Home သတင်း ဆီအကြပ်အတည်းတွင် ဖားအံ-မြဝတီကုန်တင်ယာဥ် အများစု ရပ်နားထားရပြီး အခြေခံလူမှုဘဝ ထိခိုက်

ဆီအကြပ်အတည်းတွင် ဖားအံ-မြဝတီကုန်တင်ယာဥ် အများစု ရပ်နားထားရပြီး အခြေခံလူမှုဘဝ ထိခိုက်

380

မတ် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စက်သုံးဆီအကြပ်အတည်းနှင့် လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးမှုများကြောင့် ကရင်ပြည်နယ်အတွင်း မြဝတီ-ဖားအံ လမ်းကြောင်းပြေးဆွဲနေသည့် ကုန်တင်ယာဉ်အများစု လုပ်ငန်းရပ်နားထားရပြီး ဒေသခံများ၏ အခြေခံလူနေမှုဘဝရပ်တည်ရေးကိုပါ ထိခိုက်မှုရှိလာသည်ဟု ယာဥ်မောင်းနှင့်ဒေသခံများထံမှ သိရသည်။

လက်ရှိ ဖားအံမြို့တွင် ဆီပြတ်လပ်မှုအခြေအနေ တစ်ဆထက်တစ်ဆ ပိုမိုဆိုးရွားနေသလို ယာဉ်လိုင်စင်နှင့် ဝှီးတက်မပြနိုင်ဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များ ဆီဝယ်ယူနေသည်ကို တွေ့ရှိပါက ဖမ်းဆီးအရေးယူမည့် သတ်မှတ်ချက်ကြောင့် ကုန်သွယ်ရေးနှင့်ခရီးသွားလာရေးအခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။

“ဆီမရလို့ အရင်လိုကားမဆွဲနိုင်တော့ဘူး။ without(လိုင်စင်မဲ့) ကားတွေကို ဆီမထည့်ပေးဘူး၊ ဖမ်းမယ်ဆိုတဲ့ သတင်းတွေလည်းရှိနေတော့ သွားမတန်းရဲဘူး။ အရင်က ဆီပြတ်ဖူးတယ်ဆိုပေမယ့် without ကားတွေ ထည့်လို့ရသေးတော့ အဆင်ပြေသေးတယ်။ သိတဲ့အတိုင်း မြဝတီပြေးတဲ့ ကားတွေက without ကား သပ်သပ်ပဲလေ”ဟု မြဝတီ-ဖားအံ ကုန်စည်ပို့ဆောင်နေသူတစ်ဦးက ပြောသည်။

ထို့ကြောင့် ပြင်ပမှောင်ခိုဈေးကွက်၌ ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် (၁၃,၀၀၀) မှ (၁၅,၀၀၀) အထိ မှောင်ခိုဈေးပေး၍ ဝယ်ယူအသုံးပြုနေရသည်။ အချိန်ကြာလာသည်နှင့်အမျှ လုပ်ငန်းရပ်နားထားရသည့် အခြေအနေဖြစ်လာကြောင်း ကုန်သွယ်ယာဥ်မောင်းအသိုင်းအဝိုင်းက ဆိုသည်။

ဖော်ပြပါယာဥ်မောင်းက “အပြင်ဆီနဲ့ဆို ဘယ်လိုမှမကိုက်တော့ဘူး။ မြဝတီ-ဖားအံ အတက်အဆင်းကို အရင်က ဆီဖိုး ၂ သိန်းခွဲလောက်ပဲကုန်တာ။ အခုက ၇ သိန်းကျော်လောက် ကုန်နေပြီ။ တင်လာတဲ့ကုန်က သယ်ခ ၁၃ သိန်းပဲရတာ။ ဆီဖိုးနဲ့လမ်းကြေး စုစုပေါင်းတင် ၁၄ သိန်းလောက် ကုန်သွားပြီ။ အဲဒါကြောင့် အခု ကားဆက်မဆွဲတော့ဘဲ နားလိုက်ရတော့မယ်” ဟု ပြောသည်။

Photo: CJ

ထို့အပြင် ဖားအံမြို့ရှိ အများပြည်သူလည်ပတ်အပန်းဖြေသည့်နေရာများတွင်လည်း ခရီးသွားဧည့်သည် သိသိသာသာ လျော့နည်းသွားသည်။ ယင်းကြောင့် ခရီးသွားလုပ်ငန်းကို အမှီပြုနေရသည့် ဒေသခံဈေးသည်များအတွက် အရောင်းအဝယ် ထိခိုက်မှုရှိလာသည်ဟု ဆိုသည်။

ဖားအံမြို့ ကမ်းနားလမ်းတွင် စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချသူ တစ်ဦးက “ချင့်ချိန်ပြီးတော့ပဲ ချက်ထားရတာပေါ့။ အများကြီးလည်း မချက်ထားရဲဘူး။ အရင်တုန်းကတော့ တအားရောင်းကောင်းတာ။ အခုက ဆီတွေ သိပ်မရှိ။ သွားတန်းစီဝယ်တာတောင် ၅ ထောင်ဖိုးပဲ ရတယ်။ ဆိုင်လည်းလူသိပ်မလာဘူး။ ကြာရင် ပိုဆိုးလာမယ်ထင်တယ်။” ဟု ကေအိုင်စီကို ပြောသည်။

အလားတူ တစ်နိုင်ငံလုံးဖြစ်ပေါ်နေသည့် လောင်စာဆီပြတ်လပ်မှုကြောင့် ဖားအံ၌ ဒေသတွင်းခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရသည့် အငှားယာဉ်မောင်းသမားများ နေ့စဉ်ဘဝရပ်တည်ရေးအတွက် အခက်အခဲရှိနေသည်။

လိုင်စင်မဲ့ယာဥ်အသုံးများသည့် ကျေးရွာနေပြည်သူများအနေဖြင့်လည်း မြို့ပေါ်တက် ကုန်ရောင်းကုန်ဝယ်အတွက် စိန်ခေါ်မှုရှိလာပြီး ကုန်စျေးနှုန်းမြင့်တက်သည့်အခြေအနေ တွေ့ကြုံနေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။