြပါတယ်။

ပူးပေါင်းပါဝင်မှုအတိုင်းအတာအရ ပြောရရင်တော့ KESAN ရဲ့ ၂၀၂၅ ခုနှစ် မှတ်တမ်းများအရ ကျေးရွာ ၁၂ ရွာမှ အိမ်ထောင်စု ၂၇၃ စုဟာ ကုန်းမြင့်လယ်ယာစိုက်ပျိုးရေး ပံ့ပိုးကူညီမှု ရရှိခဲ့ပါတယ်။ အစောပိုင်း အစီအစဉ်တွေမှာ ခေးပထာရှိ မိသားစုများနှင့်အတူ ကော်ဖီနဲ့ ဝဥ သစ်တောစိုက်ပျိုးရေး စမ်းသပ်မှုတွေ၊ တာမေသာအီ ကိုသင်ယူမှုစင်တာ (Tamaytha Eco-Learning Center) ရှိ သရုပ်ပြလုပ်ငန်းတွေ ပါဝင်တယ်။

မေး။ ။ လက်နက်ကိုင်ပဋိပက္ခနဲ့ လေကြောင်းတိုက်ခိုက်မှုတွေက သစ်တောစိုက်ပျိုးရေးခြံတွေနဲ့ ရိတ်သိမ်းမှုတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ။
ဖြေ။ ။ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ နေရပ်စွန့်ခွာရမှုတွေဟာ သံလွင်ငြိမ်း ချမ်းရေးဥယျာဉ်အတွင်း စိုက်ပျိုးရေးအတွက် အကြီးမားဆုံး အဟန့်အတားတွေဖြစ်ပါတယ်။ မိသားစုအချို့ဟာ ၎င်းတို့ရဲ့ ကျေးရွာ သို့မဟုတ် စိုက်ပျိုးရေးခြံတွေဆီ ဘေးကင်းစွာ မပြန်နိုင်တော့ပါဘူး။

အချို့မှာမူ ပုန်းအောင်းရာနေရာတွေဆီ မပြန်မီ ပေါင်းသင်ဖို့၊ တိရစ္ဆာန်ကျွေးဖို့ သို့မဟုတ် သီးနှံရိတ်သိမ်းဖို့ နေ့ခင်းဘက်မှာ ခေတ္တမျှသာ သွားရောက်ကြရတယ်။ ဒါဟာ အချိန်၊ စွမ်းအင်နဲ့ ရှားပါးတဲ့ သယ်ယူပို့ ဆောင်ရေး အရင်းအမြစ်တွေကို ကုန်ဆုံးစေပြီး တောင်သူတွေကို ကြီးမားတဲ့အန္တရာယ်ဖြစ်စေပါတယ်။

ပဋိပက္ခဟာ စုပေါင်းလုပ်အားပေးမှုကိုလည်း အနှောင့်အယှက်ဖြစ်စေပြီး အိမ်တွေ၊ သိုလှောင်ရုံတွေ၊ ကိရိယာတွေ၊ မျိုးစေ့တွေနဲ့ ကျွဲနွားတွေကို ပျက်စီးစေကာ စိုက်ပျိုးရေးသင်တန်းတွေနဲ့ သွင်းအားစုတွေ သယ်ယူမှုကို ကန့်သတ်စေတယ်။ ဥပမာအားဖြင့် မကြာသေးမီက ခေးပ (Kheh Pa) မှာ လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရွာသားအများအပြားရဲ့ နေအိမ်တွေနဲ့အတူ လူထုဆန်သိုလှောင်ရုံတစ်ခု ပျက်စီးသွားခဲ့ပါတယ်။ မူတြော်မှာ ဆန်သိုလှောင်ရုံပေါင်း ၁၆၇ ခုထက်မနည်းရှိပြီး တစ်ခုစီက မိသားစု ၅ စုမှ ၁၀ စုအထိ ပံ့ပိုးပေးထားတာပါ။

အခုကဲ့သို့ တိုက်ခိုက်မှုတွေကြောင့် တောင်သူတွေဟာ အရေးကြီးတဲ့ စိုက်ပျိုးချိန်၊ ပြုစုချိန် သို့မဟုတ် ရိတ်သိမ်း ချိန်တွေကို လွဲချော်သွားနိုင်တယ်။ သစ်တောစိုက်ပျိုးရေးက အပင်တွေကနေ အကျိုးအမြတ်မရရှိမီ နှစ်ပေါင်းများစွာ ပြုစုရသဖြင့် ယခုကဲ့သို့ အခြေအနေတွေဟာ အပင်ကြီးစိုက်ပျိုးသူတွေအတွက် အထူးပင် ထိခိုက်စေပါတယ်။

အခုလို ဖိအားတွေဟာ ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှု၊ မိုးခေါင်မှု၊ ရေကြီးမှု၊ ပြင်းထန်တဲ့အပူရှိန်နဲ့ ပိုးမွှားအသစ်တွေ အပါအဝင် ရာသီဥတုပြောင်းလဲမှုတွေကြောင့် ပိုမိုဆိုးရွားလာတယ်။ သစ်တောစိုက်ပျိုးရေးဟာ ရေရှည် ကြံ့ကြံ့ခံနိုင်ရည်ကို အားကောင်းစေသော်လည်း ရုပ်ပိုင်းဆိုင်ရာလုံခြုံရေး၊ မြေယာလုပ်ပိုင်ခွင့်၊ အရေး ပေါ်ရိက္ခာအကူအညီနဲ့ နေရပ်စွန့်ခွာရသူတွေအတွက် ပံ့ပိုးမှုတွေမရှိဘဲ မအောင်မြင်နိုင်ပါဘူး။

မေး။ ။ ဒေသခံတွေအနေနဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ဈေးကွက်စိန်ခေါ်မှုတွေကို ဘယ်လိုဖြေရှင်းနေကြလဲ။
ဖြေ။ ။ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ သယ်ယူပို့ဆောင်ရေးနဲ့ ဈေးကွက်ဝင်ရောက်မှုဟာ အလွန် ခက်ခဲ နေဆဲဖြစ်ပါတယ်။ ဒေသတွင်းလမ်းအများစုဟာ မြေသားလမ်းတွေဖြစ်ပြီး ပွင့်လင်းရာသီမှာသာ အသုံးပြုနိုင်တယ်။ မိုးရာသီမှာ အချို့နေရာတွေကို ဆိုင်ကယ် ဒါမှမဟုတ် ခြေကျင်နဲ့သာ သွားလာနိုင်ပါတယ်။ မြင့်မားတဲ့ စက်သုံးဆီစျေးနှုန်းတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ မလုံခြုံမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေက သယ်ယူပို့ဆောင်ရေးစရိတ်ကို ပိုမိုမြင့်မားစေပြီး အမြဲတမ်းဈေးကွက်နေရာတွေကို မဘေးကင်းစေပါဘူး။

ဒေသခံတွေနဲ့ ဒေသခံအာဏာပိုင်တွေဟာ လမ်းတွေ၊ တံတားတွေနဲ့ ဆိုင်ကယ်လမ်းတွေကို ပြုပြင်နေကြပြီး KESAN ရဲ့ ပံ့ပိုးမှုနဲ့ ဒေသတွင်းစျေးကွက်အသေးစားတွေကို တည်ထောင်နေကြပါတယ်။ KESAN ဟာ အမျိုးသမီးဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အစားအစာပြုပြင်ခြင်း၊ ထုပ်ပိုးခြင်း၊ အရည်အသွေးထိန်းချုပ်ခြင်းနဲ့ အသေးစားလည်ပတ်ရန်ပုံငွေတွေကိုလည်း ပံ့ပိုးပေးတယ်။

လက်ရှိထုတ်လုပ်နေတဲ့ ထုတ်ကုန်တွေမှာ သစ်တောပျားရည်၊ ဒူးရင်းယို၊ နနွင်းမှုန့်၊ လက်မှုပညာနဲ့ အခြား ဒေသထွက်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒေသခံတွေ အရည်အသွေးနဲ့ စျေးကွက်မြှင့်တင်နိုင်ဖို့ ကူညီပေးမယ့် စျေးကွက်ပံ့ပိုးရေးရာထူးတစ်ခုကိုလည်း KESAN က တည်ထောင်ထားတယ်။

ကော်ဖီ၊ လက်ဖက်နဲ့ ဖာလာကဲ့သို့သော စီးပွားဖြစ်သီးနှံတွေကို သတိကြီးစွာနဲ့ စုပေါင်းလုပ်ကိုင်တဲ့ စမ်းသပ်ပရောဂျက်အသေးစားတွေ၊ ဈေးကွက်လေ့လာမှုတွေနဲ့ တောင်သူသမဝါယမအသင်းတွေကတစ်ဆင့် စတင်မြှင့်တင်သင့်ပါတယ်။ ခိုင်မာတဲ့ လူထုပိုင်ဆိုင်ခွင့်နဲ့ မြေယာအသုံးပြုမှု အကာအကွယ်တွေမရှိဘဲ ယင်းသီးနှံတွေကို တိုးချဲ့ရင် သီးနှံတစ်ခုတည်းစိုက်ပျိုးခြင်း သို့မဟုတ် လူထုသစ်တောတွေ ပြောင်းလဲသွားခြင်းကို ဖြစ်ပေါ်စေနိုင်တယ်။

KESAN ရဲ့ လုပ်ငန်းဟာ မြေယာနဲ့ သယံဇာတရယူမှုအပေါ် ပဋိပက္ခတွေမဖြစ်စေဖို့ တစ်ဦးတည်းကိုမဟုတ်ဘဲ လူထုကို စုပေါင်းပံ့ပိုးပေးခြင်းအပေါ် အာရုံစိုက်ပါတယ်။ ဒါကြောင့် ထုတ်လုပ်မှုကို မတူကွဲပြားစေရမှာဖြစ်ပြီး လူထုက ထိန်းချုပ်ရမှာဖြစ်ကာ အလွယ်တကူဝင်ရောက်နိုင်တဲ့ ဒေသတွင်းနဲ့ နယ်စပ်ဖြတ်ကျော်စျေးကွက်တွေကို ပထမဆုံးအခြေခံရမှာ ဖြစ်ပါတယ်။

မေး။ ။ သစ်တောစိုက်ပျိုးရေးစနစ်ကို သံလွင်မြစ်အဆိပ်သင့်မှုဒဏ်ကနေ ကာကွယ်ပေးမယ့် “ရိက္ခာဖူလုံရေးဒိုင်း” လို့ ခေါ်ဆိုနိုင်မလား။
ဖြေ။ ။ သစ်တောစိုက်ပျိုးရေးဟာ အသက်မွေးဝမ်းကျောင်းမှု ကြံ့ကြံ့ခံနိုင်ရည်အတွက် အလွှာတစ်ခုအဖြစ် ပံ့ပိုး ပေးနိုင်သော်လည်း ဘေးကင်းပြီး ကျန်းမာတဲ့ သံလွင်မြစ်ကြီးရဲ့ နေရာမှာ အစားထိုးစရာတစ်ခုအဖြစ် မတင်ပြ သင့်ပါဘူး။

အပင်ကြီးတွေ၊ စားသောက်ကုန်သီးနှံတွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ မွေးမြူရေးလုပ်ငန်းတွေ ပါဝင်တဲ့ ရောနှောစိုက်ပျိုးရေးခြံတွေဟာ ရိက္ခာနဲ့ ဝင်ငွေအရင်းအမြစ်ကို မတူကွဲပြားစေပြီး အရင်းအမြစ်တစ်ခုတည်းအပေါ် မှီခိုမှုကို လျှော့ချပေးနိုင်တယ်။ အဲဒီ ကန့်သတ်ချက်သဘောအရ သစ်တောစိုက်ပျိုးရေးဟာ ဒေသခံလူထုတွေကို စီးပွားရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေကို ခံနိုင်ရည်ရှိစေဖို့ ကူညီပေးနိုင်ပါတယ်။

ကရင်လူမျိုးတွေအတွက် မြစ်၊ သစ်တော၊ စိုက်ပျိုးရေးခြံ၊ တောရိုင်းတိရစ္ဆာန်များနှင့် လူထုရဲ့ ကျန်းမာရေးဟာ ခွဲခြားလို့မရပါဘူး။ သစ်တောစိုက်ပျိုးရေးဟာ မြစ်ဂေဟစနစ် ဆုံးရှုံးမှုကို မကာမိနိုင်ပါဘူး။ ဒါကြောင့် ဦးစား ပေးလုပ်ဆောင်ရမယ့်အချက်က အာဆင်းနစ်နှင့် အခြားအဆိပ်သင့်သတ္တုတွေ ထွက်ပေါ်ရာ အရင်းအမြစ်တွေကို ဖော်ထုတ်တားဆီးဖို့ဖြစ်ပြီး တစ်ချိန်တည်းမှာ သန့်ရှင်းတဲ့ရေ၊ အရေးပေါ် အသက်မွေးဝမ်းကျောင်း အကူအညီတွေနဲ့ ရေရှည်စိုက်ပျိုးဂေဟစနစ်ဆိုင်ရာ ပံ့ပိုးမှုတွေကို ပေးအပ်ဖို့ ဖြစ်ပါတယ်။

မေး။ ။ လက်ရှိ သစ်တောစိုက်ပျိုးရေးရဲ့ အခြေအနေက ဘယ်လိုရှိလဲ၊ ရှေ့ဆက်ပြီး ဘယ်လိုပုံစံ ဖွံ့ဖြိုးသင့်သလဲ။
ဖြေ။ ။ သစ်တောစိုက်ပျိုးရေးဟာ ကရင်လူထုအတွက် လုံးဝအသစ်အဆန်းမဟုတ်ပါဘူး။ အပင်ကြီးတွေ၊ သီးနှံ တွေ၊ မြေရိုင်းတွေ၊ အိမ်တွင်းဥယျာဉ်တွေ၊ မွေးမြူရေး၊ သစ်တောတွေနဲ့ ရေလမ်းကြောင်းတွေကို ရိက္ခာစနစ်ရဲ့ အပြန်အလှန်ဆက်နွှယ်နေတဲ့ အစိတ်အပိုင်းတွေအဖြစ် ရိုးရာအစဉ်အဆက် စီမံခန့်ခွဲလာခဲ့ကြတာပါ။ ဒါ့ကြောင့် KESAN အနေနဲ့ ကျေးရွာတိုင်းမှာ သီးနှံတစ်ခုတည်း သို့မဟုတ် စိုက်ပျိုးရေးပုံစံတစ်ခုတည်းကို မြှင့်တင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။

ကျနော်တို့ရဲ့ ကျယ်ပြန့်တဲ့ ဦးတည်ချက်က ‘စိုက်ပျိုးဂေဟစနစ်’ (agroecology) ဖြစ်ပါတယ် – မတူကွဲပြားပြီး၊ သွင်းအားစုနည်းကာ၊ လူထုက ထိန်းချုပ်နိုင်တဲ့ ရိက္ခာစနစ်တွေ ဖန်တီးဖို့ တိုင်းရင်းသားရိုးရာဗဟုသုတတွေကို သင့်တော်တဲ့ သိပ္ပံနည်းကျနည်းလမ်းတွေနဲ့ ပေါင်းစပ်ခြင်းဖြစ်တယ်။ လက်တွေ့မှာ အလှည့်ကျတောင်ယာ၊ ရောနှောအပင်ကြီးဥယျာဉ်များ၊ ဒေသမျိုးစေ့ထိန်းသိမ်းခြင်း၊ သဘာဝမြေဆီလွှာမြှင့်တင်ခြင်း၊ မွေးမြူရေး၊ ဆန်သိုလှောင်ရုံများ၊ ငါးဘေးမဲ့ဇုန်များ၊ သစ်တောထွက်ပစ္စည်းများ၊ တောင်သူအချင်းချင်းသင်ယူခြင်းနှင့် ဒေသခံလူထု လွှမ်းမိုးထိန်းချုပ်နိုင်တဲ့ ဈေးကွက်တွေ ပါဝင်ပါတယ်။

မျှော်လင့်ချက်ရှိတဲ့ အတွေ့အကြုံတွေမှာ တာမေသာအီကိုသင်ယူမှုစင်တာ၊ အိမ်ထောင်စုအလိုက် သစ်တောစိုက်ပျိုးရေးစမ်းသပ်မှုတွေ၊ မျိုးစေ့စုဆောင်းရေးကွန်ရက်တွေ၊ လူထုသစ်တောတွေနဲ့ ပျားရည်နှင့် အစားအစာပြုပြင်ရေးလုပ်ငန်းတွေ ပါဝင်တယ်။ သို့သော် လုပ်ငန်းချဲ့ထွင်ဖို့အတွက် စစ်ပွဲ၊ နေရပ်စွန့်ခွာရမှု၊ နည်းပညာကျွမ်းကျင်မှု အကန့်အသတ်ရှိမှု၊ သယ်ယူပို့ဆောင်ရေး အားနည်းမှု၊ မရေရာတဲ့စျေးကွက်တွေနဲ့ အပင်ကြီးတွေရင့်မှည့်ဖို့ အချိန်လိုအပ်မှုတို့ကြောင့် အကန့်အသတ်တွေရှိနေပါတယ်။

နောင်မှာ ပံ့ပိုးမှုတွေဟာ အကြီးစား စိုက်ခင်းကြီးတွေထက် လူထုဦးဆောင်တဲ့ စမ်းသပ်မှုတွေ၊ ဒေသတွင်း ပျိုးခင်းများနှင့် တိုင်းရင်းသားရိုးရာမျိုးစေ့များ၊ မြေယာပိုင်ဆိုင်ခွင့်နဲ့ သစ်တောအကာအကွယ်များ၊ ပြုပြင်ခြင်းနှင့် သိုလှောင်ခြင်းဆိုင်ရာ အဆောက်အအုံများ၊ တောင်သူအဖွဲ့အစည်းများ၊ စျေးကွက်သုတေသနနဲ့ နှစ်ရှည် ဘဏ္ဍာရေးပံ့ပိုးမှုတွေကို ဦးစားပေးသင့်တယ်။ ရည်ရွယ်ချက်က စီးပွားဖြစ်သီးနှံထုတ်လုပ်မှု တိုးတက်စေဖို့သက်သက်မဟုတ်ဘဲ အစားအစာအချုပ်အခြာအာဏာနှင့် ဂေဟစနစ်ကြံ့ကြံ့ခံနိုင်ရည်ရှိဖို့ ဖြစ်သင့်ပါတယ်။

မေး။ ။ နောက်ထပ် ဖြည့်စွက်ပြောကြားလိုတာရှိရင်လည်း ပြောပေးပါဦး။
ဖြေ။ ။ သံလွင်မြစ် ညစ်ညမ်းမှုကို အရေးပေါ် နယ်စပ်ဖြတ်ကျော် ပတ်ဝန်းကျင်နှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတစ်ခုအဖြစ် သတ်မှတ်ကိုင်တွယ်ရပါမယ်။ ရေထုနှင့် မြစ်ကြမ်းပြင်အနည်အနှစ် နှစ်ခုစလုံးမှာ အာဆင်းနစ်ပါဝင်မှုဟာ စံနှုန်းတွေထက် အကြိမ်ကြိမ် ကျော်လွန်နေကြောင်း အထောက်အထားတွေက အတည်ပြုနေတယ်။

အနည်အနှစ်တွေက ညစ်ညမ်းမှုကို ထိန်းသိမ်းထားနိုင်ပြီး ဆက်လက်ထိတွေ့မှုဖြစ်စေတဲ့ အရင်းအမြစ်အဖြစ် တည်ရှိနိုင်ပါတယ်။ ၎င်းသည် ပြန်လည်ကုစားဖို့ မဖြစ်နိုင်ဘူးလို့ မဆိုလိုသော်လည်း နည်းပညာအရ ခက်ခဲခြင်း၊ ကုန်ကျစရိတ်များခြင်းနဲ့ လျင်မြန်တဲ့ဖြေရှင်းချက်ဖြစ်ဖို့မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် အရင်းအမြစ်မှာ နောက်ထပ်ညစ်ညမ်းမှုတွေ မဖြစ်အောင် တားဆီးဖို့က မရှိမဖြစ်လိုအပ်တယ်။

ချက်ချင်းလုပ်ဆောင်ရမယ့် ဦးစားပေးတွေမှာ ဘေးကင်းတဲ့ အခြားသောသောက်သုံးရေ ပေးဝေခြင်း၊ ရေ၊ အနည်အနှစ်၊ မြစ်လက်တက်များ၊ ငါး၊ ခရု၊ သီးနှံနှင့် ရေသွင်းမြေဆီလွှာများကို လွတ်လပ်သော အဖွဲ့အစည်းများမှ အကြိမ်ကြိမ်စမ်းသပ်ခြင်း၊ ဒေသန္တရဘာသာစကားများဖြင့် အများပြည်သူသိရှိရန် သတိပေးချက်များ ထုတ်ပြန်ခြင်း၊ ကျန်းမာရေးစောင့်ကြည့်ခြင်းနှင့် ရလဒ်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းတို့ ပါဝင်ပါတယ်။

မသန့်စင်ရသေးတဲ့ မြစ်ရေကို သောက်သုံးဖို့ သို့မဟုတ် ချက်ပြုတ်ဖို့ မသုံးစွဲသင့်ဘဲ၊ ဘေးကင်းကြောင်း တိကျစွာမစမ်းသပ်နိုင်သေးမီအထိ မြစ်အောက်ခြေမှာ ကျက်စားတဲ့ ငါး၊ ခရု၊ ပုစွန်နှင့် အခြားအန္တရာယ်ရှိနိုင်တဲ့ ရေနေအစားအစာများနှင့် ပတ်သက်၍ လူထုအနေနဲ့ ကြိုတင်ကာကွယ်မှုဆိုင်ရာ အကြံပြုချက်တွေကို လိုက်နာသင့်တယ်။

နေရပ်စွန့်ခွာရမှုနဲ့ ဆင်းရဲမွဲတေမှုကြောင့် ရွှေကျင်ခြင်းလုပ်ငန်းထဲ ရောက်သွားသူတွေအတွက် အခြား အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေလည်း လိုအပ်ပါတယ်။ ဒါပေမဲ့လည်း အပင်ကြီးတွေရင့်မှည့်ဖို့ နှစ်ပေါင်း များစွာ ကြာမြင့်သဖြင့် သစ်တောစိုက်ပျိုးရေးဟာ လူတိုင်းအတွက် ချက်ချင်းဝင်ငွေ သို့မဟုတ် ရိက္ခာ မပေးနိုင် ပါဘူး။ ဒါ့ကြောင့် အရေးပေါ်ရိက္ခာနှင့် ငွေကြေးပံ့ပိုးမှု၊ သန့်ရှင်းသောရေ၊ ရေတိုအသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများနှင့် ရေရှည်စိုက်ပျိုးဂေဟစနစ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အတူတကွ လုပ်ဆောင်ရပါမယ်။

အရေးကြီးဆုံးက နယ်စပ်တစ်လျှောက်ရှိ အစိုးရများ၊ တိုင်းရင်းသားအာဏာပိုင်များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်း များ၊ သုတေသီများနှင့် လူထုတွေအနေနဲ့ မြစ်အထက်ပိုင်းရှိ ညစ်ညမ်းမှုအရင်းအမြစ်ကို ရှာဖွေဖို့၊ အန္တရာယ်ရှိတဲ့ စွန့်ပစ်မှုတွေကို တားဆီးဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သံလွင်မြစ်ဟာ ရှင်သန်နေတဲ့ နယ်စပ်ဖြတ်ကျော်စနစ်တစ်ခုဖြစ်ပြီး ၎င်းကို ကာကွယ်ခြင်းဟာ မြစ်ကိုမှီခိုနေရတဲ့ လူထုအားလုံးရဲ့ ကျန်းမာရေး၊ ဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။