အောက်တိုဘာ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဌာနချုပ်နယ်မြေ၊ ဆုံဆည်းမြိုင်၊ တောင်နီကျေးရွာဘက်တွင် မြေဌားရမ်းခြင်း၊ အိမ်နှင့်ဆိုင်ခန်းဌားရမ်းခြင်းတို့အတွက် အခကြေးငွေ ထိုင်းဘတ်သိန်းနှင့်ချီပြီး ပေါက်ဈေးရှိနေကြောင်း အိမ်ခြံမြေအသိုင်းအဝိုင်းမှ သိရသည်။
စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ပေါ်နေသည့် ၂၀၂၅ ခုနှစ် မတ်လတွင် ဆုံဆည်းမြိုင်ရှိ အိမ်ခြံမြေနှင့် ဆိုင်ခန်းဌားရမ်းခ ဈေးနှုန်းများမှာ ယခင် ဘတ်ထောင်ဂဏန်းဝန်းကျင်သာရှိရာမှ ယခု ထိုင်းဘတ်ငွေ ၅ သောင်းမှ ၃ သိန်းအထိ မြင့်တက်လာသည်ဟု ဒေသအတွင်း ခြံကွက်ပိုင်ထားသူအချို့က ဆိုသည်။
“အရင်က ခြံတစ်ကွက်မှ ဘတ် ၂ ထောင် ၃ ထောင်လောက်ပဲဈေးရှိတာ။ အခုက ဆိုင်ခန်းတစ်ခန်းကို ဘတ် ၅ သောင်း၊ ဘတ် ၇ သောင်း၊ အိမ်နဲ့ခြံကွက်ဆို ဘတ် ၁ သိန်းကျော် ၂ သိန်း၊ မြေကွက်တွေဆို ဘတ် ၅ သိန်း လောက်ရှိနေတယ်။ ခြံဝင်းတွေခတ်ပြီး စီးပွားရေးလုပ်နေကြပြီ” ဟု ခြံပိုင်ရှင်တစ်ဦးက ပြောသည်။
ဆုံဆည်းမြိုင်နှင့် တောင်နီကျေးရွာသည် ထိုင်း-မြန်မာနယ်စပ်အနီးတွင်တည်ရှိသဖြင့် နှစ်နိုင်ငံ ဆက်သွယ်သွားလာရေး နီးစပ်ကာ အဆင်ပြေသည့်နေရာလည်းဖြစ်သည်။
ထို့ကြောင့် လက်ရှိတိုက်ပွဲဖြစ်ပေါ်နေသည့် မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ဖလူးကျေးရွာများဘက်မှ စီးပွားရေးလုပ်ငန်းများ အစုလိုက် ပြောင်းရွှေ့လာကြရာမှ ငှားရမ်းခများလည်း လိုက်ပါဈေးတက်လာခြင်းဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဆုံဆည်းမြိုင်ရွာတွင်နေထိုင်သူတစ်ဦးက “ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း)တွေက တောင်ပေါ် ဘက်မှာ နေရာပြောင်းလုပ်ကြတာ၊ ဆုံဆည်းမြိုင်နဲ့ တောင်နီမှာကတော့ တရုတ်တွေအတွက် အစားအသောက်ရောင်း၊ ထိုင်းကပို့တဲ့ပါဆယ်/ချောပို့တွေတစ်ဆင့်သယ်ဖို့ နေရာဌား၊ ဆိုင်ခန်းဌား၊ ဂိုထောင်ဌားကနေ စည်ကားလာတာ။ အခုပြောင်းစိုက်တဲ့နေရာတွေ အငှားချ၊ ခြံဝင်းခတ်ကုန်ပြီ” ဟု ကေအိုင်စီကို ပြောသည်။
နယ်စပ်ကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်၍ စစ်အုပ်စုသည် စစ်ဆင်ရေးဖော်ဆောင်သည်ဟုခေါ်ဆို၍ မြဝတီ၊ မယ်ထော်သလေး၊ KKPark၊ ရွှေကုက္ကိုလ်မြို့သစ် နေရာများတွင် ကရင်လက်နက်ကိုင်အဖွဲ့များနှင့်ညှိနှိုင်းကာ အဆောက်အဦးဖြိုဖျက်ပြမှုရှိနေသည်။
သို့ရာတွင် နိုင်ငံတကာအာရုံစိုက်ခံရပြီးနောက် နယ်စပ်တကြောမှ ဒေါနတောင်အတွင်းပိုင်းသို့ ပြောင်းရွှေ့နေကြသည့် အများအသိ အွန်လိုင်းငွေလိမ်ဂိုဏ်းနေရာသစ်များကိုမူ ဆက်၍စစ်ဆေးခြင်းမရှိသည့်အပေါ် ဒေသခံများနှင့် အရပ်ဖက်အဖွဲ့များက ထောက်ပြပြောဆိုနေကြသည်။


















