Home သတင်း ဆီပြဿနာကြောင့် လေကြောင်းခရီးစဥ်အချို့ ဆိုင်းငံ့ထားရသော်လည်း လေယာဥ်ဗုံးကြဲမှုများ ဆက်ဖြစ်နေ

ဆီပြဿနာကြောင့် လေကြောင်းခရီးစဥ်အချို့ ဆိုင်းငံ့ထားရသော်လည်း လေယာဥ်ဗုံးကြဲမှုများ ဆက်ဖြစ်နေ

310
Photo: CJ

မတ် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

လေယာဥ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေကြောင်းလိုင်းခရီးစဥ်အများစု ရပ်ဆိုင်းထားရသည်အထိဖြစ်လာသော်လည်း အရပ်သားပြည်သူများအပေါ် စစ်အုပ်စု၏ လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

မြန်မာ့ငြိမ်းချမ်းရေးလမ်းစဥ်ကို လေ့လာစောင့်ကြည့်နေသည့် BNI-Myanmar Peace Monitor-MPM ၏ မတ်လ(၁၁)ရက်နေ့အထိ နှစ်ပတ်တာ စာရင်းအရ တစ်နိုင်ငံလုံး လေကြောင်းတိုက်ခိုက်မှုအကြိမ်(၄၀)နီးပါးရှိခဲ့ပြီး အရပ်သား(၃၀၀)ကျော်သေဆုံးခဲ့သည်။

ထိုအထဲတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးလည်း ထိန်းချုပ်လှုပ်ရှားသည့် မွန်၊ ကရင်၊ တနင်္ဿာရီ၊ ပဲခူး နေ ပြည်သူများအပါအဝင်ဖြစ်ပြီး မတ်လ (၂၂)ရက်အထိ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။

ပြည်တွင်းခရီးသွားလေယာဥ်များအတွက် ဆီခက်ခဲသော်လည်း အရပ်သားပြစ်မှတ်ထားတိုက်ခိုက်ရန် စစ်အုပ်စုက ဆီသိုလှောင်ထားခြင်းကြောင့်ဖြစ်သည်ဟု နယ်မြေအတွင်း ပြည်သူလူထု ရပိုင်ခွင့်အပေါ် တက်ကြွလှုပ်ရှားနေသော ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ပြောသည်။

“နိုင်ငံတကာမှာ စစ်အုပ်စုကိုလေယာဥ်ဆီမရောင်းဖို့ ကျနော်တို့ Advocacy တွေအများကြီးလုပ်ခဲ့ပေမဲ့ ထိရောက်မှုမရှိဘူး။ အဲဒီတော့ လေယာဥ်ဆီက သူတို့စစ်ကောင်စီအတွက် ရှိနေမှာပဲ။ လေယာဥ်ဆီရှိရင်တောင် ခရီးသည်ဖို့ထုတ်မပေးဘဲ ပြည်သူတွေကိုတိုက်ခိုက်ဖို့အတွက် ဆီသိုလှောင်ထားမှာပဲ။ ဒါကြောင့်လေကြောင်းတိုက်ခိုက်မှုတွေဖြစ်နေတာ” ဟု အဖွဲ့ပြောခွင့်ရ စောအဲလ်ဘတ်က ဆိုသည်။

မြန်မာစစ်အုပ်စုအပါအဝင် ပုဂ္ဂလိက ခရီးသည်တင်၊ စီးပွားကုန်သွယ်လေကြောင်းလိုင်းများသည် Jet A-1 (ဂျက်လေယာဥ်ဆီ)နှင့် Avgas 100LL (Aviation Gasoline) လေယာဥ်ဆီအမျိုးအစားများကို အများအားဖြင့်အသုံးပြုသည်။

ယခင်က စစ်အုပ်စုသည် နိုင်ငံတကာပိတ်ဆို့မှုပြင်ပနိုင်ငံများမှ လေယာဥ်ဆီကိုဝယ်ယူ၍ အရပ်ဘက်၊ စစ်ဘက်မခွဲခြားဘဲ မျှဝေသုံးစွဲသည့်ပုံစံဖြင့်သွားနေသည်။ ဆီအကြပ်အတည်းကာလအတွင်း အရပ်ဘက်မှ လေယာဥ်ဆီများကို စစ်ဘက်တွင် လုယူသုံးစွဲသည်အထိ ဖြစ်လာပြီး လေကြောင်းတိုက်ခိုက်မှုများလည်း မပြတ်လုပ်ဆောင်နိုင်ခြင်းဖြစ်သည်ဟု လေယာဥ်ဆီဖြတ်တောက်ရေး လှုပ်ရှားနေသော Bloody Money Campign-BMC က ဆိုသည်။

BMC အဖွဲ့တာဝန်ရှိသူက “ပြည်တွင်းလေကြောင်းလိုင်းတွေကလည်း ခရိုနီတွေပဲ ပိုင်ကြတာဆိုတော့ ခုလို အခက်အခဲမှာ အရပ်ဘက်က လေယာဉ်ဆီတွေကို စစ်အုပ်စုကို လွှဲပြောင်းပေး၊ မျှဝေသုံးစွဲပေးတာတွေကပိုပြီး တိုးလာနိုင်ချေရှိနေတယ်။ ခုလိုအခြေအနေမှာ ပိုပြီးရှင်းလင်းမြင်သာတာက စစ်အုပ်စုဟာ လေယာဉ်ဆီကို ရတဲ့နည်းနဲ့ သိမ်းယူပြီး လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆက်လုပ်နေတယ်ဆိုတာပဲ။” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ် ဇွန်လမှစက်တင်ဘာလအထိ သယ်ယူပို့ဆောင်ရေးလေယာဥ်အုပ်စုတစ်ခုတည်းအတွက် လေယာဥ်ဆီ ဂါလံ (၁.၈)သန်းကျော် သုံးစွဲခဲ့ကြောင်း BMC က မတ်လ(၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါလေယာဥ်များတွင်လည်း Jet A-1 လေယာဥ်ဆီအမျိုးအစားကိုအသုံးပြုခြင်းဖြစ်ပြီး ပေါင်(၃၀၀)၊ (၅၀၀) ဗုံးများသယ်ဆောင်ရန်နှင့်လေကျင့်ရန်အတွက် ထိုလေယာဥ်များ သုံးသည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။

KHRG အပါအဝင် ကရင်အရပ်ဖက်အဖွဲ့များနှင့် BMC၊ Justice for Myanmar ကဲ့သို့ တက်ကြွလှုပ်ရှားသည့် အရပ်ဖက်အဖွဲ့များမှာ နိုင်ငံတစ်ဝန်းလေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်နိုင်ရေး လှုပ်ရှားတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသော်လည်း လေယာဥ်ဆီများက စစ်အုပ်စုထံသို့ ရေကြောင်းဖြင့် ဝင်ရောက်နေဆဲဖြစ်သည်။

ထို့ကြောင့် လေယာဥ်ဆီရောင်းချမှုပိတ်ပင်ဖို့အပါအဝင် ဆီဝင်လာသည့်လမ်းကြောင်းကို အချိန်တစ်ခုအထိပိတ်ပင်ရန်ပါ BMC က နိုင်ငံတကာထံ ထပ်မံတောင်းဆိုသည်။

“မဟုတ်ရင်တော့ စစ်အုပ်စုက ခုလိုပဲ ခရိုနီတွေပိုင်တဲ့ အရပ်ဘက်လေကြောင်းလိုင်းက လေယာဉ်ဆီတွေနဲ့ ပြည်သူတွေကို ဗုံးကြဲနေအုံးမှာပဲ။” ဟု BMC ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း(MAI)၊ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၊ မန်းရတနာပုံ၊ Air KBZ၊ နှင့် Air Thanlwin လေကြောင်းလိုင်းတို့မှ ပြည်တွင်းသို့ အဓိကပြေးဆွဲနေခြင်းဖြစ်သည်။ အများစုမှာ ဆီပြဿနာကြောင့် ခရီးစဥ်များရပ်နားထားရသည်အထိ လက်ရှိ ဖြစ်ပေါ်နေသည်။