ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များနှင့် ဆက်နွယ်မှု စွပ်စွဲချက်ဖြင့် တာ့ခ်ခရိုင်ကိုယ်စားပြု၊ နိုင်ငံရေးပါတီတစ်ခုက အမတ်ဖြစ်သူ မစ္စတာ Ratchapong ကို ထိုင်းရဲတပ်ဖွဲ့မှ ယမန်နေ့တွင် ဘန်ကောက်မြို့၌ ဖမ်းဆီးလိုက်သည်ဟု ထိုင်းသတင်းများတွင် ရေးသားကြသည်။
အသက် ၃၂ နှစ်အရွယ် တာ့ခ်ခရိုင်ကိုယ်စားပြုအမတ် “Pond” အမည်ရ မစ္စတာ Ratchapong သည် လောင်းကစားအစီအစဥ်များကို ပူးတွဲစီစဥ်ခြင်း၊၊ မက်လုံးပေးခြင်းစသည့် ကိစ္စရပ်များတွင် အာဏာပိုင်များ၏ ခွင့်ပြုချက်မရှိဘဲ အီလက်ထရွန်နစ်မီဒီယာ အသုံးပြုပြီးတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်ခဲ့သည်ဟုဆိုပြီး ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မစ္စတာ Ratchapong သည် မဲဆောက်၊ မယ့်ရမတ်၊ ထဆောင်ယန်းနှင့် အုန်းဖန်မြို့နယ် ကိုယ်စားပြု People’s Party ၏ အမတ်ဖြစ်သည်။ ယမန်နှစ်တွင် မဲဆောက်မြို့ရှိ အထောက်အထားမဲ့ ရွှေ့ပြောင်း မြန်မာများနှင့် ဆမ်လော့သုံးဘီးယာဥ်များ၊ လျှပ်စစ်စက်ဘီးကိစ္စနှင့် မဲဆောက်လေယာဥ်လက်မှတ် ဈေးမြင့်တက်သော ကိစ္စများကို ကိုင်တွယ်ခဲ့သူဖြစ်သည်။
လာမည့်ရွေးကောက်ပွဲအတွက် မစ္စတာ Ratchapong သည် တာ့ခ်ခရိုင်ဒေသန္တရ၏ မဲဆန္ဒနယ်မြေအတွက် ပါလီမန် ကိုယ်စားပြုကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။ အွန်လိုင်းလောင်းကစားများတွင် ပါဝင်မှုမှတဆင့် ငွေကြေးခဝါချမှုကဲ့သို့ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်နိုင်မည့် အခြေအနေတွေရှိကြောင်းဆိုပြီး ရဲတပ်ဖွဲ့က သံသယရှိသည်ဟု ဆိုသည်။
တရားမဝင်လုပ်ကိုင်နေသော အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်များနှင့် ဆက်စပ်ပြီး ပါဝင်နေသော အခြေ အနေကို ရဲတပ်ဖွဲ့မှ စုံစမ်းထောက်လှမ်းနေခဲ့ပြီး ဖမ်းဆီးမှုမပြုလုပ်ခင် ယင်းအမတ်နှင့်ကွန်ရက်ကို အထူးစောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုင်းနိုင်ငံ၏ နည်းပညာဆိုင်ရာ မှုခင်းများနှိမ်နှင်းရေးဗျူရိုက ယခုဖမ်းဆီးမှုကိစ္စနှင့်ပတ်သက်၍ ယနေ့ညနေ ၃ နာရီတွင် သတင်းစာရှင်းလင်းပွဲလုပ်မည်ဟုလည်း ထိုင်းမီဒီယာများက ထုတ်ပြန်သည်။



















