Home သတင်း သရက်ချောင်းတွင် သုံးပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၁ ဦး ထိခိုက်သေဆုံးပြီး ၅၀၀ ကျော် စစ်ရှောင်နေရ

သရက်ချောင်းတွင် သုံးပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၁ ဦး ထိခိုက်သေဆုံးပြီး ၅၀၀ ကျော် စစ်ရှောင်နေရ

300
Photo: CJ

မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)နယ်မြေ၊ သရက်ချောင်း(ကစယ်ဒို)မြို့နယ်တွင် သုံးပတ်အတွင်း စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တစ်ဦးသေဆုံး၊ (၁၀)ဦးထိခိုက်၍ (၅၀၀)ကျော် စစ်ဘေးရှောင်နေရကြောင်း ကေအဲန်ယူက ယနေ့(မတ်လ ၄ ရက်)တွင် ထုတ်ပြန်သည်။

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျား၊ မင်းဒပ်၊ ကနက်သီရိ၊ ပြင်းဖြူသား အစရှိသည်ဖြင့် ကျေးရွာ(၇)ရွာတွင် ဖေဖော်ဝါရီ(၁၁)ရက်နေ့မှ (၂၇)ရက်နေ့အတွင်း စစ်အုပ်စု ဂျက်ဖိုက်တာ၊ Y12 လေယာဥ်များဖြင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု (၃၆)ကြိမ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူသေဆုံးထိခိုက်မှုဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူက ဆိုသည်။

သရက်ချောင်းအထက်ပိုင်းရှိဒေသခံအချို့ပြောပြချက်အရ မြို့နယ်အောက်ပိုင်းရှိ ကျေးရွာများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းရက်ကတည်းက စစ်အုပ်စုစစ်ကြောင်းထိုးဝင်လာရာ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလဒုတိယအပတ်တွင် မြိတ်-ထားဝယ်လမ်းမပေါ်ရှိ KNLA ပူးပေါင်းတပ်၏ စစ်အုပ်စု ဝင်းဝစခန်းတိုက်ပွဲနောက်ပိုင်း စစ်ရေးအခြေအနေပိုပြင်းထန်လာပြီး စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှုနေ့စဥ်လိုလို လုပ်ဆောင်ခဲ့သည်။ ထို့အပြင် ရေကြောင်းမှစစ်သင်္ဘောများဖြင့်လည်း လက်နက်ကြီးပစ်ကူပေးနေသည်ဟု တနင်္သာရီတိုင်းအခြေစိုက်သတင်းများမှ ဖော်ပြသည်။

Photo: CJ

ဖေဖော်ဝါရီ(၂၇)ရက်နေ့ကလည်း ဝင်းဝစခန်းသို့စစ်ကူလာသည့် စစ်အုပ်စု ခြေလျင်တပ်ရင်း ခလရ-၄၀၉ တပ်ဖွဲ့ဝင်များက စုံစင်ဖျားကျေးရွာရှိ အမျိုးသမီး(၅)ဦးနှင့်အမျိုးသား(၂)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကေအဲန်ယူ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူများကိုဖမ်းဆီးသတ်ဖြတ်မှုနှင့်အလားတူ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် သရက်ချောင်းမြို့နယ်ရှိ ဒေသခံ(၅၀၀)ထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု ကေအဲန်ယူက ဆိုသည်။

ထို့အတူ အများပြည်သူသွားလာနေသည့် အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်း ရက်ရှည် ပိတ်နေခြင်းနှင့်ဆက်သွယ်ရေးဖြတ်တောက်ခံရခြင်းတို့ကြောင့် လမ်းပန်းချိတ်ဆက်မှုခက်ခဲပြီး ကုန်ဈေးနှုန်းမြင့်တက်၍ စစ်ရှောင်လူထု ရိက္ခာအကူအညီအခက်အခဲရှိနေကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။