Home ဆောင်းပါး စစ်အုပ်စု လက်ခုပ်ထဲက ထွက်လာမယ့် ရုပ်ပြ/ရုပ်သေး အစိုးရဆီကနေ

စစ်အုပ်စု လက်ခုပ်ထဲက ထွက်လာမယ့် ရုပ်ပြ/ရုပ်သေး အစိုးရဆီကနေ

493

စစ်အုပ်စု လက်ခုပ်ထဲက ထွက်လာမယ့် ရုပ်ပြ/ရုပ်သေး အစိုးရဆီကနေ

ဘာတွေ မျှော်လင့်နေကြတာလဲ

မောင်ကျော်စွာ

(၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၁ ရက်)

၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၆၇။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လစာ၊ စရိတ်၊ ငွေကြေး ရသော အခြား မည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုရ။

ဒီ “ပုဒ်မ၆၇” အတိုင်းသာဆိုရင် ကာချုပ်နဲ့သမ္မတကို လူတစ်ယောက်ထဲက တစ်ပြိုင်နက်ထဲ ရယူလုပ်ကိုင်လို့ မရဘူးဆိုတဲ့သဘော ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတသည် တပ်မတော်၏ စစ်သေနာပတိချုပ်ဖြစ်တယ်လို့လည်း စစ်အုပ်စု မထည့်ဝံ့ဘူး။

ဘာကြောင့်လဲ အာဏာအားလုံးဟာ ကာချုပ် (ဝါ) စစ်အုပ်စုထိပ်သီးလက်ထဲမှာပဲ ရှိနေလို့ဖြစ်ပါတယ်။

သို့သော်လည်း “ဥပဒေစကား” တဖောင်ဖောင်ပြောနေတဲ့ မင်းအောင်လှိုင်တို့ စစ်အုပ်စုအတွက် ဒီပြဋ္ဌာန်းချက် က “သမ္မတ” လုပ်ချင်တဲ့ မင်းအောင်လှိုင်အတွက် အတားအဆီးတစ်ခုသဖွယ် ဖြစ်နေတာတော့ အမှန်ပါပဲ။

ကြောင်းကျိုးဆီလျော်မှု ရှိ/မရှိ၊ ဥပဒေနဲ့ ညီ/မညီ၊ လူ့ကျင့်ဝတ်နဲ့ ကိုက်/မကိုက် ဆင်ခြင်စဉ်စားခြင်းမရှိဘဲ “မလုပ်ရဲတာ ဘာမှမရှိ”တဲ့။ ရွေးကောက်ပွဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်မဲပြဿနာလေးကိုပင် “မဲ မသမာမှု” လို့ လုပ်ကြံအကျယ်ချဲ့ပြီး အာဏာသိမ်းပိုက်ခဲ့တဲ့ မင်းအောင်လှိုင်အတွက် “ပုဒ်မ ၆၇” ဟာ စာဖွဲ့စရာ မဟုတ်ဘူးလို့ ထင်ပါ တယ်။

၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၄၁၈ ပုဒ်မခွဲ (ခ)ထဲမှာပါတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိ စေကာမူ” ဆိုတဲ့ စကားစုကိုသုံးပြီး ငှက်ပျောသီးအခွံနွှာစားသလို ကျော်လွှားသွားလိမ့်မယ်လို့ ထင်ပါတယ်။ အခြေခံ ဥပဒေနဲ့ အခြားတည်ဆဲဥပဒေမှန်သမျှဟာ စစ်အုပ်စုက လိုရင်လိုသလို၊ မလိုရင်မလိုသလို အချိန်မရွေး သွန်နိုင်မှောက် နိုင်တဲ့ စစ်အုပ်စုလက်ခုပ်ထဲက ရေပဲ မဟုတ်ပါလား။

ကျနော်တို့ သတိပြုကြရမှာက ၁၉၆၂ခုနှစ်ကနေ မျက်မှောက်ကာလအထိ သမိုင်းလက်တွေ့ထဲမှာ ဗိုလ်နေဝင်း စစ်အုပ်စုဟာ (မဆလ)တစ်ပါတီအာဏာရှင်စနစ်ကို “၁၉၇၄အခြေခံဥပဒေ”ဆိုတာ စိတ်ကြိုက်ရေးဆွဲပြဋ္ဌာန်းပြီး အုပ်စိုးခဲ့ဖူးတယ်။

မျက်မှောက်ကာလမှာလည်း ဗိုလ်သန်းရွှေ စစ်အုပ်စုရဲ့ အာဏာအမွေခံ မင်းအောင်လှိုင် စစ်အုပ်စုဟာ “စစ်မှန် ၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” ဆိုတာကို “၂၀၀၈အခြေခံဥပဒေ”နဲ့ အုပ်စိုးနေတာပဲ မဟုတ်ပါလား။

ကျနော်တို့ဟာ ၁၉၆၂ခုနှစ်ကနေ မျက်မှောက်ကာလ (၂၀၂၆ခုနှစ်အထိ) နှစ်ပေါင်း ၆၄နှစ်တာ ကာလအတွင်းမှာ စစ်အုပ်စုက စိတ်ကြိုက် ဗိုလ်ကျကြိုးကိုင် ဖန်တီးထားတဲ့ အခြေခံဥပဒေ ၂ ခုနဲ့ “တစ်ပါတီစနစ်နဲ့ ပါတီစုံစနစ်” ဆိုတာကို လက်တွေ့ရင်ဆိုင် ကြုံတွေ့နေရတာဖြစ်ပါတယ်။

ပိုပြီး ရယ်စရာကောင်းတာက စစ်အုပ်စုဟာ “ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး” ဆိုပြီး ခွဲခြားပြောနေတဲ့ ကိစ္စပါပဲ။ ၁၉၆၂ခုနှစ်ကနေ မျက်မှောက်ကာလ (၂၀၂၆ ခုနှစ်အထိ) နှစ်ပေါင်း ၆၄နှစ်တာ သမိုင်းဖြတ်သန်းမှု ဆိုတာထဲ မှာ “ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး”ဆိုပြီးခွဲခြားပြောနေတာ ဘယ်လောက်များ ရယ်စရာကောင်းပါသလဲ။

အမှန်တော့ ဒီလိုသရုပ်ဖျက်လုပ်ကြံ ခွဲခြားပြောဆိုနေတာရဲ့ တကယ့်အနှစ်သာရက စစ်အုပ်စုဟာ “တပ်မ တော်”ကို ခါးပိုက်ဆောင်တပ်သဖွယ်၊ တစ်လက်ကိုင်တပ်သဖွယ် ကုပ်ခွစီးထားပြီး တစ်တိုင်းတစ်ပြည်လုံးရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဘက်ပေါင်းစုံကို ဗိုလ်ကျလွှမ်းမိုးခြယ်လှယ်ထားတဲ့ “စစ်အုပ်စု အုပ်စိုးမှု” နဲ့ “စစ်အုပ်စု နိုင်ငံရေး” ဆိုတဲ့အ ချက်ကို အချည်းအနှီး ဖုံးကွယ်လိမ်ညာဖို့ ကြိုးစားနေတဲ့ အပြောအဆိုနဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

၁၉၇၄ အခြေခံဥပဒေနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အုပ်စိုးမှုဟာ စစ်အုပ်စုက ဗိုလ်ကျ လွှမ်းမိုး ချုပ်ကိုင်ထားတဲ့ “တစ်ပါတီနိုင်ငံရေး” မဟုတ်ပါလား။ စစ်အုပ်စုဟာ “တစ်ပါတီနိုင်ငံရေး” ၁၉၈၈ ခုနှစ်အထိ လုပ်ခဲ့ တယ် မဟုတ်ပါလား။

အခုလည်း ၂၀၀၈ အခြေခံဥပဒေနဲ့ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” ဆိုတဲ့ စစ်အုပ်စု က စိတ်ကြိုက်လွှမ်းမိုး ဗိုလ်ကျချုပ်ကိုင်ထားတဲ့ ဘုရားစူး “ပါတီစုံ”စနစ်နဲ့ လှည့်ဖြားအုပ်စိုးနေပြန်တယ် မဟုတ်ပါ လား။ “တစ်ပါတီ”ပဲပြောပြော၊ “ပါတီစုံ”ပဲ အော်အော် အနှစ်သာရအရ အုပ်စိုးမှုဟာ စစ်အုပ်စု အုပ်စိုးမှုပဲ ဖြစ်ပါတယ်။ “စည်းကမ်းပြည့်ဝသော ပါတီစုံ”ကို စစ်အုပ်စုက အသက်သွင်းခဲ့တာ ၂၀၁၀ပြည့်နှစ်၊ မေလ (၇)ရက်ကနေစပြီး အကြမ်း ဖျင်း ရေတွက်ကြည့်ရင် “၁၆နှစ်” ရှိပြီပေါ့။

အခြေခံဥပဒေရဲ့အထက်မှာ အမြဲရှိနေတာ စစ်အုပ်စုပဲ။

တပ်မတော်ကို ကုပ်ခွစီးပြီး ခါးပိုက်ဆောင်တပ်/ တစ်လက်ကိုင်တပ်အဖြစ် ချုပ်ကိုင်စေစားနေတာ စစ်အုပ်စု ပဲ။ ဒီအချက်ကို တပ်တွင်းတပ်ပြင်မှာ ဖုံးကွယ်လှည့်စားထားနိုင်ဖို့ စစ်အုပ်စုဟာ “ပါတီနိုင်ငံရေးနဲ့ အမျိုးသား နိုင်ငံရေး” တို့ “ဒို့တာဝန် အရေး ၃ပါး” တို့ဆိုတာတွေကို လိုသလို အဓိပ္ပာယ်ဖွင့်ဆိုနေတာသာ ဖြစ်ပါတယ်။

“စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ဦးတည်ချက်ထားပြီး တိုက်ပွဲဝင်နေကြသူတိုင်း ဝေဝါးမသွားဘဲ မြဲမြဲမြံမြံ သတိပြုထားရမယ့်တဲ့အချက်တွေက

– (၁၉၄၈ခုနှစ်ကနေ မျက်မှောက်ကာလအထိ) ပြည်တွင်းစစ်ထဲမှာ စစ်အုပ်စုဟာ အကောင်ပေါက်လာတယ်၊ အစွယ် ထွက်လာတယ်။ နိုင်ငံရေးစင်မြင့် အာဏာစင်မြင့်ပေါ် တက်လာတယ်။ ပြည်တွင်းစစ်ကို စစ်အုပ်စုသားစဉ်မြေးဆက် အာဏာတည်တံ့ခိုင်မြဲရေး ရေခံမြေခံအဖြစ် မွေးမြူ ထိန်းသိမ်းထားတယ်။

– ၁၉၄၇ အခြေခံဥပဒေကို ဖျက်သိမ်းပြီးနဲ့ ပါလီမန်ဒီမိုကရေစီစနစ် (ပါတီစုံဒီမိုကရေစီစနစ်)ကို ကုပ်ချိုးပစ်ခဲ့တာ စစ်အုပ်စု ဖြစ်တယ်။

– တစ်ပါတီဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့ “၁၉၇၄ အခြေခံဥပဒေ” နဲ့ ပါတီစုံဖွဲ့စည်းပုံအခြေခံဥပဒေလို့ ဆိုနေတဲ့ “၂၀၀၈ အခြေခံဥပဒေ” တို့ကို စိတ်ကြိုက်ရေးဆွဲပြီး အဓမ္မပြဋ္ဌာန်းခဲ့သူဟာ စစ်အုပ်စုပဲ ဖြစ်တယ်။

– ပါလီမန်ဒီမိုကရစီစနစ် (ဝါ) လွတ်လပ်စ မြန်မာပြည်ရဲ့ ပါတီစုံစနစ်ကို ကုပ်ချိုးခဲ့တဲ့ စစ်အုပ်စုရဲ့ အာဏာအမွေခံ သန်းရွှေစစ်အုပ်စုက“စည်းကမ်းပြည့်ဝသောပါတီစုံ” ဆိုတာကို စိတ်ကြိုက်ခြယ်လှယ် အသက်သွင်းခဲ့တာဖြစ်တယ်။ မင်းအောင်လှိုင်စစ်အုပ်စုက အသက်ဆက်နေတာ ဖြစ်တယ်။

– ဖက်ဒရယ်ဟာ ခွဲထွက်ရေးလို့ သရုပ်ဖျက်အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုက ဒီနေ့မျက်မှောက်ကာလမှာ “ဒေသကို အခြေခံ သောဖက်ဒရယ်စနစ်” ဆိုတာကို အာဘောင်အာရင်းသန်သန်နဲ့ အော်ဟစ်နေတယ်။

– ၁၉၆၂ ခုနှစ်ကနေ မျက်မှောက်ကာလအထိ ဗိုလ်ကျလွှမ်းမိုးအုပ်စိုးနေတဲ့ စစ်အုပ်စုအဆက်ဆက်ဟာ ၁၉၇၄ အခြေခံ ဥပဒေနဲ့ “ပြည်နယ်နဲ့တိုင်းတွေ” ဖွဲ့ပေးခဲ့တယ်။ ထို့အတူ ၂၀၀၈ အခြေခံဥပဒေနဲ့လည်း “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဒေသ”တွေ ဖွဲ့ပေးထားပြန်ပါတယ်။ “ပြည်နယ်/တိုင်းတွေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဒေသတွေ” ဆိုတာကို စစ်အုပ်စုကပဲ ပေးသနား ဖွဲ့စည်းပေးထားတာ ဖြစ်တယ်။

ကြောင်းကျိုးဆီလျော်မှု ရှိ/မရှိ၊ ဥပဒေနဲ့ ညီ/မညီ၊ လူ့ကျင့်ဝတ်နဲ့ကိုက်/မကိုက် ဆင်ခြင်စဉ်စားခြင်းမရှိဘဲ “မလုပ်ရဲတာ ဘာမှမရှိ”ဆိုတဲ့ လော့ဂျစ်ကို မိုက်မိုက်ကန်းကန်း ကိုင်စွဲထားတဲ့ လက်ရှိ မင်းအောင်လှိုင် စစ်အုပ်စုဟာ ဘာမဆို ဆက်လုပ်နေမှာပါပဲ။ သမ္မတနဲ့ ကာချုပ်တာဝန်ကို တစ်ပြိုင်နက်ထဲယူနိုင်အောင်လည်း လုပ်ချင်လုပ်မှာပါပဲ။ တိုင်းရင်းသားလူမျိုးစုတချို့ကို လှည့်စားဖို့ ၂၀၀၈ အခြေခံဥပဒေထဲက “ပုဒ်မ ၂၆၁”ပါ ပြဋ္ဌာန်းချက်တွေကို လိုသလို ပြင်ချင်ပြင်မှာပါပဲ။ အားလုံးဟာ မင်းအောင်လှိုင် စစ်အုပ်စုလက်ထဲက အရာတွေပါပဲ။

ပုဒ်မ ၂၆၁ ပါ ပြဋ္ဌာန်းချက်တချို့ကို ပြင်ဆင်ပေးရုံနဲ့ သယံဇာတတချို့ စီမံခွင့်ပေးတယ်ဆိုရုံနဲ့ ၂၀၀၈ အခြေခံ ဥပဒေဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တကယ်ဖြစ်လာမှာလား။ တချို့က ငါတို့ပြည်နယ်မှာ “မြေရှား (Rare Earth) လို မဟာဗျူဟာဓာတ်သတ္တုရှိတယ်” ဆိုတဲ့အချက်နဲ့ အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံက မျက်နှာသာပေးလိမ့်မယ် လို့ တွက်ကိန်းထုတ်ကြတယ်။ “မြေရှား (Rare Earth) နဲ့ စစ်အုပ်စုကို အကျပ်ကိုင်နိုင်မယ်လို့ ထင်ဟန်ရှိကြပါတယ်။ ဒီလို “မဟာဗျူဟာဓာတ်သတ္တု” သို့မဟုတ် တစ်ခုလုံးအတွက် မဟာဗျူဟာ အချက်အခြာကျတဲ့ ပထဝီဒေသတွေကို ဘယ်လို ဖက်ဒရယ်နိုင်ငံမှာပဲ ဖြစ်ပါစေ “ဗဟိုကပဲ ချုပ်ကိုင်ထားတယ်” ဆိုတဲ့အချက်ကို အတော်အတန် လေ့လာတီး ခေါက်မိသူတိုင်း သိကြပါတယ်။

စစ်အုပ်စုက စိတ်ကြိုက်ရေးထားတဲ့ “၂၀၀၈ အခြေခံဥပဒေ” ဆိုတာ အာဏာကို အပေါ်ယံဟန်ပြပဲ “ဥပဒေပြု ရေး – တရားစီးရင်ရေး – အုပ်ချုပ်ရေး” ဆိုပြီး ခွဲထားတာပါ။ တကယ့်အာဏာက ကာချုပ်ဆိုတဲ့ စစ်အုပ်စု ထိပ်သီး (လက်ရှိဆိုရင် မင်းအောင်လှိုင်) လက်ထဲမှာပဲရှိတာပါ။ တခြားဘယ်သူ့ဆီမှာမှ မရှိပါဘူး။ တခြား ဘယ်သူ့မှလည်း (ခေတ္တဖြစ်စေ – ယာယီဖြစ်စေ) လွှဲအပ်မထားပါဘူး။

ဒါကြောင့် မင်းအောင်လှိုင်စိတ်ကြိုက် ရွေးကောက်ပွဲရလဒ် ဖော်ဆောင်ပေးခဲ့တဲ့ ၃ပိုင်းဖြတ် အထွေထွေရွေး ကောက်ပွဲကနေပေါ်ထွက်လာမယ့် “အစိုးရ” ဆိုတာ ဘယ်လိုအစိုးရလဲလို့ အကဲဖြတ် မှတ်ချက်ပေးစရာ လိုမယ် မထင် ပါဘူး။ ကြီးကြီးကျယ်ကျယ်၊ လေးလေးနက်နက်တွေလည်း ခွဲခြမ်းစိတ်ဖြာ သုံးသပ်နေဖို့မလိုဘူးလို့ ထင်ပါတယ်။

အဲဒီတော့ မင်းအောင်လှိုင် စစ်အုပ်စု လက်ခုပ်ထဲကနေ ပေါ်လာတော့မယ့် ရုပ်ပြ/ရုပ်သေး အစိုးရဆီကနေ ဘာ တွေ မျှော်လင့်နေကြအုံးမှာလဲ။
တွဲဖက်စဉ်းစားရမယ့်အချက်က ပြီးခဲ့တဲ့ (၃-၂-၂၀၂၆) ရက်နေ့က မင်းအောင်လှိုင်လက်မှတ်ထိုးပြီး ပြဋ္ဌာန်းခဲ့တဲ့ “ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဥပဒေ”ပဲ ဖြစ်ပါတယ်။