ဇူလိုင် ( ၂၇ ) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့အထွက် အာရှလမ်းမကြီးပေါ်ရှိ ကျေးရွာစစ်ဆေးရေးဂိတ်များတွင် ယခုဇူလိုင်လအတွင်း နယ်ခံမဟုတ်သည့် ခရီးသွားလူငယ်များကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံများပြောပြချက်အရ ကရင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသူမဟုတ်သည့် လူငယ်အမျိုးသားများကို အဓိကပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့က လွန်းညရွာမရောက်ခင် စစ်ဆေးရေးဂိတ်တစ်ခုတွင် Van ကား အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှ လူငယ် (၁၀) ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင်တွေ့ရှိသူဒေသခံများနှင့် ခရီးသွားအချို့က ပြောသည်။
“ဂိတ်မှာ Van ကားနဲ့ တက်လာတဲ့ကလေးတွေကို ဆွဲချတာ မိန်းကလေးတွေတော့ မပါဘူး။ ယောင်္ကျားလေး (၁၀) ယောက်ကျော် ပါသွားတယ်၊ ပြီးတာနဲ့ Hijack ကားတစ်စီးနဲ့ တင်ခေါ်သွားတယ်”ဟု ဖားအံမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အတူ ဖားအံမှ မြဝတီသို့ တိုက်ရိုက်ပေါက်ရောက်သည့် ကျော့ရွာ-ဝင်းစိန်-ဒေါ်လန်း- နဘူးလမ်း ရွာချင်းဆက်လမ်းပိုင်း တစ်နေရာတွင် အဖွဲ့ချစောင့်ဆိုင်းနေသည့် စစ်အုပ်စုက လူငယ်များကို မကြာခဏ စစ်ဆေးဖမ်းဆီးလျက်ရှိပြီး ဇူလိုင်လ ၂၃ ရက်နေ့က လူငယ် (၃)ဦးထက်မနည်း ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံများက ဆိုသည်။

နောက်ထပ် ဖားအံမြို့ခံ အမျိုးသမီးတစ်ဦးက “၁၄မျဉ်းစောင်းတွေလား စစ်မှုထမ်း ရှောင်တွေလား ပြောမတတ်ဘူး။ လာကြိုစောင့် ဖမ်းတဲ့ပုံစံမျိုးကြီး” ဟု ကေအိုင်စီကို ပြောသည်။
ခရီးသွားများ အထူးသဖြင့် လူငယ်များ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် သတိထားသွားလာကြရန် ဖားအံမြို့နယ်ရှိ ရပ်ရွာတာဝန်ရှိသူတချို့က သတိပေးမှုရှိနေသလို ဒေသနေလူထုနှင့် နယ်ဝေးခရီးသွားလူငယ်များအကြား စစ်မှုထမ်းရန် အတင်းအကျပ် ခေါ်ဆောင်ခံရမည့်အရေး စိုးရိမ်ထိတ်လန့်မှုရှိနေသည်။
ပြီးခဲ့သည့်ဇွန်လကလည်း လက်ရှိ စစ်အုပ်စု ပြန်လည်ထိန်းချုပ်ထားသည့် ဖားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပေါ်တွင် အလားတူ အဖမ်းအဆီးကိစ္စများ ဖြစ်ပွားခဲ့ပြီး တောလမ်းများပြောင်းလဲအသုံးပြုရသည်အထိရှိခဲ့ကြောင်း မော်တော်ယာဥ်မောင်းအချို့က ဆိုသည်။



















