Home သတင်း မယ်လစခန်းတွင် မြင်းဆေးအလုံးရေ(၂၀၀)ကျော် လက်ဝယ်ထားရောင်းချမှု ထိုင်းအာဏာပိုင်များ ဖမ်းဆီးအရေးယူ

မယ်လစခန်းတွင် မြင်းဆေးအလုံးရေ(၂၀၀)ကျော် လက်ဝယ်ထားရောင်းချမှု ထိုင်းအာဏာပိုင်များ ဖမ်းဆီးအရေးယူ

12
Photo: CJ

အောက်တိုဘာ (၂၇) ရက်နေ့၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၀) ရက်နေ့က စိတ်ကြွမူးယစ်ဆေး (မြင်းဆေး) အလုံးရေ (၂၀၀) ကျော် လက်ဝယ်ထားရောင်းချသူ အမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူခဲ့ကြောင်း စခန်းနေထိုင်သူများနှင့် အာဏာပိုင်များထံမှ သိရသည်။

သတင်းပေးချက်အရ ထိုင်းအာဏာပိုင်များက ဇုန် A-4 ရပ်ကွက်နေ ၎င်းမူးယစ်ဆေး ရောင်းချသူ၏ နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ မြင်းဆေးအလုံး (၂၀၀) ကျော်အပါအဝင် ငွေသားဘတ် (၂၀,၀၀၀) အား တွေ့ရှိခဲ့ပြီး သက်သေခံအဖြစ်သိမ်းဆည်းကာ သံသယရှိသူအမျိုးသားကိုလည်း ဖမ်းဆီးသွားသည်။

“အဲဒီလူက မူးယစ်ဆေးရောင်းနေတာ ဆယ်စုနှစ်တစ်ခုလောက်ရှိပြီ။ ဒါပေမဲ့ ထိုင်းရဲနဲ့စစ်သားတွေဆီ သတင်းပေးလိုက်တော့ သူတို့တွေချက်ချင်းရောက်လာတယ်။ သွားစစ်တဲ့အခါမှာလည်း မူးယစ်ဆေးတွေကို ချက်ချင်းပဲမိတယ်” ဟု မယ်လစခန်းနေထိုင်သူတစ်ဦးက ပြောသည်။

ပဋိပက္ခကြောင့် စစ်ဘေးရှောင်အများအပြား နေထိုင်ရာ အကြီးဆုံးဒုက္ခသည်စခန်း မယ်လတွင် မူးယစ်ဆေး ဝယ်ယူရောင်းချ၊ သုံးစွဲမှုများ လစဥ်လိုလို ဖြစ်ပေါ်နေသလို ဆေးမှုနှင့်စပ်လျဥ်းသည့် အမှုအခင်းများလည်း ရံဖန်ရံခါ ဖြစ်ပွားနေကြောင်း စခန်းအတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

မယ်လစခန်းတာဝန်ကျ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးက “မူးယစ်ဆေး ဖမ်းဆီးရမိတာတွေကတော့ လတိုင်းပဲ အမြဲရှိတယ်။ အရင်နှစ်တုန်းက ပိုများတယ်။ ကျနော်တို့ကတော့ သတင်းလာပေးတာရှိရင် သွားစစ်ဆေးရတာပေါ့” ဟု ကေအိုင်စီကို ပြောသည်။

မူးယစ်ဆေးများမှာ စခန်းပြင်ပမှသယ်ဆောင်လာပြီး လမ်းကြောင်းပေါင်းများစွာဖြင့် စခန်းအတွင်းသို့ ဝင်ရောက်နေကြောင်းသိရသော်လည်း စခန်းတွင်လုံခြုံရေးတာဝန်ယူထားသူ လူဦးရေနည်းပါးသောကြောင့် အမြစ်ပြတ်သည်အထိ တားဆီးစစ်ဆေးရန် အခက်အခဲရှိကြောင်း အာဏာပိုင်များက ဆိုသည်။

ရပ်ကွက်ပေါင်း ၂၁ ခုဖြင့် လူဦး ၃၀,၀၀၀ ကျော်နေထိုင်ရာ မယ်လဒုက္ခသည်စခန်းတွင် ဆယ်ကျော်သက်များအပါအဝင် လူငယ်များအကြား မူးယစ်ဆေးမှုသုံးစွဲမှုများကြောင့် ပြီးခဲ့သည့်နှစ်များတွင် တာဝန်ရှိသူများက မူးယစ်ဆေးတိုက်ဖျက်ရေးအစီစဉ် ပြုလုပ်ခြင်းကဲ့သို့ အသိပညာပေးခြင်း၊ ရောင်းချသူများကို အရေးယူခြင်းရှိခဲ့သော်လည်း အမှုများလျော့ကျမသွားဘဲ ဆက်လက်ဖြစ်ပေါ်နေခြင်းရှိသည်။

ထို့အတူ ယခု ၂၀၂၆ ခုနှစ်အတွင်း မယ်လစခန်းတွင် ဘိန်းဖြူအမျိုးအစား မူးယစ်ဆေးများကိုပါ ဖမ်းဆီးမိခဲ့ကြောင်း အာဏာပိုင်တာဝန်ရှိသူများထံမှ သိရသည်။