Home သတင်း ဘီးလင်းက ရွှေမျောလုပ်ကွက်များ သုံးရက်ဆက်တိုက် လေယာဥ်ဗုံးကြဲခံရ၍ အလုပ်သမား (၁) ဦးသေဆုံး၊ (၅) ဦး ဒဏ်ရာရ

ဘီးလင်းက ရွှေမျောလုပ်ကွက်များ သုံးရက်ဆက်တိုက် လေယာဥ်ဗုံးကြဲခံရ၍ အလုပ်သမား (၁) ဦးသေဆုံး၊ (၅) ဦး ဒဏ်ရာရ

52
Photo: CJ (ပုံဟောင်း)

ဇွန် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်၊ တပ်မဟာ (၁) နယ်မြေ၊ ဘီးလင်းမြို့နယ်ရှိ ရွေတူးဖော်ရေးလုပ်ငန်းခွင်နေရာများကို ဇွန်လ ၂၂ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ သုံးရက်ဆက်တိုက် စစ်အုပ်စု လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အလုပ်သမား (၁) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ(၁)ဘက်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီကြားတွင် ဘောပေါ်ထာရွာနှင့် ဘီးလင်းချောင်းနံဘေးရှိ ခလယ်လော်ဆယ်ရွာ၊ ဝကတိုင်ကျေးရွာဝန်းကျင်ရှိ ရွှေမျောလုပ်ကွက်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ ရွှေတွင်းအလုပ်သမား ဒေသခံ(၁) ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိသွားသည်။

ဆက်လက်၍ စစ်အုပ်စုက ဇွန်လ (၂၃) ရက်နေ့နှင့် ယနေ့ ဇွန်လ (၂၄) ရက်နေ့၊ မနက် ၁၀ နာရီခွဲဝန်းကျင်တွင်လည်း ဝါလေ၊ ညစူထ၊ ပတံတောင်ရွာ၊ နတ်ကြီးတံတား အထက်၊ အောက်နေရာများနှင့် ရွှေလောင်းအင်းရွာနေရာများသို့ ထပ်မံဗုံးကြဲခဲ့သည်ဟု ဒူးသထူခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။

“(၂၂) ရက်နေ့က တစ်ယောက်သေပြီး ငါးယောက် ဒဏ်ရာရတယ်။ နောက်ရက်မှာလည်း ရွာက တစ်ယောက်သေပြီး ဒဏ်ရာရတဲ့သူလည်းရှိတယ်လို့ကြားပေမယ့် သိပ်မသေချာဘူး။ ရွှေတွင်းလုပ်တဲ့သူတွေက မြန်မာနိုင်ငံသားတွေပါပဲ။ အထူးသဖြင့် စစ်ကိုင်း၊ မုံရွာဖက်မှာ အခြေအနေမကောင်းလို့ လာလုပ်ကိုင်ကြတဲ့သူတွေပါ” ဟု ပဒိုစောအေးနိုင်က ပြောသည်။

Photo: CJ (ပုံဟောင်း)

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း လုပ်ငန်းခွင်သုံးပစ္စည်းများ ထိခိုက်ပျက်စီးမှုရှိခဲ့သလို လတ်တလော ထိုနေရာတွင် အလုပ်ဆက်လုပ်ရဲသူမရှိတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကေအဲန်ယူဘက်က ဆိုသည်။

ဒေသတွင်းသတင်းအရင်းအမြစ်များထံ စုံစမ်းချက်အရ ဒူးသထူခရိုင်အုပ်ချုပ်မှုနယ်မြေရှိ ရွှေမျောလုပ်ကွက်အချို့မှာ ကေအဲန်ယူဘက်ကို အခွန်အခ ပေးဆောင်ရခြင်းရှိသလို စစ်အုပ်စုဘက်သို့ပါ အခွန်ပေးနေရခြင်းရှိကြောင်း သိရသည်။

ထိုသို့ဗုံးကြဲခံရသည့်အပေါ် ခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်ကမူ စစ်အုပ်စု၏ခွင့်ပြုချက်မရှိဘဲ ကေအဲန်ယူကခွင့်ပြုပေးထားသည်ဟု ယူဆပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးခြင်းဖြစ်နိုင်သည်ဟု ဖြည့်စွက်သုံးသပ်ထားသည်။

အလားတူ ပြီးခဲ့သည့်၂၀၂၆ ခုနှစ် မတ်လတုန်းကလည်း ဘီးလင်းမြို့နယ်၊ ဝင်းကလေးကျေးရွာအနီးရှိ ရွှေမျောလုပ်ကွက်ကို စစ်အုပ်စုက လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အလုပ်သမား ဒေသခံများအပါအဝင် တရုတ်နိုင်ငံသားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။