Home သတင်း တောင်ငူ၊ ကျောက်တန်းရွာ တစ်ရွာလုံးနီးပါး ယားနာရောဂါများ ဖြစ်ပွားနေပြီး ကုသမှုလိုအပ်နေ

တောင်ငူ၊ ကျောက်တန်းရွာ တစ်ရွာလုံးနီးပါး ယားနာရောဂါများ ဖြစ်ပွားနေပြီး ကုသမှုလိုအပ်နေ

35
Photo: CJ

ဇူလိုင် (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် တစ်ရွာလုံးနီးပါး အနီကွက်များ တစ်ကိုယ်လုံးအပြည့်ပေါက်သည့် ယားနာကူးစက်ရောဂါများ ဖြစ်ပွားနေပြီး အနီးနားတွင် ကျန်းမာရေးဆေးပေးမည့် ကျွမ်းကျင်ဆရာဝန်မရှိသဖြင့် ရောဂါပျောက်ကင်းရန် ကုသမှုလိုအပ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

တိမ်မြုပ်ရွာ ဟုလည်း လူအများသိထားသော ကျောက်တန်းကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လကတည်းက စတင်ကာ အိမ်ခြေ၊ မိသားစုအလိုက် ယားနာရောဂါ ကူးစက်နေကြခြင်းဖြစ်သည်။ ဆေးပေးခန်းရှိသော်လည်း ဆရာဝန် ပုံမှန်ထိုင်လေ့မရှိသဖြင့် ဆေးမြှီးတိုဖြင့်သာကုသနေရပြီး ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသည်ဟု ရွာခံများက ပြောသည်။

“ငရုတ်ကောင်းနဲ့ သနပ်ခါးတုံး လိမ်းတာ မသက်သာဘူး။ ယားလို့ ကုတ်ပါများရင်လည်း ပွေးကွက်တွေလို ပြန်ဖြစ်သေးတယ်။ မကုတ်လို့လည်း မရဘူး၊ တစ်ကိုယ်လုံး ယားနေတော့၊ အဲဒီလိုမျိုး တစ်အိမ်လုံး ဖြစ်နေတာ” ဟု ကျောက်တန်းရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

မိုးဦးကျကတည်းက စတင်လာသည့် ယားနာရောဂါမှာ ပျောက်ကင်းသက်သာလာခြင်းမရှိသလို ဖြစ်ပွားမှုအကြောင်းအရင်းကိုလည်း ယနေ့အချိန်ထိ မသိရသေးဟု ဒေသခံများကဆိုသည်။ ထို့အပြင် ကျောက်တန်းရွာတွင် ဆေးဆရာဟူ၍ သားဖွားဆရာမတစ်ဦးတည်းသာ ရှိပြီး ရွာအနီးအနားတွင်လည်း နားလည်တက်ကျွမ်းသည့်ဆရာဝန်မရှိသဖြင့် ရောဂါဖြစ်ပွားမှု ကျယ်ပြန့်လာခြင်းရှိသည်။

ဖော်ပြပါ ကျောက်တန်းရွာခံအမျိုးသားက “ဆေးခန်းက ဘေးရွာက ဖွင့်ထားတာပါ။ နိုင်ငံရေးအခြေအနေကြောင့် ဆရာဝန်တွေက သိပ်မထိုင်ကြဘူး။ သူတို့ရွာကလူတွေတောင် ကိုယ့်ရွာက သားဖွားဆရာမဆီ ဆေးပြန်လာကုကြတယ်။ အခု အဲဒီယားနာကြောင့် ဟိုဆေးထိုး ဒီဆေးထိုးနဲ့ မသက်သာတဲ့အပြင် ပိုတောင်ဆိုးလာသေးတယ်။ ” ဟု ကေအိုင်စီကို ပြောသည်။

ကျောက်တန်းကျေးရွာသည် မြို့ပေါ်နှင့်အလှမ်းမဝေးသော်လည်း ဆိုင်ကယ်စက်သုံးဆီဈေးကြောင့် အများစုမှာ မြို့ပေါ်တက် ဆေးကုသရန် မလွယ်ကူကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အတူ ရွာရှိ လူငယ်အများအပြား ပြည်ပထွက်ခွာသွားကြခြင်းကြောင့် အသက်အရွယ်ကြီးရင့်သူအများစုသာ ရွာ၌ကျန်ရှိ၍ သွားလာရေးအခက်အခဲရှိသည်ဟုလည်း ဒေသခံများက ဆိုသည်။