Home သတင်း ဘီးလင်း၊ ကြသောင်းဆိပ်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီးပျက်စီးမှု နေအိမ်အလုံး(၃၀)ကျော်ပါဝင်

ဘီးလင်း၊ ကြသောင်းဆိပ်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီးပျက်စီးမှု နေအိမ်အလုံး(၃၀)ကျော်ပါဝင်

10
Photo: KNU

စက်တင်ဘာလ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်/ယိုကလား ကျေးရွာအုပ်စုသို့ စက်တင်ဘာ(၁၉)ရက်နေ့က စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးသည့်စာရင်းတွင် အရပ်သားနေအိမ် (၃၈) လုံးခန့် ပါဝင်ကြောင်း ကေအဲန်ယူ သထုံခရိုင်က ယနေ့၊ စက်တင်ဘာ(၂၁)ရက်တွင် ထုတ်ပြန်သည်။

ထိုနေ့ညပိုင်းက ကြသောင်းဆိပ်ကျေးရွာအုပ်စု၊ အရှေနှင့်အနောက်ကြသောင်းဆိပ်ရွာသို့ စစ်အုပ်စုက ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ပေါင် (၅၀၀) ဗုံး လေးလုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု နောက်ဆက်တွဲသတင်းအရ သိရသည်။

ယင်းကြောင့် အရှေ့ကြသောင်းဆိပ်ကျေးရွာရှိ စာသင်ကျောင်းအဆောက်အအုံ ၂ လုံးအပါအဝင် အရပ်သားနေအိမ် (၃၆) လုံး ၊ အနောက်ကြသောင်းဆိပ်ကျေးရွာရှိ စာသင်ကျောင်းအဆောက်အအုံ ၃ လုံး၊ ဝန်ထမ်းအိမ်ရာ ၁ လုံးနှင့် နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်က ဆိုသည်။

Photo: KNU

ထို့အပြင် စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD က အရှေ့ဘက်ရွာစာသင်ကျောင်းမှလွဲ၍ ဗုံးထိမှန်သည့် အနောက်ဘက်ရွာစာသင်ကျောင်းအဆောက်အအုံများ လုံးဝပျက်စီးသွားပြီဖြစ်ကြောင်း ၎င်းတို့လူမှုကွန်ရက်တွင် ဖော်ပြသည်။

တစ်ဆက်တည်းတွင် ကတိုင်တိအခြေစိုက် နယ်မြေစစ်အုပ်စုဘက်က ကြသောင်းဆိပ်ကျေးရွာအနောက်ဘက်သို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ဒေသခံလူထု၏ စိုက်ပျိုးဥယျာဥ်ခြံများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း သိရသည်။

စစ်အုပ်စု၏ထိုလုပ်ရပ်အပေါ် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက် အား လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများအား လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိကြောင်း ကေအဲန်ယူ သထုံခရိုင်က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။