မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စက်သုံးဆီချွေတာရေးအတွက် စုံနှင့်မ ရက်ရွေးချယ်ပြီး ပုဂ္ဂလိကပိုင်မော်တော်ယာဥ်များ မောင်းနှင်ရန် မတ်လ(၃)ရက်နေ့စွဲဖြင့်ထွက်ရှိလာသည့် စစ်အုပ်စု၏သတ်မှတ်ချက်ကြောင့် လူမှုကွန်ရက်မီဒီယာသုံးစွဲသူ ပြည်သူလူထုအကြား ဝေဖန်မှုမြင့်တက်နေသည်။
လာမည့် မတ်လ(၇)ရက်နေ့မှစတင်၍ လတစ်လ၏ စုံဂဏန်း(၂, ၄, ၆, ၈, ၁၀)ရက်များတွင် စုံဂဏန်းဖြင့်စထားသည့်မော်တော်ယာဥ်နံပါတ်များ မောင်းနှင်ရန်ဖြစ်ပြီး မဂဏန်း မော်တော်ယာဥ်နံပါတ်များအတွက်မူ မဂဏန်းကျသည့်(၁, ၃, ၅, ၇, ၉)ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း စစ်အုပ်စုက သတ်မှတ်ချက် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။
ကြေညာချက်အရ လျှပ်စစ်မော်တော်ယာဥ်(EV) များ၊ အငှားယာဥ်များ၊ ဆောက်လုပ်ရေး၊ ကျန်းမာရေး၊ နာရေး၊ ဆီဘောက်ဆာ၊ စည်ပင်သာယာ၊ ကုန်တင်နှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဥ်များ မှအပ အိမ်သုံး၊ ကိုယ်ပိုင်မော်တော်ယာဥ်များအားလုံး သတ်မှတ်ချက်အတွင်းအကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
“သူတို့အသိုင်းအဝိုင်းပဲ ကွက်ပြီး အဆင်ပြေအောင်ထုတ်ထားတာ။ EV မှာ စုံရော၊မရော ရှိတယ်။ အိမ်မှာတောင် Charging Station တွေလုပ်ထားကြတာ။ အဓိကထိမှာ လူလတ်တန်းစားပဲ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ဝေဖန်ပြောဆိုသည်။
စက်သုံးဆီချွေတာရေး စည်းကမ်းသတ်မှတ်ချက်မှာ အရှေ့အလယ်ပိုင်းဒေသ အီရန်စစ်ပွဲပဋိပက္ခအကြား လောင်စာဆီသယ်ယူရေးလမ်းကြောင်းပိတ်ဆို့ခံရ၍ဖြစ်ကြောင်း စစ်အုပ်စုက ဆိုသည်။
ကရင်ပြည်နယ်၊ ဖားအံမြို့နေ ကိုယ်ပိုင်မော်တော်ယာဥ်ရှိသူတစ်ဦးက “ဖမ်းရင်လည်း ကွေ့ပတ်ပြီးသွားရမှာပဲ၊ စုံလား၊ မလား ကားတွေကတစ်ပုံကြီး။ တကယ်လို့ဖမ်းမယ်ဆိုရင်တောင် ရွှေဖားစည်အိမ်ရာမြေမှာ ကားတွေအများကြီး၊ သူတို့ဝန်ထမ်းကား လိုင်စင်မဲ့သပ်သပ်ပဲ။ အခုလာပြန်ပြီ တစ်တိုင်းတစ်ပြည်လုံးဆို ပြည်သူတွေဘယ်လိုသွားလုပ်မလဲ။” ဟု ကေအိုင်စီသို့ ပြောသည်။
စည်းကမ်းသတ်မှတ်ချက်များကို ဖောက်ဖျက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း စစ်အုပ်စုကကြေညာချက်တွင် ဖော်ပြသည်။ အလားတူ စက်သုံးဆီ ဝယ်ယူစုဆောင်းခြင်းနှင့်ဈေးနှုန်းမြှင့်ရောင်းချခြင်း မလုပ်ရန်လည်း တားမြစ်ထားသည်။
သတိပေးစာထွက်သည့် မတ်လ(၃)ရက်နေ့၊ ညနေပိုင်းမတိုင်ခင်ကတည်းက စတင်၍ ဆီပြတ် လပ်မှုစိုးရိမ်ချက်ကြောင့် ဆီဆိုင်ကြီးများတွင် စက်သုံးဆီ အလှည့်ကျတန်းစီဝယ်ယူစုဆောင်းမှုများ စတင်ခဲ့သည်။ စစ်အုပ်စုကန့်သတ်ချက်နောက်ပိုင်း တစ်ပြည်လုံးအနှံ့ ဆီအလုအယက်ဝယ်ယူစုဆောင်းမှု သိသိသာသာများပြားလာပြီး ဆီဆိုင်အချို့တွင် စက်သုံးဆီပြတ်လပ်သည်အထိ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။



















