ဇူလိုင် ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်(တပ်မဟာ -၆)နယ်မြေ၊ ရာမတီး(မြဝတီ)မြို့ တောင်ဘက် သေ့ဘောဘိုးကျေးရွာတွင် ယခုနှစ်ပြောင်းစိုက်ပျိုးသည့် ဧရိယာများ ယခင်နှစ်များထက် လျော့နည်းလာခြင်းကြောင့် ပြောင်းခင်းနေ့စားအလုပ်ကို အဓိကမှီခိုလုပ်ကိုင်နေသည့် ဒေသခံလုပ်သား အချို့သည် လုပ်အားခ ပိုမိုရရှိသည့် ကာစီနိုနှင့် ကျားဖြန့်ဆက်စပ် ဆောက်လုပ်ရေး လုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်လာကြကြောင်း ဒေသခံနှင့် အလုပ်သမားများထံမှ သိရသည်။
လက်ရှိ ဒေသတွင်း ပြောင်းစိုက်ပျိုးရေးလုပ်ငန်၌ မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေး အပါအဝင် စိုက်ပျိုးရေးသွင်းအားစုစရိတ်များ အဆမတန် မြင့်တက်လာချိန်တွင် ပြောင်းစျေးနှုန်းများ ပြန်လည်ကျဆင်းနေခြင်းကြောင့် တောင်သူအများစုသည် ယခင်နှစ်များကဲ့သို့ တောင်ကုန်းနှင့် စိုက်ခင်းများကို အပြည့်အဝ မစိုက်ပျိုးနိုင်တော့ဘဲ တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြတော့ကြောင်း သိရသည်။
ထိုကဲ့သို့ ပြောင်းစိုက်ဧရိယာ လျော့နည်းလာခြင်းကြောင့် ဒေသခံလုပ်သားအချို့ နေ့စားအလုပ်ရက် နည်းပါးလာပြီး ဝင်ငွေကျဆင်းလာသည့်အတွက် ဒေသအတွင်း တိုးချဲ့တည်ဆောက်လာနေသည့် ကာစီနိုနှင့် ကျားဖြန့်ဆက်စပ် စီမံကိန်းများ၌ မဆလာဖျော်ခြင်း၊ ဘိလပ်မြေအိတ်ထမ်းခြင်း၊ မြောင်းတူးခြင်းစသည့် ဆောက်လုပ်ရေးအလုပ်များ၌ ပြောင်းရွှေ့ လုပ်ကိုင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
“ဟိုတုန်းက ပြောင်းနေ့စားခက ၁၇၀၊ ၂၀၀ လောက်ပဲရတယ်။ ကာစီနိုဘက်မှာတော့ ၃၅၀ ပေးတယ်။ ယောကျာ်းတစ်ယောက်ဆို ၄၀၀ အထိပေးတော့ ပိုရတဲ့နေရာကို သွားလုပ်ကြတာပေါ့” ဟု ဒေသခံ နေ့စားပြောင်းလုပ်သားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
အလားတူ ကာစီနိုနှင့် ကျားဖြန့်ဆက်စပ် ဆောက်လုပ်ရေးလုပ်ငန်းများက လုပ်အားခပိုမိုပေးနိုင်သဖြင့် လုပ်သားအများစုမှာ ထိုလုပ်ငန်းများဘက်သို့ ပြောင်းရွှေ့လုပ်ကိုင်သွားကြရာ ဒေသခံပြောင်းစိုက် တောင်ယာလုပ်ငန်းလုပ်ကိုင်သူများမှာ လုပ်သားငှားရမ်းရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း နောက်ထပ် ဒေသခံတောင်သူတစ်ဦးက ဆက်ပြောသည်။
“ဒီနှစ်မှာ မစိုက်တဲ့သူတွေ အများကြီးရှိတယ်။ ကုန်ကျစရိတ်လည်း များတယ်။ နေ့စားသမားလည်း ရှားတယ်ဆိုတော့ တစ်နိုင်တစ်ပိုင်ပဲ လုပ်ကြတော့တယ်။ အခု နေ့စားခေါ်လို့မရတော့ ကိုယ်တိုင်ပဲ လုပ်ရတယ်။ ကာစီနိုဘက်က လုပ်အားခ ပိုပေးတော့ လုပ်သားတွေ အဲဒီဘက်ကိုပဲ သွားကြတယ်။ ကိုယ့်ဘက်မှာတော့ အဲ့ဒီလောက် မပေးနိုင်ဘူး။ ကိုယ့်လူရင်းတချို့နဲ့ပဲ လုပ်ရတာပေါ့” ဟု ၎င်းက ပြောသည်။
ယခုလို လုပ်သားရှားပါးလာမှုကြောင့် ယခင်က သုံးရက်ခန့်အတွင်း ပြီးစီးနိုင်သည့် ပြောင်းစိုက်လုပ်ငန်းများမှာ ယခုအခါ ကိုယ်တိုင်လုပ်ကိုင်နေရသဖြင့် ၁၀ ရက်ခန့်အထိ ကြာမြင့်လာကြောင်း ပြောင်းစိုက်လုပ်ကိုသူများထံမှ သိရသည်။
ထို့အပြင် ပြီးခဲ့သည့်နှစ်က ပြောင်းဈေးနှုန်း မကောင်းခဲ့သဖြင့် တောင်သူအချို့မှာ စိုက်ပျိုးရေးအကြွေးများ မကျေသေးသည့်အပြင် ကုန်ကျစရိတ်များ ဆက်လက်မြင့်တက်ခဲ့သည်။ ယခုနှစ် သီးနှံဈေးနှုန်းများ ပြန်လည်မတက်လာပါက လာမည့်နှစ်တွင် ပြောင်းစိုက်ပျိုးမည့် တောင်သူဦးရေ ပိုမိုလျော့နည်းလာနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိသည်။
လက်ရှိတွင် သေ့ဘောဘိုးဒေသအတွင်း ကာစီနိုနှင့် ကျားဖြန့်ဆက်စပ် စီမံကိန်းများ တိုးပွားလာပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများ၊ လမ်းဘေးဆိုင်ခန်းများ၊ မြေဈေးနှုန်းများနှင့် မော်တော်ယာဉ်အသွားအလာများလည်း သိသိသာသာ တိုးမြှင့်လာလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
၎င်းအပြင် လုပ်ငန်းရှင်များက ဒေသခံပိုင်မြေများကို ဈေးကောင်းပေး၍ ဝယ်ယူနေသဖြင့် အချို့ဒေသခံများမှာ မိမိတို့၏ ပြောင်းစိုက်ခင်းများကို ရောင်းချခြင်းများ ရှိနေသည်ဟု သိရသည်။
လတ်တလော သေ့ဘောဘိုးဒေသတွင် ကျားဖြန့်ဆက်စပ်လုပ်ငန်းများအတွက် မြေဧက ၃၀ ခန့် အသုံးပြု၍ အဆောက်အအုံများ ဆက်လက် တည်ဆောက်လျက်ရှိနေကြောင်း ဒေသတွင်းအရင်းအမြစ်၏ ပြောပြချက်အရ သိရသည်။



















