Home သတင်း KTLA ဆာကပေါ်တပ်ရင်း KNLA တပ်မဟာ (၄) ထံ ပြန်လည်ပူးပေါင်းမှု ကြိုဆိုပွဲ ကျင်းပ

KTLA ဆာကပေါ်တပ်ရင်း KNLA တပ်မဟာ (၄) ထံ ပြန်လည်ပူးပေါင်းမှု ကြိုဆိုပွဲ ကျင်းပ

17
Photo: KNU

စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်း၌ ကော်သူးလေအာမီ(KTLA) လက်အောက်ခံ ဆာကပေါ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံ ပြန်လည်ဝင်ရောက်လာသည့် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာလ ၂၁ ရက် ကျင်းပပြုလုပ်ခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်သည်။

အဆိုပါ ပူးပေါင်းပွဲအခမ်းအနားသို့ KTLA ဆာကပေါ်တပ်ရင်းမှ ဗိုလ်စောအဲဖိုး ဦးစီး၍ တပ်ရင်း တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင် စုစုပေါင်း ၂၅ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး KNLA တပ်မဟာ (၄) ဘက်မှ နွေးထွေးစွာ ပြန်လည်ကြိုဆိုခဲ့ကြသည်ဟု ခရိုင်ပြည်သူ့ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ။

အခမ်းအနားတွင် KNLA တပ်မဟာ (၄) ဗျူဟာမှူး ဗိုလ်မှူးကြီးစောလေးသိန်းက ကြိုဆိုဂုဏ်ပြုစကား ပြောကြားခဲ့သလို မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဖလို့စိုးဝင်း၊ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလေးထော၊ ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားနှင့် ပဒိုစောအော်ကော်တို့ကလည်း အားပေးတိုက်တွန်းစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

ထို့နောက် ပြန်လည်ပူးပေါင်းလာသည့် ဆာကပေါ်တပ်ရင်းမှူး ဗိုလ်စောအဲဖိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် KNU/KNLA ဦးဆောင်မှုအောက်သို့ ပြန်လည်ဝင်ရောက်လာသည့် ဆာကပေါ်တပ်ရင်း ခေါင်းဆောင်များကို ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြပြီး KTLA တပ်ဖွဲ့ လက်မောင်းတံဆိပ်မှ KNLA တပ်ဖွဲ့ လက်မောင်းတံဆိပ်သို့ ပြောင်းလဲတပ်ဆင်ပေးသည့် အစီအစဉ်ကိုပါ တစ်ပါတည်း ထည့်သွင်းပြုလုပ်ခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

Photo: KNU