Home သတင်း မြန်မာနိုင်ငံဘက်သို့ တရားမဝင်တင်သွင်းမည့် စစ်ဘက်ဆိုင်ရာသုံး ဒရုန်းများ မဲဆောက်တွင်ဖမ်းမိ

မြန်မာနိုင်ငံဘက်သို့ တရားမဝင်တင်သွင်းမည့် စစ်ဘက်ဆိုင်ရာသုံး ဒရုန်းများ မဲဆောက်တွင်ဖမ်းမိ

13
Photo: Social Media

ဇူလိုင်၊ (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့တရားမဝင်သွင်းမည့် စွမ်းရည်မြင့် (FPV) ဒရုန်း(၄)စင်းအပါအဝင် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံသားတစ်ဦးထံမှ ယမန်နေ့၊ ဇူလိုင်လ(၂၁) ရက်နေ့က ဖမ်းဆီးရရှိခဲ့သည်ဟု ထိုင်း CIB ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

ပစ္စည်းပို့ဆောင်သည့် ကုမ္ပဏီတစ်ခုကို သွားရောက်စစ်ဆေးရာမှ သံသဃဖြစ်ဖွယ် ဂျပ်ဖာသေတ္တာနှစ်လုံး ကို ထိုင်းအာဏာပိုင်များက တွေ့ရှိခဲ့ပြီး ပစ္စည်းလာရောက်ထုတ်ယူသူမှတစ်ဆင့် နောက်ယောင်ခံလိုက်၍ တရားမဝင်သယ်ဆောင်လာသော အဆိုပါပစ္စည်းများအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း CIB ကဖော်ပြသည်။

ထိုထဲတွင် အသင့်တပ်ဆင်ထားသည့် FPV (First-Person View) ဒရုန်း(၄) စင်း၊ ဒရုန်းဘောင်(၇)စုံ၊ မော်တာ၊ ကင်မရာ၊ ထိန်းချုပ်ရေးဘုတ်ပြားအပါအဝင် ဆက်စပ်အသုံးပြုသည့် ပစ္စည်း(၁၆)မျိုးပါဝင်ကြောင်းလည်း ထုတ်ဖော်ထားသည်။

ထို့အပြင် ဒရုန်းများမှာ သာမာန် အရပ်ဘက်သုံး ဒရုန်းမဟုတ်သလို အရှိန်နှုန်းမြင့်ပြီး အချက်ပြစနစ်နှင့် ပျံသန်းနိုင်စွမ်းမြင့်မားသည့် အဆင့်မြင့်နည်းပညာ စွမ်းရည်ရှိ ဒရုန်းများဖြစ်သည်ဟု ဆိုသည်။

Photo: Social Media

၎င်းပစ္စည်းများအား ချင်းမိုင်မှပို့လာခြင်းဖြစ်ပြီး မဲဆောက်မြို့မှတစ်ဆင့် မြန်မာပြည်ဘက်သို့ ပြန်ပို့ရန်အတွက်ဖြစ်ကြောင်းလည်း CIB က ဆိုသည်။

ပစ္စည်းလက်ခံသူ ကိုမင်းကျော် ဆိုသူတွင် အကောက်အခွန် ပြနိုင်သည့် စာရွက်စာတမ်းအထောက်အထားမရှိသလို ၎င်းနေထိုင်သည့် အခန်းအတွင်း နောက်ထပ်ဂျပ်ဖာ သေတ္တာပုံးတစ်လုံးကို ထပ်မံတွေ့ရခြင်းရှိကြောင်း သိရသည်။

ထိုင်းအာဏာပိုင်ဘက်မှ ကိုမင်းကျော်ကို စစ်ဆေးမေးမြန်းစဉ် ၎င်းအနေဖြင့် ပစ္စည်းလက်ခံပေးထားခြင်းသာဖြစ်ပြီး အထဲတွင် မည်သည့်ပစ္စည်းများပါဝင်နေသည်ကို မသိရှိရဟု ပြောဆိုထားသည်။

ထိုင်းအာဏာပိုင်များဘက်ကမူ ပစ္စည်းလက်ခံသူအား အကောက်အခွန် မဖြတ်ဘဲ ပစ္စည်းကို တရားမဝင်သယ်ဆောင်သည့်အတွက် ထိုင်းနိုင်ငံ၏ ဥပဒေလုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် မဲဆောက်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟုလည်း CIB ၏ ဖော်ပြချက်အရသိရသည်။