Home သတင်း ကရင်နှင့်ရှမ်း စစ်ဘေးရှောင်များအတွက် အာဆီယံက မြန်မာကြက်ခြေနီနှင့်ပူးပေါင်း၍ လူသားချင်းစာနာမှု အကူအညီပေးမည်

ကရင်နှင့်ရှမ်း စစ်ဘေးရှောင်များအတွက် အာဆီယံက မြန်မာကြက်ခြေနီနှင့်ပူးပေါင်း၍ လူသားချင်းစာနာမှု အကူအညီပေးမည်

10
Photo crd: AHA Center, Thai PBS World

အောက်တိုဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းရေးဗဟိုဌာန (AHA Centre) နှင့် မြန်မာကြက်ခြေနီအသင်းပူးပေါင်းပြီး ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းရှိ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုအကူအညီများပေးမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန(DFA)က ထုတ်ပြန်သည်။

မြန်မာနိုင်ငံက နေရပ်စွ့န်ခွာနေရသည့် အိမ်ထောင်စုပေါင်း(၁၁,၀၀၀)ကျော်ကို လူသားစာနာအကူအညီပေးမည့် အဆိုပါအစီအစဥ်ကို ယနေ့၊ အောက်တိုဘာ(၂၈)ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာမည့် အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာက ဦးဆောင်ရန်လည်း ဖြစ်သည်။

အကူအညီပေးရာတွင် အထူးသဖြင့် AHA စင်တာက သွားရောက်နိုင်ခြင်းမရှိသေးသည့် ကရင်၊ ရှမ်းပြည် တောင်ပိုင်းနှင့်မြောက်ပိုင်းများသို့ ဆန်၊ အိမ်ထောင်စုအသုံးအဆောင် ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများ ထောက်ပံ့ပေးမှုကို မြန်မာကြက်ခြေနီနှင့်ပူးပေါင်း၍ တစ်လကြာလုပ်ဆောင်မည်ဟု ဆိုသည်။

အာဆီယံသည် မြန်မာနိုင်ငံအတွက် နိုင်ငံတကာကပေးလာသော လူသားချင်းစာနာထောက်ထားမှုအကူအညီများ စစ်အုပ်စု၏ အမြတ်ထုတ်ခံမဖြစ်ရေး နယ်စပ်ဖြတ်ကျော်လမ်းကြောင်းဖြင့် ဒေသအခြေစိုက်အရပ်ဖက်အဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့အစည်းများမှတဆင့် ထောက်ပံ့ပေးရန် တောင်းဆိုမှုများ ဆက်တိုက်ရှိနေသည့်ကြားမှ ယခုလိုစီစဥ်ခဲ့ခြင်းလည်းဖြစ်သည်။

ထို့အပြင် ကရင်စစ်ဘေးရှောင်များကို ထောက်ပံ့မှုပေးရန်ဖြစ်သော်လည်း စစ်ဘေးရှောင်များထံ တိုက်ရိုက်အကူအညီပို့ဆောင်ပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းများထံ အာဆီယံက ချိတ်ဆက်ပြောဆိုမှုမရှိကြောင်း သိရသည်။

Photo crd: AHA Center, Thai PBS World

“ကရင်ကစစ်ရှောင်ကိုကူညီမယ်ဆိုပြီး ထုတ်ပြန်ထားပေမဲ့ တကယ်တမ်းကျ စစ်တပ်အစီအစဉ်နဲ့ပဲသွားမယ်ဆိုတော့ စစ်တပ်ကလည်း ငွေလဲနှုန်းအပေါ်မှာ ပြန်စားမယ်။ ပြီးရင် လက်နက်တို့ဘာတို့ ပြန်ဝယ်မယ်။ ကျနော်တို့စစ်ရှောင်တွေဆီ အကူအညီမရောက်ဘဲ သူတို့ ဦးတည်ချက်ရှိတဲ့ နေရာတွေပဲ အကူအညီတစ်ချို့ရောက်မယ်ဆိုတာတော့ နားလည်ထားတယ်” ဟု ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများရေးရာကော်မတီ-CIDKP ၏တာဝန်ရှိသူ စောခဲလေက ပြောသည်။

DFA ၏ ထုတ်ပြန်ချက်တွင် အာဆီယံအလှည့်ကျ ဖိလစ်ပိုင်နိုင်ငံက AHA စင်တာနှင့် ၎င်းတို့နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် မြန်မာသို့ လူသားချင်းစာနာမှုဆိုင်ရာ စေတနာဝန်ထမ်းအဖွဲ့ စေလွှတ်ခြင်း၊ လူသားစာနာအကူအညီပေးခြင်းကို အဓိကထား လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုဝန်ထမ်းအဖွဲ့ကို မြန်မာစစ်အုပ်စု၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကိုယ်စားလှယ်များအပြင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာ ဆောင်ရွက်နေသူများနှင့် အဖွဲ့အစည်းအသီးသီးဖြင့် စုစည်းထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြထားသည်။

ထို့အတူ အာဆီယံသံတမန် မာရီယာထရီဆာဦးဆောင်လာသော လူသားချင်းစာနာမှုဦးစားပေး မြန်မာနိုင်ငံခရီးစဥ်သည် လာမည့် နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ မနီလာမြို့၌ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ခရီးစဥ်အတွင်း စစ်အုပ်စုထိပ်ပိုင်းအရာရှိများနှင့် တွေ့ဆုံရန်လည်းရှိကြောင်းလည်း အာဆီယံဒေသတွင်းသတင်းများအရ သိရသည်။