Home တွေ့ဆုံမေးမြန်းခန်း မယ်တော်ဆေးခန်း၏ အရေးပေါ်ဆေးကုသရေးယူနစ် (ECU) ဖွင့်လှစ်ဆောင်ရွက်နေမှုအပေါ် ယူနစ်တာဝန်ခံ စောထိုက်ထိုက်နှင့် တွေ့ဆုံမေးမြန်းခြင်း။

မယ်တော်ဆေးခန်း၏ အရေးပေါ်ဆေးကုသရေးယူနစ် (ECU) ဖွင့်လှစ်ဆောင်ရွက်နေမှုအပေါ် ယူနစ်တာဝန်ခံ စောထိုက်ထိုက်နှင့် တွေ့ဆုံမေးမြန်းခြင်း။

20

“အရင်တုန်းက မရှိသေးတဲ့အခြေအနေနဲ့ အခုရှိလာတဲ့အခြေအနေကတော့ အရမ်းကွာဟမှုရှိတာပေါ့။ လူနာတွေရဲ့အရေးပေါ်အခြေအနေတွေကို မြန်မြန်ဆန်ဆန်သိနိုင်တယ်။ လိုအပ်တဲ့ကုသမှုတွေကိုလည်း ပေးနိုင်တယ်။ လူနာတွေရဲ့ အသက်အန္တရာယ်အတွက်လည်း အရမ်းကို Safe ဖြစ်လာတယ်”

မယ်တော်ဆေးခန်း၏ အရေးပေါ်ဆေးကုသရေးယူနစ် (ECU) ဖွင့်လှစ်ဆောင်ရွက်နေမှုအပေါ် ယူနစ်တာဝန်ခံ စောထိုက်ထိုက်နှင့် တွေ့ဆုံမေးမြန်းခြင်း။

ဇူလိုင် (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

၂၀၂၁ ခုနှစ်နောက်ပိုင်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေများကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ လာရောက်ကုသသည့် အရေးပေါ်လူနာ အရေအတွက် သိသိသာသာ တိုးတက်များပြားလာခဲ့သည်။

လူနာများ၏ အသက်အန္တရာယ်ကို မြန်မြန်ဆန်ဆန် စမ်းသပ်စစ်ဆေး၍ အချိန်မီ ထိရောက်စွာ ကုသပေးနိုင်ရန် ရည်ရွယ်ကာ မယ်တော်ဆေးခန်း၏ အရေးပေါ်ဆေးကုသရေးယူနစ် (ECU) သစ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် တရားဝင် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အရေးပေါ်ဆေးကုသရေးယူနစ် စတင်ပေါ်ပေါက်လာရခြင်း ရည်ရွယ်ချက်၊ ဝန်ဆောင်မှု ပေးနေသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ECU ယူနစ်တာဝန်ခံ စောထိုက်ထိုက်နှင့် ကေအိုင်စီ သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ မယ်တော်ဆေးခန်းမှာ အရေးပေါ်ဆေးကုသရေးယူနစ်ကို စတင်ဖွင့်လှစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို အရင်ဆုံး ပြောပြပေးပါလား။
ဖြေ။ ကျနော်တို့ပြန်ကြည့်လိုက်မယ်ဆိုရင် ၂၀၂၁ နောက်ပိုင်းမှာဆိုရင် ကျနော်တို့မယ်တော်ဆေးခန်းမှာ လူနာအရေအတွက်က အရင်ကထက်စာရင် အရမ်းကိုများပြားလာတယ်။ ကိုဗစ်ကြောင့်ပါမယ်၊ နောက် မြန်မာနိုင်ငံရဲ့ ပြည်တွင်းကအခြေအနေတွေကြောင့်ပါမယ်။ အဲဒါတွေကြောင့် ထိုင်းဖက်ခြမ်းကိုရောက်လာတဲ့ လူဦးရေတွေများလာသလို မယ်တော်ဆေးခန်းကိုရောက်လာတဲ့ လူနာဦးရေတွေလည်း အရမ်းများလာတယ်။ အဲဒီထဲမှာ အရေးပေါ်အခြေအနေနဲ့ရောက်လာတဲ့ လူနာအရေအတွက်လည်း များတယ်။ လူနာတွေရဲ့ အရေးပေါ်ဖြစ်နေတဲ့အခြေအနေတွေကို မြန်မြန်ဆန်ဆန်သိနိုင်မယ် ပြီးရင် သူတို့ရဲ့လိုအပ်တဲ့ကုသမှုတွေကို ဝေဖန်အကြံပေးနိုင်မယ်။ အချိန်မီ backup ပေးတာ‌တွေကိုလုပ်ပေးနိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီအရေးပေါ်ဌာနကို စပြီးတော့လုပ်မယ်ဆိုပြီး ဖြစ်လာတာပေါ့နော်။

မေး။ အရေးပေါ်ဆေးကုသရေးယူနစ်ကို ဘယ်နေ့က စတင် ဖွင့်လှစ်တာလဲ။ မယ်တော်ဆေးခန်းရဲ့ ဘယ်မိတ်ဖက် အဖွဲ့အစည်းတွေက ဘယ်လိုကဏ္ဍတွေမှာ ပါဝင်ဝန်းရံကူညီပေးခဲ့ကြပါသလဲ။
ဖြေ။ မယ်တော်ဆေးခန်းမှာ ဒီအရေးပေါ်ဌာနကို အစမ်းသပ်ကာလအနေနဲ့ ၂၀၂၄ ၊ နိုဝင်ဘာလမှာ စတင်ပြီးတော့ ဒီမယ်တော်ဆေးခန်းမှာရှိတဲ့ အတွင်းလူနာဆောင်ထဲမှာ triage ဆိုတဲ့လူနာကို ကနဦးစစ်ဆေးတဲ့နေရာမှာ ကုတင်တစ်လုံးထားပြီးတော့ ကုသမှုပေးတဲ့နေရာမှာ ကုတင်နှစ်လုံးနဲ့ အရင်ဆုံးစပြီးလုပ်ကြည့်တယ်။ ဆိုတော့ ၂၀၂၄၊ နိုဝင်ဘာကနေစပြီးတော့ ၂၀၂၆၊ ဧပြီလအထိ ၁၈ လပေါ့။ အဲဒီကစပြီး အလုပ်လုပ်ကြည့်တယ်။ ထွက်လာတဲ့ရလဒ်တွေပေါ်မှာမူတည်ပြီးတော့ ECU ဌာနကို တည်ဆောက်နေတယ်ပေါ့နော်။

မိတ်ဖက်အဖွဲ့အစည်းတွေဆိုရင်တော့ အဓိကကတော့ Suwannimit ပေါ့နော်။ ဒီဆေးခန်းဝင်းထဲမှာ ဒီလိုအဆောက်အအုံတွေကိုဆောက်တာနဲ့ပတ်သက်ပြီးတော့ တရားဝင်မှုတွေအတွက် Suwannimit Foundation ကနေပြီးတော့အဓိကကူညီတယ်။ နောက်ပြီးတော့ မဲဆောက်ဆေးရုံမှာရှိတဲ့ emergency ဌာနတွေပေါ့နော်၊ သူတို့တွေကလည်း ဒီအဆောက်အအုံတွေနဲ့ပတ်သက်တဲ့ပုံစံမျိုးတွေ ဝိုင်းဝန်းကူညီအကြံပေးတာရှိတယ်။ နောက်တစ်ခုကတော့ ဒီ Mahidol University ကနေပြီးတော့ Ramathibodi လို့ခေါ်တဲ့ဌာနကနေ မယ်တော်ဆေးခန်းမှာရှိတဲ့ဝန်ထမ်းတွေကို emergency နဲ့ပတ်သက်တဲ့ EC medical care ဆိုတဲ့ training ကိုလည်း လာပေးတာရှိတယ်။ နောက်တစ်ခုကတော့ စင်ကာပူကနေလာတဲ့ team ကလည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာပေးအပိုင်းမှာ TOT training တွေ လာပေးတာလည်းရှိတယ်ပေါ့နော်။

မေး။ ဒီအရေးပေါ်ဌာနကိုဘယ်တုန်းကစဆောက်ခဲ့တာလဲ။ ဆောက်လုပ်တဲ့အချိန်မှာလည်း ဘယ်အဖွဲ့အစည်းတွေကပံ့ပိုးမှုတွေရှိလဲ။
ဖြေ။ ပံ့ပိုးတဲ့အဖွဲ့အစည်းတွေကတော့များတယ်။ ၅ ဖွဲ့၊ ၆ ဖွဲ့ လောက်ရှိတယ်။ အဲဒီ ၅ ဖွဲ့၊ ၆ ဖွဲ့မှာ အကြီးကြီးကူညီနေတဲ့ Donar တွေလည်း ရှိတယ်။ နည်းနည်းပါးပါး သေးသေးမွှားမွှားကူညီတဲ့ အဖွဲ့တွေလည်းရှိတယ်။ အဓိကကတော့ သူတို့က တစ်စုံလုံးကို တစ်ခုတည်းက ထောက်ပံ့တာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်းစီကနေပြီးတော့ လိုအပ်တဲ့နေရာအလိုက် ဥပမာ facility အပိုင်း၊ HR အပိုင်း ပြီးရင် medical equipment လိုဟာမျိုးတွေ၊ ဆေးဝါးအထောက်အပံ့တွေ၊ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ သီးသန့်ကူညီတယ်။ ကူညီတဲ့အဖွဲ့တွေက အနည်းဆုံး ၆ ဖွဲ့လောက်တော့ရှိတယ်။

မေး။ အဲဒီအဖွဲ့အစည်းတွေရဲ့နာမည်တွေကို ဖော်ပြပေးလို့ရမလား။
ဖြေ။ အဓိကကူညီတဲ့အဖွဲ့တွေကတော့ အဲဒီချိန်တုန်းကဆိုရင်တော့ IRC ကဆက်ပြီးတော့ run နေတဲ့အချိန်ပေါ့နော်။ ဆိုတော့ IRC လည်းပါတယ်၊ ပြီးတော့ CPI(Community Partners International) လည်းပါတယ်၊ BHS နဲ့ Johanniter လည်းပါတယ်၊ ပြီးတော့ Partners Asia ပါတယ်၊ အဲဒီအဖွဲ့အစည်းတွေကနေ အဓိက ကူညီကြတယ်။

အဆောက်အအုံဆောက်တာကတော့ ၂၀၂၄ ကနေစတာပေါ့။ အဲဒီကနေစပြီးတော့ တိုင်ပင်ကြတယ်။ အဲဒီကနေစပြီးတော့ပဲ donor တွေရှာလာတယ်၊ donor တွေရလာတဲ့အပေါ်မှာ အစပျိုးလာခဲ့တာပေါ့နော်။ နောက်ဆုံးပြီးဆုံးသွားတာကတော့ ပြီးခဲ့တဲ့ ဇူလိုင် (၄) ရက်နေ့မှာပြီးဆုံးသွားတဲ့အတွက် အဲဒီမှာပဲ ဖွင့်ပွဲတွေကို စပြီးတော့လုပ်တယ်။ ဖွင့်ပွဲစလုပ်တဲ့နေ့ကစပြီးတော့ တရားဝင် အရေးပေါ်ဌာနအနေနဲ့ ဝန်ဆောင်မှုတွေစပေးတယ်။

မေး။ အရေးပေါ်ဆေးကုသရေးယူနစ်ကို ဘယ်နေ့ရက်မှာ ဝန်ဆောင်မှုတွေ စတင် ဆောင်ရွက်ပေးပြီလဲ။ အဆင့်ဆင့် လုပ်ဆောင်ပေးမှုတွေက ဘာတွေလဲ။
ဖြေ။ ဆိုတော့ ဒီ medicine ဌာနမှာဆိုရင် သတ်မှတ်ထားတာရှိတယ်။ သတ်မှတ်ထားတယ်ဆိုတာ လူနာအမျိုးအစားကိုခွဲတာပေါ့နော်။ ဥပမာ အစိမ်းတို့၊ အဝါတို့၊ အနီတို့ဆိုပြီးတော့ သုံးမျိုးသတ်မှတ်ခွဲခြားထားတာပေါ့။ လူနာတစ်ယောက်က အရေးပေါ်ဌာနကို ရောက်ရှိလာပြီဆိုရင် အရင်ဆုံးထိပ်မှာ လူနာအမျိုးအစားကို စပြီးတော့ခွဲတယ်။ အဲဒီမှာ triage လို့ခေါ်တဲ့လူနာကို ဆန်းစစ်ချက်ပေါ့နော်။ စမ်းစစ်တဲ့နေရာမှာ သတ်မှတ်ထားတဲ့ သူ့ရဲ့ criteria လို့ခေါ်တဲ့ စံချိန်စံနှုန်းနဲ့ခွဲခြားသတ်မှတ်တယ်။ အဲဒီကနေစပြီးတော့ green၊ yellow၊ red ဆိုပြီးတော့ လူနာအမျိုးအစားသုံးမျိုးကို ခွဲလိုက်တယ်။

Green လူနာတွေသည် အရမ်းဆိုးရွားတဲ့လူနာတွေမဟုတ်ဘူး အရေးပေါ်လူနာတွေမဟုတ်တဲ့အတွက် သက်ဆိုင်ရာဌာနတွေကိုသွားပြီးတော့ ကုသဖို့ ဆက်ပို့ရတယ်ပေါ့နော်။ ဒါပေမဲ့ green ထဲမှာမှ ဥပမာ ထိခိုက်ဒဏ်ရာတွေရလို့ ကွဲပြဲတဲ့လူတွေကိုတော့ ချုပ်တာတွေ၊ သွေးအရမ်းထွက်လို့ သွေးထိန်းပေးတာတွေကိုတော့ ဒီမှာလုပ်ပေးတယ်ပေါ့နော်။ ဆိုတော့ အဲဒီကနေတဆင့် ခုန green လူနာတွေကို အဲဒီလိုခွဲထုတ်လိုက်တယ်။

ပြီးတော့မှတစ်ခါ yellow လို့ခေါ်တဲ့ လူနာအမျိုးအစားပေါ့နော်။ အဲဒီလူနာတွေကတော့ အချိန်တိုင်းတာတစ်ခုထိ စောင့်ကြည့်ရမယ့်လူနာတွေ။ ပြီးရင် နာရီဝက်၊ တစ်နာရီအတွင်းမှာ ဆေးကုသမှုကို ခံယူရမယ့်လူနာတွေပေါ့နော်။ အဲလိုလူနာအမျိုးအစားတွေကို ဒီမှာပဲကုသမှုတွေကိုပေးတယ် စောင့်ကြည့်တယ်ပေါ့နော်။
Red လူနာကတော့ သူက ရောက်လာတာနဲ့ ချက်ချင်း အရေးပေါ်ကုသမှုကိုလိုအပ်တဲ့လူနာအမျိုးအစားတွေ။ အဲဒါကိုတော့ Red အခန်းထဲမှာထည့်ပြီးတော့ လိုအပ်တဲ့ကုသမှုတွေ ပေးတယ်။

အားလုံးပြီးစီးသွားပြီဆိုရင်တော့ Red အခန်းနဲ့ပတ်သက်တဲ့လူနာတွေဆိုရင်လည်း သူက အတိုင်းအတာတစ်ခုအထိ ပုံမှန်ပြန်ကောင်းလာပြီ၊ yellow ခန်းမှာရှိတဲ့လူနာတွေလည်း အတိုင်းအတာတစ်ခုအထိ ပုံမှန်ပြန်ကောင်းလာပြီဆိုရင်တော့ သက်ဆိုင်ရာတွေကို ပြန်ပြီးတော့လွှဲပြောင်းတယ်ပေါ့နော်။ ဥပမာ internal referral နဲ့ external referral ဆိုပြီးတော့ရှိတယ်။ Internal referral ဆိုရင်တော့ မယ်တော်ဆေးခန်းထဲမှာရှိတဲ့ သက်ဆိုင်ရာဌာနပေါ့နော်။ External မှာကတော့ အဓိကကတော့ မဲဆောက်ဆေးရုံပေါ့နော်။ မဲဆောက်ဆေးရုံကို လွှဲပြောင်းတာမျိုးတွေ လုပ်ပေးတယ်ပေါ့နော်။

မေး။ မယ်တော်ဆေးခန်းရဲ့ အရေးပေါ်ဆေးကုသရေးယူနစ်ဟာ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းစဉ်အသစ်ဆိုတော့ ဝန်ဆောင်မှုပေးတဲ့ နေ့ရက်တွေနဲ့ အချိန်တွေကို အများပြည်သူသိအောင် ရှင်းပြပေးပါလား။
ဖြေ။ အချိန်ကတော့ ဒီမှာ ပိတ်ရက်မရှိဘူး။ ၇ ရက်လုံး လူနာတွေကို စောင့်ရှောက်မှုပေးတယ်။ နောက်တစ်ခုက အချိန်အတိုင်းအတာနဲ့ဆိုရင်တော့ မနက် ၈ နာရီကနေ ညနေ ၄ နာရီလောက်အထိပေးတယ်။ သို့သော်လည်း ၃ နာရီလောက်မှာဆိုရင် ထပ်ရောက်လာမယ့် လူနာအသစ်တွေ လက်ခံတာကို ရပ်ထားလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ရှိထားပြီးသားအဟောင်းတွေကို ဆက်ပြီးတော့ကြည့်ရှုနေရမှာဖြစ်တဲ့အတွက် လူနာအသစ်တွေကို ထပ်ပြီးတော့ လက်ခံလို့မရနိုင်တဲ့အတွက် သတ်မှတ်ထားတာကတော့ ၈ နာရီကနေ ၄ နာရီဖြစ်ပေမဲ့ ၈ နာရီကနေ ၃ နာရီအထိကို လူနာအသစ်ထပ်ရောက်လာတာတွေကိုတော့ ရပ်ထားတယ်ပေါ့နော်။ ပြောမယ်ဆိုရင်တော့ ပုံမှန်လုပ်ငန်းက ၈ နာရီကနေ ၄ နာရီဖြစ်တယ်။ ဒါပေမဲ့ လူနာသစ်တွေထပ်ရောက်ခဲ့မယ်ဆိုရင်တော့ ၃ နာရီအထိပဲ လက်ခံတယ်ပေါ့နော်။

မေး။ ဒါဆို လူနာတွေလာတဲ့အခါမှာ အရေးပေါ်ကိစ္စတွေနဲ့ အချိန်မတော်ရောက်လာတာလည်း ရှိနိုင်တော့ မယ်တော်ဆေးခန်းက အရေးပေါ်ဌာနနဲ့ ချိတ်ဆက်ပေးတာရှိသလား။
ဖြေ။ Emergency ဌာနရဲ့ working hour (အလုပ်လုပ်ချိန်)ကိုကျော်လွန်ပြီးတော့ ရောက်လာတဲ့လူနာတိုင်းသည် သက်ဆိုင်ရာ အတွင်းလူနာဆောင်ကိုသွားလို့ရတယ်။ ဥပမာ ကိုယ်ဝန်ဆောင်နဲ့ပတ်သက်တယ်ဆိုရင်လည်း ကိုယ်ဝန်ဆောင်ဌာနကို သွားလို့ရတယ်၊ လူကြီးဆိုရင်လည်း လူကြီးဌာနကို သွားလို့ရတယ်၊ ကလေးဆိုရင်လည်း ကလေးဌာနကို သွားလို့ရတယ်။ ညနေပိုင်း ၄ နာရီ ၅ နာရီဖြစ်ဖြစ်၊ ညပိုင်းဖြစ်ဖြစ် အဲလိုမျိုးအချိန်တွေမှာရောက်လာတယ်ဆိုရင် အတွင်းလူနာဆောင်ကိုသွားမယ်ဆိုရင် ထိခိုက်ဒဏ်ရာသမားတွေဆိုရင်လည်း အတွင်းလူနာဆောင်မှာ ချုပ်ပေးတာတွေ၊ သွေးတိတ်အောင်လုပ်ပေးတာတွေကို ဆက်ပြီးတော့လုပ်ပေးတယ်။

မေး။ ဆိုလိုတာ အရေးပေါ်ဌာနဟာ ၈ နာရီကနေ ၄ နာရီအထိပဲ။ အချိန်ကျော်သွားလို့ တခုခုဖြစ်ခဲ့ရင် အထွေထွေဝန်ဆောင်မှုကိုသွားရတယ် အရေးပေါ်ဌာနနဲ့တော့မဆိုင်ဘူးလို့ နားလည်ရမလား။
ဖြေ။ ဟုတ်တယ်။ နည်းနည်းထပ်ဖြည့်စွက်ပြောမယ်ဆိုရင် အခုလက်ရှိကတော့ ဒီအရေးပေါ်ဌာနဆိုတာလည်း မယ်တော်ဆေးခန်းရဲ့ နှစ်ပေါင်း ၃၀ ကျော်အတွင်းမှာ အခုမှစပြီးတော့ တည်ထောင်တဲ့ ဌာနတစ်ခုဖြစ်တယ်။ ဒါဟာ လိုအပ်ချက်တစ်ခုအပေါ်မူတည်ပြီးတော့ စပြီးတော့တည်ထောင်တဲ့ ဌာနတခုဖြစ်တယ်။ အဲဒီပေါ်မှာ လိုအပ်ချက်တွေလည်းရှိတယ်။ အဓိကကတော့ HR ပိုင်းပေါ့နော်။ အဓိကပြောချင်တာက ဝန်ထမ်းတွေပေါ့နော်။ အရေးပေါ်ဌာနမှာအလုပ်လုပ်တဲ့ဝန်ထမ်းတွေ လိုအပ်ချက်တွေရှိတဲ့အတွက် လက်ရှိမှာတော့ ၂၄ နာရီလုံး မကြည့်နိုင်သေးဘူး။ နောက်ပိုင်းတွေဆိုရင်တော့ ၂၄ နာရီ ၇ ရက်ပတ်လုံး ရှိဖို့ ရည်ရွယ်ထားပြီးသားပါ။ ဒါပေမဲ့ အခုချက်ချင်းတော့ အဲဒီအတိုင်းတာအထိ မသွားနိုင်သေးဘူး။

မေး။ ဒီဝန်ဆောင်မှုအတွက် သိထားသင့်တဲ့ ကန့်သတ်ချက်တွေနဲ့ သတ်မှတ်ချက်တွေက ဘာတွေရှိပါသလဲ။
ဖြေ။ အရေးပေါ်ဌာနအနေနဲ့ ထူးထူးခြားခြား ကန့်သတ်ချက်ကြီးဆိုတာတော့မရှိဘူး။ အဲဒီမှာ တစ်ခုအနေနဲ့ နည်းနည်းထူးခြားမှာက အရေးပေါ်ဌာနသည် အခုမှစပြီးတော့ တည်ထောင်တဲ့ကာလတခု ဖြစ်တဲ့ပေါ်မှာ အလုံးစုံမပြည့်စုံသေးဘူးပေါ့နော်။ အဓိကကတော့ အခု လူကြီးလူနာတွေကိုပဲ ကြည့်ပေးနိုင်သေးတယ်။ ကလေးလူနာတွေကို မကြည့်ပေးနိုင်သေးဘူး။ နောက်ပြီးတော့ ကိုယ်ဝန်ဆောင်သည်တွေကိုလည်း မကြည့်သေးဘူး။ နောက်ပိုင်းဆိုရင်တော့ ကလေးလူနာတွေကို ကြည့်တာတွေပါ ပါလာမယ်။ ၂၄ နာရီလုံး ကြည့်တာတွေ ပါလာမယ်။

ဆိုတော့ ကန့်သတ်ချက်မရှိဘူးဆိုသော်လည်း တစ်ခုက အရေးပေါ်ဌာနကို နာတာရှည်ရောဂါသည်တွေလာတာအများကြီးပဲ။ တချို့ နာတာရှည်သမားတွေဆိုရင် ဥပမာ ဆေးကို ဒီလောက်ပေးတာ ဒီလောက်ပေးတာတွေတော့ ရှိတာပေါ့နော်။ တချို့လူနာတွေဆို ရက်ချိန်းမမှန်ဘဲနဲ့ရောက်လာကြတာတွေလည်း ရှိတယ်။ အဲဒီလိုမျိုးလူနာတွေဆိုရင်တော့ အရေးပေါ်ဌာနမှာ စစ်ပေးတာမရှိဘူး။ အရေးပေါ်ဆိုတဲ့အတိုင်းပဲ အရေးပေါ်တဲ့လူနာတွေကိုပဲ အဓိကဦးစားပေးပြီးကြည့်တာပေါ့နော်။ နာတာရှည်နဲ့ ရက်ချိန်းမမှန်ဘဲရောက်လာတဲ့ လူနာတွေဆိုရင်တော့ ပိတ်ရက်မှာဆိုရင် အတွင်းလူနာဆောင်ကိုသွားလို့ရတယ်။ ဟိုမှာလည်း သူတို့ကို လိုအပ်တဲ့ကုသမှုတွေ လိုအပ်တဲ့ဆေးဝါးတွေကို ဆက်ပေးတာတွေရှိတယ်။

မေး။ မယ်တော်ဆေးခန်း အရေးပေါ်ဆေးကုသရေးယူနစ်ကို ဘယ်ကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက် ပူးပေါင်း လုပ်ဆောင်သွားမလဲ။
ဖြေ။ အခုလက်ရှိမှာတော့ တခြားကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ကြီး လက်တွဲပြီးတော့အလုပ်လုပ်နေတာမျိုး မရှိဘူး။ အဓိကကတော့ မဲဆောက်ဆေးရုံတခုပဲ ရှိသေးတယ်။ ဘာကြောင့်လဲဆိုတော့ မယ်တော်ဆေးခန်းမှာကြည့်ပြီးတော့ ရှေ့ဆက်လိုအပ်မယ့် Advance care (ကြိုတင်ကုသမှု) လိုအပ်တဲ့ လူနာတွေဆိုရင်တော့ မဲဆောက်ဆေးရုံကိုပဲသွားရမှာပေါ့နော်။ ဆိုတော့ မဲဆောက်ဆေးရုံနဲ့ပဲ အဓိကလက်တွဲပြီးတော့လုပ်နေတယ်။
အခု မဲဆောက်ဆေးရုံမှာ တာဝန်ယူနေတဲ့ ဆရာဆိုရင် သူကိုယ်တိုင်လည်း လာကြည့်ဖူးတယ်။ တချို့လိုအပ်တဲ့ အကြံဉာဏ်တွေကိုလည်း သူပေးတာရှိတယ်။ ပြီးတော့ ဒီကနေ လူနာလွှဲပြောင်းရမယ်ဆိုရင်လည်း သူ့ကို တိုက်ရိုက်ချိတ်ဆက်တာတွေ ဆက်သွယ်တာတွေ အကြံဉာဏ်တောင်းတာတွေကိုလည်း လုပ်နေတယ်။ ဆိုတော့ အဓိကပြောမယ်ဆိုရင် ချိတ်ဆက်ဆောင်ရွက်လုပ်ကိုင်နေတာကတော့ မဲဆောက်ဆေးရုံရဲ့ အရေးပေါ်ဌာနပဲပေါ့နော်။

မေး။ မယ်တော်ဆေးခန်းရဲ့ အရေးပေါ်ဆေးကုသရေးယူနစ်မှာ ကုသရေးအပြင် သင်တန်းပိုင်းတွေလည်း ပါရှိတော့ ဘယ်လိုစီစဉ်ဆောင်ရွက်သွားမှာလဲ။
ဖြေ။ လက်ရှိ ဒီအရေးပေါ်ဌာနမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေကို Basic Emergency Care-BEC (အရေးပေါ်စောင့်ရှောက်မှုအခြေခံ)သင်တန်းတွေကို ပေးထားပြီးပြီ။ ပြီးတော့ တခြားဌာနမှာရှိနေတဲ့ ဝန်ထမ်းအချို့ကိုလည်း ပေးထားတယ်။ ဒါ့အပြင် ခုနကပြောခဲ့တဲ့ Mahidol University ရဲ့ Ramathibodi ဆိုတဲ့ဆေးရုံဌာန ကနေပြီးတော့လည်း မယ်တော်ဆေးခန်းမှာရှိတဲ့ဝန်ထမ်းတွေကို Basic Emergency Care training တွေကိုလည်း လာပေးထားတာရှိခဲ့တယ်။ နောက်ပြီးတော့ Singapore team ကနေ TOT training လာပေးထားတာတွေရှိတယ်။ အခုလက်ရှိမှာဆို ရှေ့ဆက်ပြီးတော့ Core Emergency Care Provider (အခြေခံ အရေးပေါ် ပြုစုကုသရေး) ဆိုတဲ့ training တွေကိုလည်း ဆက်ပေးဖို့ရှိသလို Intern program တွေကိုလည်း ဆက်လုပ်ဖို့ရှိတယ်။

မေး။ ဒီလို အရေးပေါ်ဆေးကုသရေးယူနစ် မပေါ်ပေါက်ခင်တုန်းကဆိုရင် မယ်တော်ဆေးခန်းမှာ အရေးပေါ် လူနာတွေအတွက် ဝန်ဆောင်မှုပေးရာမှာ ဘာအခက်အခဲတွေ ရှိခဲ့ဖူးသလဲ။
ဖြေ။ မယ်တော်ဆေးခန်းရဲ့ နှစ်ပေါင်း ၃၀ ကျော် ဖြတ်သန်းခဲ့တဲ့အခြေအနေမှာဆိုရင်၊ အခုလို အရေးပေါ်ဌာနမရှိသေးတဲ့အချိန် မယ်တော်ဆေးခန်းရဲ့ အရေးပေါ်ဌာနဖြစ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်က ရှိတာပေါ့နော်။ မရှိတဲ့အချိန်တုန်းကဆို လူနာတွေရဲ့အရေးပေါ်လိုအပ်နေတဲ့အခြေအနေကို ချက်ချင်းမသိရှိနိုင်ဘူး။ လိုအပ်တဲ့ ကနဦးကုသမှုတွေကို မပေးနိုင်ဘူး။ နောက်တစ်ခါ အချိန်မီလွှဲပြောင်းတာတွေကိုလည်း မလုပ်နိုင်ခဲ့ဘူး။ အဲဒီအခြေအနေမှာဆိုရင် လူနာတွေရဲ့အသက်အန္တရာယ် စိုးရိမ်မှုကတော့ အခြေအနေများတာပေါ့နော်။

မေး။ ယခင်ကမရှိသေးတဲ့အခြေအနေနဲ့စာရင် အခုရှိလာတဲ့အပေါ်မှာ ဘယ်လိုများပြောချင်လဲ။
ဖြေ။ အရင်တုန်းကမရှိသေးတဲ့အခြေအနေနဲ့ ယခုရှိလာတဲ့အခြေအနေကတော့ အရမ်းကွာဟမှုရှိတာပေါ့။ ခုနပြောခဲ့သလိုဘဲ လူနာတွေရဲ့အရေးပေါ်အခြေအနေတွေကို မြန်မြန်ဆန်ဆန်သိနိုင်တယ်။ လိုအပ်တဲ့ကုသမှုတွေကိုလည်းပေးနိုင်တယ်။ ပြီးရင် လိုအပ်ရင် မဲဆောက်ဆေးရုံကိုလွှဲတာကိုလည်း အချိန်မီလုပ်ပေးနိုင်တယ်။ ဒါတွေကတော့ လူနာတွေအတွက် အရမ်းကိုကောင်းတဲ့အချက်တွေပေါ့နော်။ လူနာတွေရဲ့ အသက်အန္တရာယ်အတွက်လည်း အရမ်းကို safe ဖြစ်လာတယ်။

နောက်တစ်ခုကတော့ ဒီလိုမျိုးရှိလာတဲ့အပေါ် မယ်တော်ဆေးခန်းမှာရှိတဲ့ ဆေးဝန်ထမ်းတွေကလည်း သူတို့ရဲ့အရေးပေါ်ဆိုတဲ့ အသိပညာ၊ အတတ်ပညာတွေလည်း ထပ်ပြီးတော့တိုးပွားလာတယ်။ နောက်တခု အကျိုးရှိလာတာက မဲဆောက်ဆေးရုံမှာရှိနေတဲ့ emergency ဌာနမှာလည်း အရေးပေါ်မဟုတ်တဲ့ မလိုအပ်တဲ့လူနာတွေကို သူတို့ကြည့်နေရတဲ့ workload (အလုပ်ဝန်) တွေလည်းလျော့သွားမယ်လို့မြင်တယ်။

မေး။ အရေးပေါ် လူနာတွေအတွက်ရော ဘယ်လိုကောင်းမွန်တဲ့ထိရောက်မှုရှိလာမလဲ။
ဖြေ။ ကောင်းမွန်လာတာတွေကတော့ ခုနကပြောသွားသလိုပါပဲ။ သူတို့ (လူနာ) တွေသည် အရေးပေါ်အခြေအနေကို သိရှိလာရမယ်။ ပြီးရင် သူတို့သည် အရေးပေါ်ကုသမှုတွေကို လက်ခံရရှိမယ်။ ပြီးရင် အချိန်မီလွှဲပြောင်းခြင်းကိုခံရတဲ့အတွက် အသက်အန္တရာယ်ဆုံးရှုံးမှုတွေက လျော့နည်းလာမယ်။ သူတို့အတွက် အကျိုးအများကြီးရှိမယ်ပေါ့နော်။

မေး။ ထပ်ဖြည့်စွက်ပြောချင်တဲ့ သတင်းစကားတွေရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ။ ကျနော်တို့ ဒီအရေးပေါ်ဌာနကိုစပြီးတော့တည်ထောင်တာက အခုမှဖြစ်တဲ့အတွက် လိုအပ်ချက်တွေရှိနေလိမ့်မယ်၊ အားနည်းချက်တွေရှိနေသေးတယ်။ ဒါတွေကို ကျနော်တို့က အကောင်းဆုံးဖြစ်အောင် ဆက်လက်ပြီးတော့ ကြိုးစားသွားမှာဖြစ်တယ်။

ခုနက ပြောခဲ့တဲ့အထဲမှာ လိုအပ်ချက်တွေက ဘာတွေရှိမလဲဆိုတော့ အရေးပေါ်ဌာနသည် လူကြီးလူနာအမျိုးအစားတမျိုးကိုပဲ ကြည့်နိုင်သေးတယ်။ နောက်ပိုင်းမှာဆို ကျနော်တို့ကကြိုးစားပြီးတော့ ကလေးလူနာတွေကိုရော ကိုယ်ဝန်ဆောင်သည်တွေကိုရော ကြည့်နိုင်အောင် ဆက်ပြီးတော့ ကြိုးစားသွားမှာဖြစ်သလို ၇ ရက်ပတ်လုံး ၂၄ နာရီကြည့်နိုင်ဖို့အတွက်ကိုလည်း ကျနော်တို့က ဆက်လက်ပြီးတော့ ကြိုးစားသွားပါမယ်ဆိုတဲ့သတင်းကို ပေးချင်တယ်။