အောက်တိုဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၁ နယ်မြေ၊ ဒူးသထူ(သထုံ) ခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း အောက်တိုဘာလ (၉) ရက်မှ (၁၅) ရက်အထိ စစ်အုပ်စု၏ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသနေ အမျိုးသမီးအပါအဝင် အရပ်သား(၈) ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ၏ ယမန်နေ့၊ အောက်တိုဘာလ (၂၇) ရက် ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုသည် ကျိုက်ထိုမြို့နယ်၊ တကွီးပူ (ငှက်ပျောတော) ကျေးရွာသို့ ပြီးခဲ့သည့် အောက်တိုဘာ (၁၂) ရက်နေ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်တွင် အမျိုးသမီး(၁) ဦး အပါအဝင် ဒေသခံ(၃) ဦး ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ (၁၃) ရက်နေ့တွင်လည်း စစ်အုပ်စုက အလူးကျေးရွာအုပ်စုအတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား (၅) ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အပြင် ငှက်ပျောတောကျေးရွာဒရုန်းတိုက်ခိုက်မှု၌ အမျိုးသားတစ်ဦး ခြေထောက်ပြတ်ရှထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သလို အောက်တိုဘာ(၁၃)ရက်နေ့က အလူးအုပ်စုသို့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား(၁၀)ဦး ထိခိုက်ခဲ့ကြောင်း သိရသည်။

တစ်ပတ်အတွင်းဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုများသည် လူထုနေထိုင်ရာကျေးရွာများအပြင် စစ်ရှောင်စခန်းအနီးတဝိုက်နှင့် ဒေသခံများ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ရာလုပ်ငန်းခွင်များသို့ ကျရောက်ခဲ့ခြင်းဖြစ်၍ နေအိမ် (၁၃) လုံးအပါအဝင် ပြည်သူပိုင်ပစ္စည်းဥစ္စာများလည်း ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်။
ယင်းကြောင့် ဒေသခံများစစ်ဘေးရှောင်နေရသလို လုံခြုံရေးအခက်အခဲနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေသည်ဟု ကေအဲန်ယူက ဆိုသည်။
ကေအဲန်ယူအုပ်ချုပ်သည့် ဒူးသထူခရိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လမှ စက်တင်ဘာလအတွင်းတွင်လည်း စစ်အုပ်စု၏ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှု (၁၃၃) ကြိမ်ဖြစ်ပွားခဲ့ရာ အရပ်သား (၅) ဦးသေဆုံးပြီး (၁၈) ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်-KPSN ၏အစီရင်ခံစာက ဖော်ပြထားသည်။


















