Home သတင်း ဖားအံမြို့ပေါ် အတင်းအဓမ္မ စစ်သားသစ်စုဆောင်းမှုများလာသဖြင့် ညပိုင်းအသွားအလာ သတိထားနေရ

ဖားအံမြို့ပေါ် အတင်းအဓမ္မ စစ်သားသစ်စုဆောင်းမှုများလာသဖြင့် ညပိုင်းအသွားအလာ သတိထားနေရ

9
Photo: CJ

စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဖားအံမြို့ပေါ်တွင် ယခု ရက်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ်က ညအချိန် အတင်းအဓမ္မ စစ်သားသစ်စုဆောင်းမှုများ ပိုမိုလုပ်ဆောင်လာသဖြင့် အသွားအလာပြု လုပ်ရာတွင် သတိထားနေရသည်ဟု ဖားအံမြို့နယ်ရှိ ဒေသခံများက ပြောသည်။

ကရင်ပြည်နယ်အတွင်း စစ်မှုထမ်းအပတ်စဉ်အလိုက် သတ်မှတ်လူဦးရေ ပြည့်မီရေးအတွက် ပြည်နယ် စစ်အစိုးရဘက်က ညွှန်ကြားထားသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ဖားအံမြို့ပေါ်နှင့် အနီးဝန်းကျင်ဒေသများတွင် စစ်သားသစ်ဖမ်းဆီးခေါ်ဆောင်မှုများ ပိုမိုအဖြစ်များလာခြင်း ဖြစ်သည်။

“ အခုဆို ညနေ ၅ နာရီ၊ ၆ နာရီနောက်ပိုင်းဆို မထွက်တော့ဘူး။ သတိနဲ့ နေနေရတဲ့အခြေအနေပါ။ နည်းနည်းမှောင်ပြီးဆို သူတို့တွေက သာမန်အရပ်သားပုံစံနဲ့ နေရာယူကြတာ။ အခုက ဖားအံက လမ်းတွေက မီးထိန်လင်းနေတာမဟုတ်တော့ လမ်းကြိုလမ်းကြားတွေဆို ပိုကြောက်ရတယ်” ဟု ဖားအံမြို့ခံအမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

မြို့ပြင်နှင့် ရပ်ကွက်များအတွင်း အသက်(၂၀)၊ (၃၀) ဝန်းကျင်အရွယ် လူငယ်၊ လူလတ်ပိုင်းများကို စစ်တပ်က စစ်သားသစ် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်နေခြင်းဖြစ်ပြီး အထူးသဖြင့် ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့မှ လာရောက်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။

ထို့အပြင် ဖားအံမြို့အနီးတဝိုက်ရှိ ကျေးရွာဘက်တွင်လည်း ညပိုင်းအပြင်ထွက်သွားလာသည့် လူငယ်များကို စစ်သားသစ်စုဆောင်းခံရမှုများ ရှိနေသဖြင့် ညနေ ၆ နာရီနောက်ပိုင်း အပြင်မထွက်ရန် ဒေသခံများအချင်းချင်း သတိပေးပြောဆိုနေကြရကြောင်း ကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ နောင်လုံမှာ ည ၇ နာရီလောက်တောင် ကောင်လေးနှစ်ယောက်ကို ဆွဲသွားတယ်လို့ ကြားတယ်။ အရင်က ညမိုးချုပ်ရင် ညဈေးသွားတာ ကမ်းနားလမ်းတွေမှာ သွားလာတာတွေ ရှိတယ်။ အခုတော့ ပေါ်တာဆွဲ(စစ်သားသစ်စုဆောင်း)တယ်ဆိုတဲ့ သတင်းတွေကြောင့် ည ၆ နာရီနောက်ပိုင်း အပြင်ထွက်ဖို့ မရဲကြတော့ဘူး” ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လကလည်း ဖားအံမှ မြဝတီသို့ တိုက်ရိုက်ပေါက်ရောက်သည့် ကျော့ရွာ-ဝင်းစိန်-‌ဒေါ်လန်း- နဘူးလမ်း ရွာချင်းဆက်လမ်းပိုင်း တစ်နေရာတွင် စစ်အုပ်စုက အဖွဲ့ချစောင့်ဆိုင်းပြီး စစ်ဆေးဖမ်းဆီးမှုအတွင်း ကရင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသူမဟုတ်သည့် လူငယ် (၃)ဦးထက်မနည်း စစ်သားသစ်စုဆောင်းခံရသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။

အာဏာသိမ်းကာလ (၄)နှစ်တာအတွင်း စစ်အုပ်စုနှင့် တော်လှန်ရေးအင်အားစုတို့ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲများအကြား စစ်အုပ်စုတပ်ဖွဲ့ဝင် အင်အားဆုံးရှုံးမှုများပြားလာခြင်းကြောင့် ၂၀၂၄ ခုနှစ် နှစ်စပိုင်းမှစ၍ စစ်တပ်က စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်လာသည်မှာ လက်ရှိတွင် အပတ်စဥ်(၂၈)အထိ ရောက်ရှိပြီဖြစ်သည်။